မြန်မာနိုင်ငံနဲ့ ဆင်တူတဲ့ နောက်ခံအခြေအနေ ဖြစ်ပေါ်နေတဲ့ အာဖရိကဦးချိုဒေသက နိုင်ငံ
မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၁၁ မြင်ကွင်း
(မိုးမခ) ၊ အောက်တိုဘာ ၁၂ ၊ ၂၀၂၆
မြန်မာနိုင်ငံနဲ့ ဆင်တူတဲ့ နောက်ခံအခြေအနေ ဖြစ်ပေါ်နေတဲ့ အာဖရိကဦးချိုဒေသက နိုင်ငံ
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ အဖြစ်အပျက်တွေ မဖြစ်ပျက်မီ လပိုင်းအလို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ အီသီယိုပီးယားနိုင်ငံမှာ အစိုးရတပ်နဲ့ အင်အားကောင်းပြီး စစ်တိုက်တဲ့ အတွေ့အကြုံများတဲ့ Tigray People’s Liberation Front လူမျိုးစု လက်နက်ကိုင်တပ်တို့အကြား ပြင်းထန်တဲ့ စစ်ပွဲတွေ ပြန်ဖြစ်ပွားလာခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိထားတဲ့ အီသီယိုးပီးယား ဝန်ကြီးချုပ်ဖြစ်သူ အာဘီအာမက်က ရန်သူတွေကို သွေးအိုင်ထဲ နစ်စေမယ် ဆိုတဲ့ ကြုံးဝါးသံနဲ့အတူ TPLF တပ်တွေနဲ့ အီသီယိုးပီးယား အစိုးရတပ်တွေ အပြင်းအထန် စစ်ပွဲဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။
အီသီယိုးပီးယား ဝန်ကြီးချုပ် အာဘီအာမက်ဟာ ၂၀၁၈ ခုနှစ်မှာ လွှတ်တော်မှာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး အီသီယိုးပီးယား ပြည်တွင်း ပေါ်လစီအချို့ကို ပြင်ဆင်တာ၊ အိမ်နီးချင်း အီရီထရီးယားနိုင်ငံနဲ့ ဖြစ်ပွားနေတဲ့ ၁၈ နှစ်ကြာ စစ်ပွဲကို စစ်ပြေငြိမ်းအောင် လုပ်ဆောင်ခဲ့တာတွေကြောင့် ၂၀၁၉ ခုနှစ်မှာ နော်ဝေနိုင်ငံ အခြေစိုက် နိုဘယ်ဆုကော်မတီက ၂၀၁၉ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို အီသီယိုးပီးယား ဝန်ကြီးချုပ်ဖြစ်သူ အာဘီအာမက်ကို ချီးမြှင့်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာ ဝန်ကြီးချုပ် ဖြစ်လာတဲ့ ထိုစဥ်က အသက် ၄၂ နှစ်အရွယ် အာဘီအာမက်ဟာ အီသီယိုးပီးယား စစ်တပ်မှာလည်း စစ်မှုထမ်းဖူးပြီး ဒုဗိုလ်မှူးကြီး အဆင့်ထိ တာဝန်ထမ်းဆောင်ဖူးသလို စစ်မှုထမ်းပြီးနောက်ပိုင်း ပညာရေးမှာ MBA မဟာဘွဲ့၊ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ အကြောင်းအရာနဲ့ ပါရဂူ Ph.D ဘွဲ့တွေကို ရရှိခဲ့သူ ဖြစ်ပါတယ်။
၂၀၁၈ ဝန်ကြီးချုပ် ဖြစ်လာပြီးနောက် အီသီယိုးပီးယားနိုင်ငံမှာ သဘောထားကွဲလွဲသူတွေ၊ အစိုးရနဲ့ သဘောထားကွဲလွဲမှုကြောင့် ပြည်ပမှာ ရောက်နေသူတွေ ပြန်လာနိုင်ဖို့ လမ်းဖွင့်ပေးခဲ့သလို၊ သတင်းမီဒီယာ လွတ်လပ်ခွင့် အတိုင်းအတာတခုထိ ပေးခဲ့တာ၊ အိမ်နီးချင်းနိုင်ငံ အီရီထရီးယားနဲ့ ဖြစ်တဲ့စစ်ပွဲကို အဆုံးသတ်ကာ ငြိမ်းချမ်းရေး ယူနိုင်ခဲ့တာတွေက အချိန်တိုကာလအတွင်း အနောက်နိုင်ငံတွေရဲ့ အားပေးမှုနဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုကို ရစေတဲ့အနေအထား ဖြစ်လာခဲ့တာပါ။
သို့ပေမဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ အီသီယိုးပီးယားနိုင်ငံ အရှေ့မြောက်ဘက် အိမ်နီးချင်း အီရီထရီးယားနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ တီဂရေးဒေသက TPLF နဲ့ ပြည်တွင်းစစ်ပွဲကို အပြင်းအထန် ဆင်နွှဲခဲ့တာကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးအပ်ခဲ့တဲ့ အဖွဲ့အစည်းတွေအဖို့ မျက်နှာပျက်စရာ ဖြစ်ရတဲ့အနေအထားမျိုး ရောက်ခဲ့ရတာပါ။
ဝန်ကြီးချုပ် အာဘီအာမက်ဟာ ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းကနေ ၂၀၂၂ ခုနှစ် အပစ်ရပ် သဘောတူညီမှု လက်မှတ်ထိုးတဲ့ကာလအထိ နှစ်နှစ်ဝန်းကျင် TPLF နဲ့ ဖြစ်ပွားတဲ့ ပြည်တွင်းစစ်မှာ အစိုးရစစ်တပ်နဲ့အတူ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်အမိန့်ပေး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အီသီယိုးပီးယားနိုင်ငံဟာ လူမျိုးစုပေါင်း ၁၀၀ ကျော် ရှိပြီး လူမျိုးစုအခွင့်အရေး တန်းတူညီမျှမှုအတွက် လက်နက်ကိုင်အဖွဲ့တွေ အများအပြားရှိကြတဲ့ နောက်ခံအခြေအနေမှာ မြန်မာနိုင်ငံနဲ့ အတော်လေး ဆင်တူတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အစိုးရကို လက်နက်နဲ့ ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ အဖွဲ့တွေ အထဲမှာ TPLF အဖွဲ့က အင်အားအကောင်းဆုံး၊ စစ်ရေးအတွေ့အကြုံ အရှိဆုံးနဲ့ တချိန်က အစိုးရအဖွဲ့ထဲမှာ ပါဝင်ခဲ့ပြီး အာဏာဝေစုကိုလည်း များများစားစားရခဲ့တဲ့ အဖွဲ့လို့ ဆိုနိုင်ပါတယ်။
၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်အတွင်း FANO လို့ အတိုကောက် အမည်ပေးထားတဲ့ Amhara Militias လူမျိုးစု လက်နက်ကိုင်အဖွဲ့လိုမျိုးက အစိုးရတပ်ဘက်ကနေ TPLF ကို ဝင်ရောက်တိုက်ခိုက်ပေးခဲ့ကြပါတယ်။
၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းက စတင်ဖြစ်ပွားတဲ့ ပြည်တွင်းစစ်အစောပိုင်းမှာ TPLF တပ်တွေဟာ စစ်မြေပြင်မှာ အောင်မြင်မှုတွေ လျင်မြန်စွာ ရခဲ့ပြီး အာဘီအာမက် ဦးဆောင်တဲ့ အစိုးရရဲ့ ရုံးစိုက်ရာ မြို့တော် အဒစ်စ်အာဘာဘာကို သိမ်းယူဖို့ ဦးတည်ချီတက်လာတဲ့ အနေအထားမျိုးထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ TPLF တပ်တွေဟာ မြို့တော်နဲ့ ကီလိုမီတာ ၂၀၀ ကနေ အနီးဆုံးနေရာတွေမှာ ကီလိုမီတာ ၁၄၀ လောက်ထိ ရောက်ရှိ သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ပြည်တွင်းစစ်ကာလက အစိုးရတပ်တွေဘက်က ပူးပေါင်းတိုက်ခိုက်ပေးခဲ့ကြတဲ့ FANO လို လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ အပါအဝင် အခြား ၆ ဖွဲ့ဟာ မကြာသေးတဲ့ သီတင်းပတ်တွေမှာ TPLF နဲ့ မဟာမိတ်ဖွဲ့လိုက်ပြီး 7 armed groups alliance ဖွဲ့စည်းကာ ဝန်ကြီးချုပ် အာဘီအာမက် ဦးဆောင်တဲ့ အီသီယိုးပီးယားအစိုးရကို ဖြုတ်ချဖို့ သဘောတူလိုက်ကြတဲ့ အကြောင်း မကြာသေးတဲ့ သီတင်းပတ်တွေက သတင်းတွေ ပေါ်ထွက်လာကာ အစိုးရတပ်နဲ့ လက်နက်ကိုင် မဟာမိတ် ၇ ဖွဲ့တို့အကြား ပြင်းထန်တဲ့ ပြည်တွင်းစစ်ပွဲတခု ဖြစ်ပေါ်လာတော့မဲ့ အနေအထားမျိုး ဖြစ်လာပါတယ်။
၂၀၂၂ ခုနှစ် အပစ်ရပ် သဘောတူညီခဲ့ကြပြီးနောက် ၄ နှစ်နီးပါးအကြာမှာ တကျော့ပြန် ပြန်လည်ဖြစ်ပွားလာမဲ့ အီသီယိုးပီးယား ပြည်တွင်းစစ်ဟာ အခုတကြိမ်မှာတော့ ပြည်တွင်းက အင်အားစုတွေချည်း ပါဝင်ပတ်သက်ကြတာမျိုး မဟုတ်တော့ဘဲ ဒေသတွင်းနိုင်ငံ အိမ်နီးချင်းနိုင်ငံ ယခင် ဆယ်စုနှစ်ကြာ တနိုင်ငံနဲ့ တနိုင်ငံ စစ်ဖြစ်ခဲ့ကြတဲ့ အီရီထရီးယားလို နိုင်ငံတွေ ပါဝင်လာကြမဲ့ လက္ခဏာတွေလည်း တွေ့မြင်နေရတာပါ။
အာဘီအာမက် ဦးဆောင်တဲ့ အီသီယိုးပီးယား အစိုးရဟာ ပင်လယ်နီဒေသကို ပင်လယ် ထွက်ပေါက်ရှာဖို့ ရည်ရွယ်ချက်တွေကလည်း ခုနှစ်ပိုင်းတွေမှာ ပိုမိုထင်ရှားလာနေပြီး ပင်လယ်နီပေါ် မေးတင်ထားတဲ့ နိုင်ငံဖြစ်တဲ့ အီရီထရီးယားနဲ့ စစ်ဖြစ်လာခဲ့ရင် ပင်လယ်ထွက်ပေါက်ရစေဖို့က စစ်ပွဲ ဆင်နွှဲရခြင်းရဲ့ အကြောင်းရင်း တခုဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
အီသီယိုးပီးယားနဲ့ အိမ်နီးချင်း ဆိုမာလီနိုင်ငံရဲ့ မြောက်ဘက် ကိုယ်ပိုင်လွတ်လပ်ရေး ကြေညာထားတဲ့ ဆိုမာလီလန်းဒေသကို အသုံးပြုပြီး အီသီယိုးပီးယားနိုင်ငံရဲ့ ပင်လယ်ဆိပ်ကမ်းအဖြစ် အသုံးပြုမလား။ လတ်တလော ကမ္ဘာ့ပထဝီနိုင်ငံရေးမှာ ကမ္ဘာ့ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းပေါ်က အကျဥ်းဆုံးနေရာတွေထဲက တခုဖြစ်တဲ့ ယီမင်နိုင်ငံနဲ့ မျက်နှာချင်းဆိုင်ထားတဲ့ ရေလက်ကြား တဖက်က ဂျီဘူတီဒေသတို့လို နေရာတွေက ကမ္ဘာမှာ အရေးပါလာချိန် အဆိုပါ အာဖရိကဦးချိုမှာ ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်နေတဲ့ အီသီယိုးပီးယားအဖို့ ဒေသတွင်း နိုင်ငံအချို့နဲ့ မဟာမိတ်ဖွဲ့တာ ရန်ဘက် ဖြစ်တာတွေ ဖြစ်ပေါ်လာစရာ ရှိနေတာလည်း ဖြစ်ပါတယ်။
အီသီယိုးပီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံ လက်ရှိ ရင်ဆိုင်နေရတဲ့ ပြည်တွင်းစစ် အနေအထားတို့ဟာ အားလုံး ထပ်တူမတူညီပေမဲ့ လူမျိုးစု အရေးအပေါ် အခြေခံတဲ့ ပြည်တွင်းစစ်၊ တွေ့ဆုံဆွေးနွေးရေးထက် လက်နက်ကိုင်တိုက်ပွဲတွေနဲ့ အဖြေရှာကြဖို့ ပိုပြီး စိတ်အားထက်သန်ကြတဲ့ အခြေအနေတွေမှာ တူညီနေကြတာ ဖြစ်ပါတယ်။ အီသီယိုးပီးယားနိုင်ငံဟာ လူဦးရေအားဖြင့် သန်း ၁၄၀ ကျော်ရှိပြီး ၂၀၁၈ ခုနှစ် နောက်ပိုင်း ပြည်ပစီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့်လာခဲ့တာ၊ တရုတ်နိုင်ငံက အီသီယိုးပီးယားရဲ့ အခြေခံအဆောက်အဦ လမ်းတွေ တံတားတွေ နှစ်ရှည် ချေးငွေနဲ့ ဆောက်လုပ်ပေးပြီး အီသီယိုးပီးယား အစိုးရက တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်ဖို့ အထူးစီးပွားရေး ဇုန်တွေအတွက် မြေယာတွေ အခမဲ့နီးပါး ငှားရမ်းပေးတာတွေ ရှိခဲ့တာဖြစ်ပါတယ်။ တချိန်က အီသီယိုးပီးယားလို့ ဆိုလိုက်ရင် ကမ္ဘာမှာ အငတ်ဘေး ကျရောက်တဲ့ အာဖရိက နိုင်ငံတနိုင်ငံ၊ နိုင်ငံရဲ့ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးတွေ ခေတ်နောက်ကျလွန်းလို့ မိုင်ဆယ်ချီ ကွာဝေးတဲ့ ကျောင်းတက်နိုင်ဖို့ နေအိမ်နဲ့ ကျောင်းရှိတဲ့နေရာကို အပြေးသွားတက်ခဲ့ရတဲ့သူက တချိန်မှာ ကမ္ဘာ့မာရသွန် အပြေးချန်ပီယံ ဖြစ်လာခဲ့တဲ့ နောက်ခံအဖြစ်အပျက်တွေ ကြားဖူးခဲ့ကြတာ ဖြစ်ပါတယ်။
ပြည်တွင်းစစ်၊ လူမျိုးစုအခွင့်အရေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ဖက်ဒရယ်အခွင့်အရေး ပြဿနာ၊ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားနဲ့ နောက်ကွယ်မှာ ပါဝင်ပတ်သက်နေမှုတွေက အီသီယိုးပီးယားနိုင်ငံကို တကျော့ပြန်ဖြစ်ပွားလာမဲ့ ပြည်တွင်းစစ် တံခါးဝကို တွန်းပို့ထားတဲ့ အနေအထားလို့ လတ်တလော အခြေအနေကို အနှစ်ချုပ် ပြောဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံဟာလည်း လူမျိုးစု အရေအတွက် ၁၀၀ ကျော်ရှိတာ၊ လွတ်လပ်ရေးရပြီးနောက် ဆယ်စုနှစ် ၇ ခုကျော် ၈ ခုနီးပါးကာလအတွင်း လက်နက်ကိုင် အဖွဲ့အစည်းများစွာ ထွက်ပေါ်လာခဲ့ပြီး ပြည်တွင်းစစ်ကို အရပ်အနားမရှိ ဆင်နွှဲခဲ့ကြပြီး ၁၉၄၉ ခုနှစ်မှ ၁၉၅၂ ခုနှစ်ဝန်းကျင် အထိ တကြိမ် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပွားတဲ့ ပြည်တွင်းစစ် တကြိမ်ဖြစ်ပွားခဲ့ပြီး နှစ် ၇၀ ကျော် အကြာ ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှ စကာ ဒုတိယအကြိမ် တနိုင်ငံလုံးအတိုင်းအတာ နဲ့ ပြည်တွင်းစစ်ထဲ ကျရောက်သက်ဆင်းခဲ့တာ ဖြစ်ပါတယ်။
အာဖရိကတိုက် ဦးချိုဒေသလို့ ခေါ်တဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ နီးကပ်စွာတည်ရှိတဲ့ ဒေသက လူမျိုးစုတွေနဲ့ ဖွဲ့စည်းထားတဲ့ အီသီယိုပီးယားနိုင်ငံရဲ့ ကံကြမ္မာနဲ့ အရှေ့တောင်အာရှ ပထဝီနိုင်ငံရေးအရ အင်အားကြီး ၂ နိုင်ငံအကြားတည်ရှိပြီး နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းနိုင်ခဲ့တဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းရှိတဲ့ မြန်မာနိုင်ငံတို့ရဲ့ ကံကြမ္မာကို တူညီတာတွေ မတူညီတာတွေ နှိုင်းယှဥ်ကြည့်မိတဲ့သဘော ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar