Breaking News

မောင်တူး - ဒီမိုကရေစီရေး အားပေးလို့ စာရေးခွင့်ပိတ်ခံရတဲ့ ကဗျာဆရာ ကြည်အောင်

မောင်တူး - ဒီမိုကရေစီရေး အားပေးလို့ စာရေးခွင့်ပိတ်ခံရတဲ့ ကဗျာဆရာ ကြည်အောင်

မိုးမခ ၊ ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၆


နယ်ချဲ့ကင်း၍

လမင်းတရာ၊ သာသောခါဝယ်

ကမ္ဘာငြိမ်းချမ်း လာလိမ့်တကား။ ။ 

(ကြည်အောင်၊ ၁၉၆၃)


ဖက်ဆစ်ကင်း၍

လမင်းတရာ၊ သာသောခါဝယ်

မြန်မာငြိမ်းချမ်းလာလိမ့်တကား။ ။ 

(၂၇၊ ၀၂၊ ၂၀၂၆)


ဒီမိုကရေစီရေး၊ စာပေအရေးတွေမှာ ပြည်သူဖက်က ရပ်တည် အမှန်ကိုသာ ရေးသား တိုက်ပွဲဝင်ခဲ့သူ အင်းဝသား ကဗျာဆရာကြီး "ကြည်အောင်" ကို မွေးဖွားခဲ့တာ ၁၉၃၇ ခု ဖေဖော်ဝါရီလ ၂၇ ရက်နေ့ပါ။ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် အခု ၂၀၂၆ ဖေဖော်ဝါရီလ ၂၇ ရက်ဟာ တော်လှန်ကဗျာဆရာကြီး ကြည်အောင်ကို မွေးဖွားခဲ့တဲ့ ၈၉ နှစ်မြောက် ဖြစ်ပါတယ်။


သစ္စာတိုင်

ဒီတောင်ရိုး

ကျားဆိုးပေါရဲ့ ။

မောင့်အချစ်

မျှစ်ချိုးလိုက်ခဲ့ ။ ။

ကြည်အောင် ၂၇ - ၁ - ၂၀၀၅


ကဗျာဆရာ "ကြည်အောင်" အမည်ရင်း ဦးကြည်လင်ကို ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်က အင်းဝမြို့၊ ဈေးချို၊ ပန်းရံရပ်မှာ အဖဦးစိန်ညွန့်၊ အမိဒေါ်ထွေးတို့က မွေးဖွားပါတယ်။ မော်ကွန်းကျောင်း ဆရာတော်ဦးနေမိန္ဒကျောင်း၊ ပရိတ်ကြီးအထိ သင်ခဲ့ဖူးတယ်။ တံတားဦးမြို့ မူလတန်းကျောင်း၊ အစိုးရအထက်တန်းကျောင်းတွေ တက်ခဲ့ပြီး ၁၉၅၆ ခုနှစ်က အထက်တန်းအောင်တယ်။ မန္တလေးတက္ကသိုလ် တက်ခဲ့ပြီး ကဗျာ ၊ စာပေတွေ ရေးသားခဲ့တယ်။ ၁၉၅၉ ခုနှစ် ရှုမဝမဂ္ဂဇင်းမှာ “ဖြစ်အင်”ကဗျာကို စတင် ဖော်ပြခံခဲ့ရတယ်။ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂမှာ ပါဝင်ခဲ့တယ်။ မန်းတက္ကသိုလ် ကဗျာရွှေခေတ် (၁၉၅၉ - ၁၉၆၅) ကို ထူထောင်ရာမှာ ပါဝင်ခဲ့တယ်။ (၁၉၅၈ - ၁၉၅၉) မန္တလေးတက္ကသိုလ် ကလောင်ရှင်များအသင်း အတွင်းရေးမှုး၊ (၁၉၆၀ - ၁၉၆၁) မန္တလေး တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း စာတည်း) လုပ်ခဲ့တယ်။ "အင်းဝအောင်ဆွေ" ကလောင်အမည်နဲ့ လူထုဂျာနယ်မှာ ကဗျာ စာပေ ဆောင်ပါးတွေ ရေးသားခဲ့တယ်။ ၁၉၆၀ ခုနှစ်မှာ မောင်စွမ်းရည်နဲ့ တွဲဖက်ပြီး “ စိတြ “ ကဗျာစာအုပ် ထုတ်ဝေခဲ့တယ်။ ၁၉၆၃ ခုနှစ်မှာ “လမင်းတရာကဗျာများ” ကို ထုတ်ဝေခဲ့ပြီး အနုစာပေဆိုင်ရာ ကဗျာပေါင်းချုပ်ဆု ပထမဆုကို ရခဲ့တယ်။ ၁၉၆၅ ခုနှစ်က “ဒုဋ္ဌဝတီမှ ဧရာဝတီသို့” ကဗျာများ၊ ၁၉၈၅ ခုနှစ်မှာ “မိခင်မာရသွန်”၊ ၁၉၉၁ ခုနှစ်မှာ “ဟေမန္တခြေမြန်တော်” ၁၉၉၅ ခုနှစ်ကျတော့ “နှင်းဆီခင်းပေါ်က လမင်း“ စတဲ့ ကဗျာစာအုပ်တွေ ရေးသားခဲ့တယ်။ ၁၉၉၀ မှာ “သစ္စာရှာဖို့ငါမြင်းစီးမယ်” စကားပြေ စာအုပ်ကို ထုတ်ဝေခဲ့တယ်။ ၂၀၀၉ ခုနှစ် မတ်လ ၂၇ သောကြာ ညနေ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တယ်။

လူတယောက် မျောက်တကောင်

စည်းနဲ့ ဗျောက်

ချွင် . . . . ခေါက်

မျောက်ကား မင်းသား။

တေးဟစ်ကြော်

လမ်းပေါ်သွား

လူကား သူတောင်းစား။ ။ (ကြည်အောင်)

ကဗျာဆရာ ကြည်အောင်ဟာ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်ခဲ့တယ်။ ဦးနေဝင်း စစ်အာဏာသိမ်းပြီးနောက် ကသာဖက်မှာ ၁၀ နှစ်လောက် တိမ်းရှောင်နေခဲ့ရတယ်။ ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီးအတွင်း မန္တလေးမှာ ဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) နဲ့အတူ ဦးဆောင်ခဲ့တယ်။ ၈၈၈၈ အရေးတော်ပုံနောက်ပိုင်း နဝတ နအဖ စစ်အစိုးရလက်ထက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရန်ကုန်ဌာနချုပ် ဟောပြောပွဲတွေမှာ ရဲရဲတောက် ဦးဆောင် ဟောပြော ပါဝင်ခဲ့လို့ ၁၉၈၉ ခုနှစ်ကစ ကွယ်လွန်ချိန် ၂၀၀၉ ခုနှစ်အထိ သူ့ကဗျာနဲ့ စာတွေကို စာနယ်ဇင်းတွေမှာ ပိတ်ပင်ထားခဲ့တယ်။

ကဗျာဆရာကြီး မောင်စွမ်းရည်ကတော့ “ ကြည်အောင့်ကို ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ပြီး ခြံထဲမှာ ဟောပြောပွဲလုပ်ရာကစပြီး ကိုလေး(အင်းဝဂုဏ်ရည်)နဲ့ သူနဲ့ကို ပိတ်ပင်တာခံခဲ့ရတယ်။ စာလည်းရေးခွင့်မရတော့ဘူးပေါ့။ အမှန်ကတော့ သူတို့မကြိုက်ရင် မကြိုက်တဲ့စာ မရေးနဲ့ဆိုရင် တော်လောက်ပါပြီ။ အခုတော့ ပိုပြီး ရက်စက်လွန်းရာ ကျပါတယ်။ စာလုံးဝကို မရေးရဘူး။ သူတို့ နာမည်ပါ ထုတ်ဖော်ခွင့် မရတော့ အင်မတန်ဆိုးပါတယ်။ ဒီလိုစာဆိုကြီးတွေကို ပစ်မထားကောင်းဘူးဗျ။ အဲဒါတွေက နောက်ကျရင် အပြစ်ကြီးတွေ အဖြစ်နဲ့ ပေါ်လွင်လာပါလိမ့်မယ်။ စစ်တပ်လုပ်ခဲ့တာတွေက ဆုံးရှုံးမှုကတော့ အင်မတန်ကြီးကျယ်တဲ့ ဆုံးရှုံးမှုပေါ့ဗျာ။ အခုတော့ စိတ်မကောင်းဖြစ်နေရတာပေါ့။ ကျနော်တို့ကတော့ ပြည်ပမှာရောက်နေတယ်။ သူကတော့ ပြည်တွင်းမှာ စာလည်း ရေးခွင့်မရှိ၊ ဟောပြောခွင့်လည်း မရှိဘူး ပေါ့။” လို့ ဆရာကြည်အောင် ကွယ်လွန်တဲ့ ၂၀၀၉ ခုနှစ် မတ်လ ၂၇ ရက်က VoA ကို ပြောခဲ့ပါတယ်။

ဆရာကြည်အောင် ကိုယ်တိုင်ကလည်း စစ်အာဏာရှင်လက်အောက်မှာ အနုပညာရှင်တွေ လွတ်လပ်စွာ ရေးသားခွင့် ဆုံးရှုံးနေရပုံအကြောင်း ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက VoA ကို အခုလို ပြောခဲ့တာပါ။

“ကျနော်တို့ ပြည်သူတွေနဲ့ အနုပညာသည်တွေ၊

စာရေးဆရာတွေ၊ ကဗျာဆရာတွေရဲ့ ပါးစပ်တွေကို

အပ်နဲ့ အချုပ်ခံနေရတယ်။

တုပ်နှောင် ထောင်တန်း ချခံနေရတယ်။

ကဗျာဆရာ အနုပညာရှင်တွေအားလုံး

သူတို့ဆိုချင်တဲ့တေးကို မဆိုရ၊

သူတို့ ဖန်တီး ချင်တဲ့ အနုပညာကို ဖန်တီးခွင့်မရ၊

ဒီမိုကရေစီ မှောင်ကျနေတာပေါ့ဗျာ။” 

(ကြည်အောင်)


ကြည်အောင် ဟာ ဘယ်လိုလူလဲ

'ကြည်အောင်ရဲ့ မိခင်မာရသွန်' ကဗျာစာအုပ် ပထမအကြိမ် ၁၉၈၅ ဖေဖော်ဝါရီ ထုတ်မှာ ဆရာကြီး "တက္ကသိုလ်မောင်စောလွင်" က အောက်ပါ အမှာစာကို ရေးသားထားတာကို ဖော်ပြခဲ့ပါတယ်။

ကြည်အောင် သာနိုး

တင်မိုး စွမ်းရည်

ကိုလေး (အင်းဝဂုဏ်ရည်)

တို့ဟာ ကဗျာစာပေ တပ်ဦးက တပ်မှူးတွေ ဖြစ်တယ်လို့ ရဲရဲကြီး ဆိုလိုက်ပါတယ်။ ဘာလို့ ဒီလိုဆိုနိုင်သလဲလို့ မေးယင်....

သူတို့ကဗျာတွေကို လေ့လာလိုက်ပါ၊ သူတို့နဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းကြည့်တဲ့အခါ အဖြေထွက်လာနိုင်ပါတယ်။ သူတို့ကဗျာကို လေ့လာလိုက်ယင် သူတို့ရဲ့ စေတနာဟာ အများပြည်သူတွေ အပေါ်မှာ ထက်ထက်သန်သန်ထားပြီး ရေးဖွဲ့ကြတယ်ဆိုတဲ့အချက်ဟာ ပေါ်လွင်ထင်ရှားလာပါတယ်။ မှန်ကန်တဲ့ရပ်တည်ချက် ရှိတာတွေ တွေ့ရပါမယ်။ ဒီနေရာမှာ တခြားသူတွေရဲ့ ရုပ်ပုံလွှာကို စာဖွဲ့ဖို့ မလိုသေးပေမယ့် ကြည်အောင်အကြောင်းကိုတော့ ဖွဲ့ရပါလိမ့်မယ်။

ကြည်အောင်ဟာ ဘယ်လိုလူလဲ။

ကြည်အောင်ဟာ ပကတိ ရိုးသားဖြူစင်သူ၊ စိတ်ကောင်းနှလုံးကောင်း ရှိသူ၊ ရဲရင့်တဲ့ အတွေးအခေါ်ကို ကိုင်စွဲထားတဲ့ ကဗျာဆရာတဦးအဖြစ် တွေ့ရပါတယ်။ သူ့အဖို့ ဘယ်နေရာ ဘယ်ဌာနမှာဘဲ ရောက်နေ ရောက်နေ၊ ကဗျာစာပေနဲ့ မွေ့လျော်ပြီး ကဗျာတွေကို အဆက်မပြတ် သီဖွဲ့နေသူ ဖြစ်တယ်။ ဒါဟာ တင်မိုးနဲ့ တူတဲ့အချက်ပါ။

"ဒုဌဝတီ သောင်ခြေဦး

ကဗျာဖူး

စိတ်ကူးပန်းတွေ ပွင့်ဖူးတယ်"

ဒီလိုမျိုး ပြည်သူတွေအတွက် တေးသစ်ဆိုဖို့ အမြဲကြိုးစားနေသူ ဖြစ်တယ်။

"ပြည်သူတွေကို ချစ်တဲ့စိတ်၊

နယ်ချဲ့ ကို မုန်းတဲ့စိတ်"

စွဲစွဲမြဲမြဲ ခံယူနိုင်ဖို့ဟာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်တဲ့ ခံယူချက် ဖြစ်ပါတယ်။ ဒီလို ခံယူချက်မျိုးတွေကို အမြဲရှင်သန်နေအောင် ကဗျာဆရာကြည်အောင်က ကြိုးစား ပါတယ်။ ဖိနှိပ်သူတွေကို သူ ဘယ်တော့မှ မညှာဖူး။ (တက္ကသိုလ်-မောင်စောလွင် ၂၇၊ အောက်တိုဘာ ၁၉၈၃)

မိခင့်အခွင့်အရေး

အရပ်ပျက်မ

ဝမ်းဗိုက်မှ

လောက အရှင်

သူတော်စင်ကို

ဖွားမြင် မပေးရဘူးလား။ ။ 

(ကြည်အောင်)

ကဗျာဆရာကြည်အောင်ဟာ ကဗျာများစွာ ရေးဖွဲ့ခဲ့သူ ဖြစ်တယ်လို့ မြန်မာစာ ကဗျာစာတမ်းပြုစုသူ ဆရာမ တဦးကလည်း ပြောခဲ့ဘူးပါတယ်။"ကြည်အောင်" ရေးဖွဲ့တဲ့ ကဗျာတွေထဲမှာ နယ်ချဲ့ဆန့်ကျင်ရေးကဗျာတွေ၊ စစ်ဆန့်ကျင်ရေးနှင့် ငြိမ်းချမ်းရေးကဗျာတွေ၊ မိဘမေတ္တာဘွဲ့ကဗျာတွေ၊ ကလေးကဗျာတွေ၊ ကျေးလက်ကဗျာတွေ စသည်ဖြင့် အကြောင်းအရာ အမျိုးအစား စုံလင်လှတယ်။ ကြည်အောင် ဟာ ကျေးလက် ကဗျာတွေ ဖန်တီးရာမှာ ကျေးလက်နေ ပြည်သူတွေကို ချစ်ခင်မြတ်နိုးစိတ်ကို အခြေခံပြီး ကျေးရွာသူ ရွာသားတို့ရဲ့ အတွေး စိတ်ကူးတွေနဲ့ ဓလေ့ သဘာဝတွေကို အနက်အဓိပ္ပာယ် ရှင်းလင်း လွယ်ကူတဲ့ စကားလုံးတွေနဲ့ ပေါင်းစပ် ဖန်တီး စပ်ဆိုထားခဲ့တယ်။ အဲ့သည် ကဗျာတွေထဲမှာ ကျေးလက်သားတို့ရဲ့ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းတွေအပေါ် ချစ်မြတ်နိုးမှု၊ ရိုးရှင်းစွာဘဝကိုရပ်တည် နေထိုင်မှုတွေကို တွေ့မြင်နိုင်ကြောင်း ကဗျာစာတမ်းပြုစုသူက ပြောခဲ့ပါတယ်။

လာလာလေ လိုက်ခဲ့တော့

နေညိုချိန်ရေခပ်တော့

ခိုးလှည့်ပါမောင်ကြီးရယ်

အောင်သွယ်တော်မှာစကား

အားတက်လှကွယ်။

လှည်းပေါ်ပွေ့လို့တင်

ဟန်ဆောင်ကာသူ ကန်ကျောက်တော့

နွားငေါက်လို့နှင်

ချောင်းသဲပြင်

ခပ်လျင်လျင်မောင်း

တယ်လူးမောင်တအားခဲလို့

လှည်းယဉ်အပြေးဆွဲတယ်

ရွာသဲပြင်ချောင်း။

အဖေ့ကိုပြောပါ့မယ်

လက်ဖွဲ့တင်နွားတစ်ရှဉ်းနဲ့

နှစ်တင်းကြီးလယ်

တူမောင်မယ်

လယ်စိုက်မယ်လေး။

အိပ်ကြရအောင်

ကြယ်ရောင်ကဖွေး

ကိုရင်ညိုပါလာရက်မို့

မလေးခင်အနေခက်တယ်

ရှက်တယ်တဲ့လေး။ ။ (ကြည်အောင်) ၁၉၆၃

ဆရာကြည်အောင်နဲ့ ပတ်သက်ပြီး စိတ်ထဲ မကျေနပ်တာက အပေါ်မှာ ဆရာစွမ်း ပြောခဲ့သလို သူ ပြည်ပကိုသာ ထွက်လာနိုင်ခဲ့ရင် သူ့စာ ကဗျာတွေ ထပ်ထွက်လာနိုင်မှာပါ။ ဆရာတင်မိုးတို့လို ကဗျာစာအုပ်တွေလည်း ထပ်ထွက်လာနိုင်ကောင်းပါရဲ့။ ဒါ့အပြင် ပြည်ပ အသံလွှင့်ဌာနတွေကလည်း သူ့စာပေအမြင်၊ အတွေ့အကြုံတွေ ထုတ်လွှင့်သွားနိုင်မှာ ဖြစ်ပြီး လူသားအဘိဓာန်ကြီးတွေရဲ့ မှတ်တမ်းတွေ တန်ဖိုးရှိရှိ ကျန်ရစ်ခဲ့ရမှာပါ။ အခုတော့ မြန်မာ့ စာပေလောက အတွက် ကြီးစွာသောဆုံးရှုံးမှု ဖြစ်ခဲ့ရပြီပေါ့။ ဆရာစွမ်း အထက်က ပြောခဲ့သလို " စစ်တပ်လုပ်ခဲ့တာတွေက ဆုံးရှုံးမှုကတော့ အင်မတန်ကြီးကျယ်တဲ့ ဆုံးရှုံးမှုပေါ့ဗျာ။" ဆိုသလိုပါ။ စစ်အာဏာရှင်ရဲ့ ပိတ်ပင်ထားမှုက ဆရာကြည်အောင်ရဲ့ တန်ဖိုးရှိတဲ့ ကဗျာတွေ စာတွေ ထပ်မရနိုင်တော့ပါ။

အချစ်

အဘိုးအိုလျှင်

ညောင်ညိုပင်အောက်

ပုဆိန်မြှောက်ကာ

ထင်းပေါက်ခွဲပြီး

ချွေးစီး ဖြာ၏။ ။

အဖွားအိုက

ရေချို တခွက်

လက်လှမ်း ဆက်သည်။

သြော်… သက်ရွယ် ခါးကုန်း

သွားကြွေပြုန်းလည်း

ချစ်တုန်း ခင်တုန်း ပါတကား။ ။ (ကြည်အောင်)

ဘယ်လို ရေးရေး ဘယ်လိုဖွဲ့နွှဲ့ဖွဲ့နွှဲ့ ဆရာကြည်အောင်ရဲ့ ဂုဏ်ပုဒ်တွေ အပြည်အဝ မဖော်ကျူးနိုင်မှာကလည်း သေခြာပါတယ်။ စာပေ ကဗျာ ကျောင်းသား နိုင်ငံရေး တော်လှန်ရေး ဒီမိုကရေစီအရေး စတဲ့ စတဲ့ အဖက်ဖက်မှာ ကြီးမြတ်မဟာကြီး တဦးပေကိုး။ သူ့အကြောင်း အာကာကို လွှာပုံပြု၊ မေယုကိုတဲ့ စုတ်တံချီ ရေးမည်ဆိုလည်း ဆုံးအံ့မထင်ပါ။ ဒါကြောင့် ဆရာကိုယ်တိုင်ရေးသားခဲ့တဲ့ အောက်က ကဗျာကိုသာ ဖတ်ကြည့်ကြပါတော့။ သူ့ကဘာလဲ၊ ကဗျာထဲမှာ၊ ဖွေရှာပါ။

အတ္တရုပ်ပုံလွှာ ပုံကြမ်း

အမေက မွေး၊ ပေးတဲ့ နာမည်

ကြည်လင်

အပေါင်း အသင်း

သူငယ်ချင်း အဖော်၊ ခေါ်ကြတဲ့ နာမည်

ကြည်လင်

ကြည်လင်ဟာ

လီနင်ရဲ့ ကျမ်းပေါင်းစုံကို

ယုံကြည် မြတ်နိုး၊ အသိပျိုးတယ်။

ကြည်လင်ဟာ

ဘုန်းကြီး ကျောင်းသား

တက္ကသိုလ် ကျောင်းသား

လုပ်စား ကိုင်စား

ပြေးလွှားခဲ့ရ

ဘဝအလွှာ၊ မျက်နှာ ပေါင်းစုံ

ဇာတ်ခုံပေါ်မှာ၊ ကခဲ့ရာ….

ဟော… ခုတော့

ကဗျာဆရာ၊ ကလောင်နာမည်

ကြည်အောင်

ကြည်အောင်ဟာ

ရီမှောင်ပြာစင်၊ စာရေးဖို့ပြင်လျှင်

ကြည်လင်နဲ့ ငြင်းခုံတယ်။

ကြည်အောင်ဟာ

ဟော်လန်ပြည်က၊ ပန်းချီဆရာ

‘ဗင်ဂိုး’

မြန်မာပြည်က၊ ကဗျာဆရာ

‘တင်မိုး’ တို့ကို နှစ်ခြိုက်သူ။

ကြည်လင်ဟာ

ရုရှားက

‘မာယာကော့ဖ်စကီ’ နဲ့ ‘ဂေါ်ကီ’

အီတလီက ပန်းချီဆရာ

‘မိုဒီဂလီယာနီ’

မြန်မာပြည်က

‘ဗန်းမော်တင်အောင်’ နဲ့ ‘ဇော်ဂျီ’ တို့ကို ဖတ်မှတ်သူ။

ကြည်လင်က

ကြည်အောင်ရဲ့

ကလောင်တလက်၊ ‘ဗားတော့ဗရက်’ လို

ထက်မြက် ထင်ရှား စေချင်တယ်။

ကြည်လင်က

ကြည်အောင်ရဲ့ ဝိညာဉ်ထဲ

သခင်ကိုယ်တော်မှိုင်း ပန်းရနံ့

မွှေးပျံ့သင်းကြိုင် စေချင်တယ်။

ကြည်အောင်ဟာ

ကြည်အောင်ရဲ့ ရုပ်ပုံလွှာကို

ကဗျာဆရာအဖြစ် ထုလုပ်တယ်။

ကြည်လင်ဟာ

ကြည်လင်ရဲ့ ရုပ်ပုံလွှာကို

ကြည်အောင်တို့လို ကဗျာဆရာတွေက

အလေးယူစရာ

ဖြစ်လာစေဖို့၊ ‘ဆေးတို့’ ကြည့်တယ်။

ရွှေ… အနီ အပြာ အဝါ

ဘာရောင်တွေ ခြယ်မလဲ။

ကြည်အောင်နဲ့ ကြည်လင်တို့ရဲ့

ဝိညာဉ် ၂ ခု စစ်ခင်း

အတွင်း ပဋိပက္ခ၊ အားပြိုင်ကြ။

မာယာကော့ဖ်စကီ

မိုဒီဂလီယာနီ

ဂေါ်ကီ၊ ဇော်ဂျီ

လီနင်

ဗင်ဂိုး၊ တင်မိုး။

သခင်ကိုယ်တော်မှိုင်း

ဗန်းမော်တင်အောင်

ကြည်လင့် ရင်ထဲက…

ထာဝရ အလင်းရောင်။ ။ 

(ကြည်အောင်)၁၉၇၉၊ ဒီဇင်ဘာ ၃၀

[ကြီးပွါးရေးစာအုပ်တိုက်မှ ထုတ်ဝေတဲ့ ကြည်အောင်ရဲ့ မိခင်မာရသွန် ကဗျာစာအုပ်၊ ပထမနှိပ်ခြင်း၊ ၁၉၈၅၊ ဖေဖော်ဝါရီ မှ ဖြစ်ပါတယ်။]

ဒီကဗျာလေး ဖတ်အပြီးမှာ လူထုဦးလှ ဒေါ်အမာတို့ရဲ့သား ဗမာပြည်ကွန်မြူနစ်ပါတီက ရဲဘော်ဖိုးသံချောင်းရဲ့ ဆောင်းပါးတပုဒ်မှာ ဆရာကြည်အောင်အကြောင်း အခုလို ရေးထားခဲ့တာကို သတိရမိတယ်။ " ကြည်လင် ဆိုတာက သူ့အိမ် နာမည်၊ ကျောင်းနာမည်၊ ကျနော်တို့ ခေါ်တဲ့ နာမည်။ ကြည်အောင် ဆိုတာက သူ့ကလောင် နာမည်၊ စာပေဗိမာန် ကဗျာဆုရတဲ့ နာမည်။ သူ့နာမည်နဲ့ ပတ်သက်လို့ ပြောစမှတ် အဖြစ်အပျက် တခုကို ကြားဖူးသူများ ကြားဖူး ကြပါလိမ့်မယ်။ တက္ကသိုလ် ကျောင်းသား ဘဝ အချင်းချင်းတွေ တခါ ဆုံကြတုန်း လူငယ်တို့ ဘာသာဘာဝ ပျော်ကြ နောက်ကြရင်း ကဗျာ ဆရာ တင်မိုးက “တင်မိုး - ဗင်ဂိုး” လို့ကြွေးကြော် လိုက်ပါသတဲ့။ ဒီအခါမှာ ကိုကြည်လင် ကလည်း ချက်ချင်း ဆိုသလို အညံ့ မခံဘဲ “ကြည်လင် - လီနင်ကွ” လို့ ပြန်ကြွေးကြော် လိုက်လို့ မှတ်မှတ်ရရ ပြောစရာ အဖြစ်အပျက် ကလေး တခု အဖြစ် အပေါင်းအသင်းများ အကြားမှာ ကျန်ရစ် ပါတယ်။

 အာဂခွေး

ကျားသား

စားချင်တဲ့ခွေး။

သစ်ကိုင်းခြောက်

ဖြောက် . . .

ကြောက်လန့်လို့ပြေး ။ ။ 

(ကြည်အောင်)

ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့ တောထဲဝင်သွားတဲ့ မုဆိုးဟာ၊ တောထဲမှာ ပုရွက်ဆိတ်ကိုက်တာ နာလို့ ပြန်ထွက် ပြေးလာတာမျိုးကို စပ်ဆိုထားသလားပါပဲ။ အခု နွေဦးတော်လှန်ရေးမှာလည်း စစ်အာဏာရှင်ကို အပြုတ်တိုက်မယ်ဆိုပြီး ထွက်လာကြသူတွေဟာ အခုကျ ဘာကခက်ခဲလို့ ဘယ်သူတွေကြောင့် ဘာကြောင့်ဆိုပြီး နွေဦးတော်လှန်ရေးကို စွန့်သွားချင်တာမျိုးကို စပ်ဆိုထားပုံနဲ့ တူပါတယ်။ သူငယ်ချင်းတွေလို့ မပြောရဘူး တင်မိုးနဲ့ ကြည်အောင်တို့ ကဗျာတွေဟာ နှောင်းခေတ် တော်လှန်ရေး မျိုးဆက်သစ်တွေအတွက် ကြိုတင် ဖွဲ့နွဲ့ထားသလိုပါပဲ။ ခေတ်မီဆဲ ကြည်အောင်ရဲ့ ကဗျာတွေ။

နယ်ချဲ့ကင်းမှ…..

လမင်းလည်းသာ၊ ကမ္ဘာလည်းအေး

တေးလည်းအနှံ့၊ ပန်းသင်းပျံ့လိမ့်

နိုင်ငံ့ပြည်သူ နိုးကြားသည်။ (ကြည်အောင်) ၁၉၆၃

ဖက်ဆစ်ကင်းမှ .......

လမင်းလည်းသာ၊ မြန်မာလည်းအေး

တေးလည်းအနှံ့၊ ၊ ပန်းသင်းပျံ့လိမ့်

နိုင်ငံ့ပြည်သူ ကောင်းစားမည်။ ။ ၂၇-၂-၂၀၂၆

ပြည်သူကို မူတည်သော တော်လှန် ကဗျာဆရာ ကြည်အောင်ရဲ့ ၈၉ နှစ်ပြည့် မွေးနေ့ ၂၀၂၆ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ရောက်ပါပြီ။ သူ့ကဗျာတွေထဲမှာ ပြည်သူကို နိုးထစေတဲ့ တော်လှန်အားမာန်တွေသစ်စေတဲ့ သူ့ရဲ့ မွေးနေ့ကာလဟာ နွေဦးတော်လှန်ရေးကြီး ဒီရေမြင့်သစ်နေချိန်နဲ့လည်း တိုက်ဆိုင်နေတာပါ။ ဒီအချိန်မှာ "အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး" လို့ ပြောဆို ရေးသားခဲ့တဲ့ ဆရာမကြီး လူထု ဒေါ်အမာရဲ့ ပြောဆိုချက်ဖြစ်တဲ့

"ကြည်အောင် မျှော်မှန်းသည့်

လမင်းတရာ သာသည့်ခေတ်ကား

ဝေးကွာလှတော့သည်မဟုတ်"

ဆိုတဲ့ မန္တလေး၊ တောင်သမန်အင်းစောင်း၊ အမရပူရ တောင်လေးလုံးကျောင်း၊ သူဌေးဘုရားမှာ စိုက်ထူထားတဲ့ ကြည်အောင် အမှတ်တရ စာတမ်းကိုသာ မြင်နေမိပါတော့တယ်။ ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar