တော်လှန်ရေး ကာလရှည်လာတာနဲ့အမျှ ကြုံတွေ့လာရတဲ့ ပြဿနာတွေ
မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၁ မြင်ကွင်း
(မိုးမခ) ဧပြီ ၂ ၊ ၂၀၂၆
တော်လှန်ရေး ကာလရှည်လာတာနဲ့အမျှ ကြုံတွေ့လာရတဲ့ ပြဿနာတွေ
နွေဦးတော်လှန်ရေးသက်တမ်းက ၅ နှစ်ကာလကို ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ တော်လှန်ရေး ကာလကြာရှည်ခြင်းဟာ အကောင်းဘက်ကကြည့်ရင် ဇွဲရှိတဲ့လက္ခဏာ၊ ခံနိုင်ရည်ရှိတဲ့လက္ခဏာ၊ ယုံကြည်မှုရှိတဲ့ လက္ခဏာလို့ ဆိုကောင်းဆိုနိုင်ပါတယ်။ ဒီကာလအထိ တော်လှန်ရေးအင်အားစုတွေ အင်အားထုထည်နဲ့ ရှိနေကြသေးတဲ့ အချက်၊ လူထုရဲ့ ထောက်ခံမှု ရှိနေသေးတဲ့အချက်၊ စစ်အာဏာရှင်တပ် ထိန်းချုပ်နယ်မြေတွေကို လွန်ခဲ့တဲ့ ၅ နှစ်နဲ့ နှိုင်းယှဥ်ရင် သိသိသာသာ လျော့နည်းသွားတဲ့အချက်တွေက တော်လှန်ရေးက တည်ရှိနေသေးတဲ့ အချက်ကို သက်သေပြနေတဲ့ သဘောဖြစ်ပါတယ်။ သို့သော် အဲဒီအချက်တွေနဲ့အတူ တော်လှန်ရေးရေချိန် အမြင့်ဆုံးကို ကျော်လွန်ခဲ့ပြီလား ဆိုတဲ့ မေးခွန်းလည်း ရှိနေပြန်ပါတယ်။ တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေရဲ့ စစ်ရေးအောင်နိုင်မှုအမြင့်ဆုံး အခြေအနေနဲ့ ထိန်းချုပ်ထားနိုင်တဲ့နယ်မြေ အကျယ်ဆုံးကာလကို ကျော်လွန်ခဲ့တာကြောင့် အမြင်ဆုံးရေချိန်ကာလ ပြီးသွားပြီလားဆိုတဲ့ မေးခွန်းတွေ ရှိနေတာ ဖြစ်ပါတယ်။
အချို့ကလည်း စစ်ရေးရဲ့ သဘာဝက အတက်အဆုတ် ရှိတဲ့သဘောနဲ့ ဒါက တဖက်က အင်အားသာသွားပြီလို့ တထစ်ချ ကောက်ချက်ချလို့ မရဘူးဆိုတဲ့ ရှုထောင့်ကနေ ပြောဆိုသူ၊ စစ်ရေးနည်းပရိယာယ်အရ ရန်သူ့ထိုးစစ်ပြင်းထန်ချိန်မှာ ခွာစစ်ဆင်ပြီး ရန်သူ အင်အားနည်းချိန်၊ မိမိဘက်ကလည်း အင်အားပြန်လည်ဖြည့်တင်းပြီး ပြန်လည်ထိုးစစ်ဆင်တာဟာ စစ်ပွဲရဲ့ သဘာဝပဲလို့ ဆိုကောင်းလည်း ဆိုနိုင်ပါတယ်။
သို့ပေမဲ့ မဟာဗျူဟာကျတဲ့ နေရာ၊ စစ်ရေးအရ အရေးပါတဲ့ နေရာဒေသတွေကို လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ အနေအထားက ပရိယာယ်အရ ဆိုတဲ့အနေအထားကို ကျော်လွန်သွားတာမျိုးလို့ ဆိုရမှာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးဟာ ရေရှည်ရည်မှန်းချက် ပန်းတိုင်နဲ့ လုပ်ဆောင်တဲ့ တော်လှန်ရေးတရပ်လား၊ သို့မဟုတ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အာဏာသိမ်းစစ်တပ်ကို အပြီးတိုင်ဖယ်ရှားဖို့ လှုပ်ရှားမှု တရပ်လား ဆိုတဲ့ မေးခွန်းလည်း ရှိနိုင်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ ခေါင်းဆောင်အချို့နဲ့ လူထုအများစုက အရှိန်အဟုန်နဲ့ လှုပ်ရှားမှုတရပ်အဖြစ် ရှုမြင်ခဲ့ကြတာ တွေ့ရပါတယ်။ လက်နက်ကိုင် တော်လှန်ရေးလမ်းစဥ်ကို ရွေးချယ်ခဲ့သည့်တိုင် အနိုင်အရှုံး အဖြေက နှစ်အနည်းငယ်အတွင်းမှာ ထွက်ပေါ်လာလိမ့်မယ်လို့ မှတ်ယူခဲ့ကြပုံရပါတယ်။ ဒီအတွက်လည်း ရှိသမျှ အင်အားအရင်းအမြစ်တွေကို ပုံအောပြီး အားပေးပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး ထောက်ခံသူ အချို့က ကိုယ် ဝတ်ဆင်ထားတဲ့ ရတနာ လက်ဝတ်လက်စားလိုမျိုး ချွတ်ပြီး တော်လှန်ရေး ရန်ပုံငွေ၊ ဒေသအလိုက် ဖွဲ့စည်းကြတဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေမှာ သေနတ်ဝယ်ဖို့ စသဖြင့် ရှိစုမဲ့စု ငွေကြေးကို ရက်ရောစွာ ထည့်ဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ တော်လှန်ရေး အမြန်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ကြသလို အနိုင်ရရေးအတွက်လည်း မိမိတို့ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေပါ ရောင်းချ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီလို စိတ်အားထက်သန်မှုမျိုး နှစ်ကာလရှည်ကြာစွာ ရရှိနေမယ့်အရာမျိုးတော့ မဟုတ်ပါဘူး။ နွေဦးတော်လှန်ရေးရဲ့ အစပိုင်းကာလမှာ တော်လှန်ရေးက လပိုင်းအတွင်း သို့မဟုတ် ၁ နှစ်၊ ၂ နှစ်အတွင်း အောင်မြင်ပြီး ပြီးဆုံးသွားလိမ့်မယ်လို့ လူထုကို စည်းရုံးပြောဆိုမှုတွေရှိခဲ့ပြီး လူအများကလည်း အလားတူမျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။ ကိုဗစ်ကူးစက်ကပ်ဘေး ကာလလိုမှာ ကာကွယ်ဆေးထိုးဖို့ရာမှာ တော်လှန်ရေး အောင်မြင်မှ၊ ကိုယ်တွေ ထောက်ခံတဲ့ ပြည်သူ့အစိုးရတက်မှ ဆိုတဲ့ ဆုံးဖြတ်ပြောဆိုမှုတွေ၊ သားသမီးတွေ ကျောင်းတက်ဖို့ကိစ္စတွေမှာလည်း တော်လှန်ရေးအောင်မြင်မှ ကျောင်းတက်စေမယ်ဆိုတဲ့ မျှော်လင့်ချက်တွေအထိ ထားရှိခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမဲ့ တော်လှန်ရေး ၅ နှစ်သက်တမ်း ပြည့်လာချိန်မှာတော့ ဒီမျှော်လင့်ချက်တွေက လက်တွေ့မကျမှန်း လက်တွေ့ဖြစ်ရပ်တွေအရ လူအများ သဘောပေါက်လာကြပါတယ်။
လက်နက်ကိုင် တော်လှန်ရေးရဲ့ သဘောသဘာဝ တော်လှန်ရေးအင်အားစုတွေဘက်မှာ လက်တွေ့အခြေအနေတွေက နေ့ချင်းညချင်း အပြီးအပြတ် အနိုင်ရဖို့ မဖြစ်နိုင်တာကို သဘောပေါက်လာကြပါတယ်။ လက်တွေ့ အခြေအနေတွေကို သဘောပေါက် နားလည်လာခြင်းဟာ ကောင်းတဲ့ အရာလို့ဆိုနိုင်ပါတယ်။ အခြေအနေကို အရှိအတိုင်း မြင်ပြီး လက်ခံကာ ရေရှည်အတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းနှစ်မျိုးလုံး ပြင်ဆင်ကြဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။
ဒီနေရာမှာ ရေရှည်တိုက်ပွဲလိုမျိုးမှာ ကြုံတွေ့လာကြရတဲ့ ပြဿနာတွေက မဟာမိတ်အဖွဲ့တွေအကြား အကျိုးစီးပွားချင်း ထိပ်တိုက်ဖြစ်မှုတွေ၊ စီမံခန့်ခွဲမှုအားနည်းချက်၊ ဗဟိုချုပ်ကိုင်မှုနဲ့ နယ်မြေဒေသအလိုက် စီမံခန့်ခွဲပိုင်ခွင့်၊ အမျိုးသားရေးဝါဒ ကိုင်စွဲကြတဲ့ လူမျိုးစုအချင်းချင်းအကြား ပွတ်တိုက်မှု၊ ပဋိပက္ခ ၊ လာဘ်စားမှု၊ အလွဲသုံးစားမှု နဲ့ သယံဇာတ စီမံခန့်ခွဲမှု၊ စစ်မှုမ်းစုဆောင်းရေး ပြဿနာ စတဲ့ ရေရှည်ကာလမှာ ရင်ဆိုင်ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာ၊ ဖြေရှင်းစရာ အကြောင်းအရာတွေ များပြားလာခြင်းပဲ ဖြစ်ပါတယ်။
လတ်တလော မကွေးတိုင်းထဲက မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က လက်လုပ်ရေနံတွင်းတွေရှိတဲ့ ဒေသကို NUG လက်အောက်က PDF တပ်ရင်းတွေက ဝိုင်းထားပြီး ရေနံမှော်ကို အခွန်အကောက်ကောက်ခံခွင့်နဲ့ ပတ်သက်လို့ ဖိအားပေးနေတဲ့ ကိစ္စ၊ မကြာသေးခင်က အာဏာသိမ်းစစ်တပ်ထံ လက်နက်ချသွားတဲ့ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA တပ်တွေကို စတင်တိုက်ခိုက်ခဲ့တဲ့ ကိစ္စ နဲ့ NUG လက်အောက်က အချို့သောဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ အဓမ္မပြုကျင့်မှု၊ ဥပဒေမဲ့ သတ်ဖြတ်မှု စတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းတာတွေအပေါ် ဝေဖန်ထောက်ပြတာ၊ နွေဦးတော်လှန်ရေးထောက်ခံသူ အချင်းချင်းအကြား သဘောထားကွဲလွဲတာတွေ ပိုမိုကြားသိလာကြရပါတယ်။ နိုဝင်ဘာလကနေ ဖေဖော်ဝါရီလ အကြား အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံး အတွင်းဝန် ဒေါ်ကြည်ပြာ နဲ့ ခင်ပွန်းဖြစ်သူတို့ကို လက်အောက်က ဝန်ထမ်းတွေက တိုင်ကြားခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့လည်း နွေဦးတော်လှန်ရေး ထောက်ခံသူတွေအကြား သဘောထား အမြင်ကွဲလွဲမှု နဲ့ NUG အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံကို သဘောမကျတာ၊ ဝေဖန်ထောက်ပြတာ၊ CDM အဖွဲ့အစည်းအချို့က စာထုတ်တဲ့ အဖြစ်မျိုးထိ ဝေဖန်ကန့်ကွက်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ရှိတဲ့ PDF တပ်ရင်းအချို့ကနေ ခွင့်ရက်ထက် ကျော်လွန်နေထိုင်ပြီး တပ်ရင်းနဲ့ အဆက်အသွယ်ပြတ်သွားသူတွေ၊ တပ်ပြေးအဖြစ် သတ်မှတ်ကြေညာမယ်လို့ အမည်၊ ဓာတ်ပုံတွေနဲ့ တကွ အများသိအောင် ထုတ်ပြန်ကြေညာတဲ့ အဖြစ်အပျက်တွေလည်း တစတစနဲ့ အရေအတွက်များလာတာ ထုတ်ပြန်ချက်နဲ့ သတင်းဖော်ပြမှုတွေမှာ တွေ့မြင်နေရပါတယ်။
အခြားတဖက်မှာလည်း မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်းဖြစ်တဲ့ TNLA နဲ့ MNDAA အကြားလည်း ပစ်ခတ်တိုက်ခိုက်ပြီး နယ်မြေတွေ သိမ်းယူတာ၊ ဖမ်းဆီးတာတွေ ပြီးခဲ့တဲ့လအတွင်း ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေက နယ်မြေစိုးမိုးထိန်းချုပ်ခွင့်နဲ့ ပတ်သက်လို့ မဟာမိတ် တပ်ဖွဲ့တွေအချင်းချင်းအကြား ကြိုတင် သဘောတူညီမှု၊ မူဝါဒဆွေးနွေး ချမှတ်ထားတာတွေ မရှိတာ၊ နိုင်ငံရေးအရ အားနည်းမှုတွေအဖြစ် ရှုမြင်ကြတာ ဖြစ်ပါတယ်။
၅ နှစ်ကျော်လာတဲ့ တော်လှန်ရေးရဲ့ အမြင့်ဆုံး ရေချိန်ကာလ၊ အားအကောင်းဆုံးကာလ ကျော်လွန်သွားပြီလား သို့မဟုတ် တော်လှန်ရေး အင်အားစုတွေအနေနဲ့ ပြီးခဲ့တဲ့ ၅ နှစ်ကာလကို လက်တွေ့ကျကျ ပြန်လည်သုံးသပ်ကြပြီး သင်ခန်းစာယူသင့်တာယူပြီး ပြုပြင်ရမဲ့ အရာတွေကို အမြန်ဆုံး ပြုပြင်နိုင်ပြီးနောက် တော်လှန်ရေးရေချိန် တဖန်ပြန်မြင့်တက်လာအောင် ဆောင်ရွက်နိုင်မလား ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာနေပါတယ်။
တော်လှန်ရေး ကြာမြင့်ခြင်းဟာ တကယ်ခိုင်မာမှုရှိရဲ့လား ဆိုတဲ့ စမ်းသပ်မှုကာလကို ကျော်ဖြတ်ခြင်းလည်း ဖြစ်သလို ရေရှည်တော်လှန်ရေး ဖြစ်လာပြီး ကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာတွေလည်း ပိုမိုလာနိုင်တဲ့ အနေအထားကိုလည်း လျစ်လျူရှုလို့မရတဲ့ သဘောလို့ဆိုရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar