Breaking News

လက်လွှတ်ရတော့မဲ့ လက္ခဏာတွေ တွေ့လာရတဲ့ စစ်တွေမြို့ နဲ့ အနီးတဝိုက် တိုက်ပွဲအခြေအနေ

 

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၁၇ မြင်ကွင်း

(မိုးမခ) ၊ အောက်တိုဘာ ၁၈ ၊ ၂၀၂၆  

 

လက်လွှတ်ရတော့မဲ့ လက္ခဏာတွေ တွေ့လာရတဲ့ စစ်တွေမြို့ နဲ့ အနီးတဝိုက်တိုက်ပွဲအခြေအနေ

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေကို Arakan Army က တစတစ ချဥ်းကပ်လာနေပြီး၂၀၂၃ ခုနှစ်နှောင်းပိုင်းကနေ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကာလတွေအတွင်း ရခိုင်ပြည်နယ်ရဲ့ မြို့တွေ နယ်မြေတွေရဲ့ ၉၀ ရာနှုန်းလောက်ကို AA က တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ချိန် ကျန်နေခဲ့တဲ့ ပြည်နယ်မြို့တော် စစ်တွေ AA ရဲ့ ထိန်းချုပ်မှုအောက် ရောက်တော့မလားဆိုတဲ့ လက္ခဏာတွေ ခုရက်ပိုင်းအတွင်း ပိုပြီးတွေ့မြင်လာနေရတာ ဖြစ်ပါတယ်။

စစ်တွေမြို့ကို အခြားသော ရခိုင်ပြည်နယ်က မြို့တွေထက် အာဏာသိမ်းစစ်တပ် အနေနဲ့ ထိန်းချုပ်ထားနိုင်ဖို့ အရေးကြီးပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ၉၀ ရာနှုန်းမျှသော နယ်မြေနဲ့ မြို့တွေကို လက်လွှတ်ခဲ့ရတဲ့တိုင် ရခိုင်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ဆိုတဲ့ အပေါ်ဆုံး အဆောက်အအုံကို အာဏာသိမ်းစစ်တပ်က ဆက်လက် ဖွဲ့စည်းထားပြီး စစ်တွေမြို့ကို ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ အချက်နဲ့ ရခိုင်ပြည်နယ် တခုလုံး လက်လွှတ်ဆုံးရှုံးခြင်း မရှိသေးဘူးလို့ ငြင်းဆိုနိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ စစ်တွေမြို့က အုပ်ချုပ်ရေးဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့၊ မာန်အောင် စတဲ့ အနည်းအကျဥ်းမျှသော နယ်မြေအပေါ်မှာသာ သက်ရောက်ပြီး ရခိုင်ပြည်နယ်နယ်မြေ ၉၀ ရာနှုန်းမှာ နေထိုင်နေကြတဲ့သူတွေနဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့အရာတွေကို ဘာမှ လုပ်ဆောင်နိုင်ခြင်း မရှိတဲ့အပြင် အဆိုပါ AA က ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို တဖက်မှာ ဖြတ် ၄ ဖြတ်နဲ့ ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

အာဏသိမ်းစစ်တပ်ဟာ ၂၀၂၅ ခုနှစ်ကုန်နဲ့ ၂၀၂၆ နှစ်မှာ ရွေးကောက်ပွဲ ကျင်းပပြီး မင်းအောင်လှိုင်က သမ္မတရာထူးယူကာ တပ်ချုပ်ရာထူးကို သူ့ရဲ့လူယုံ ရဲဝင်းဦးကို ခန့်အပ်ခဲ့ပြီးနောက် တပ်ချုပ် အသစ်ဖြစ်လာတဲ့ ရဲဝင်းဦးအနေနဲ့ ၄င်းရဲ့ အမိန့်ပေး စီမံခန့်ခွဲမှုနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ချင်းပြည်နယ်တောင်ပိုင်း မတူပီဘက်က ထိုးစစ်ဆင်ဝင်ရောက်ဖို့ ပြင်ဆင်နေသလို၊ မင်းဘူး-အမ်းလမ်းဘက်၊ ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ ဂွတို့ကနေ ထိုးစစ်ဆင်ဖို့ ပြင်ဆင်တာတွေ လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ စစ်တွေ အနီးက ပုဏ္ဏားကျွန်းဘက်ကို ထိုးစစ်ဆင်ဖို့ လုပ်ခဲ့သလို  ပေါက်တောမြို့နယ်က ငပြီကျွန်းသိမ်းဖို့လည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပုဏ္ဏားကျွန်းဘက်ဆီ ထိုးစစ်ဆင်တဲ့ စစ်ကြောင်းတွေ စစ်တွေဘက်ဆီ ပြန်ဆုတ်ခွာလာရချိန် ငပြီကျွန်းကို ကမ်းတက်ဖို့ ရေလမ်း၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ကြိုးစားခဲ့ရာမှာ တဖက်မှာတော့ AA ဘက်က ထိုးစစ်က စစ်တွေမြို့ဆီ ဦးတည်လာနေတာ တွေ့ကြရပါတယ်။ အောက်တိုဘာ ၁၇ ရက်နေ့ ထွက်ပေါ်လာတဲ့ သတင်းတွေအရ AA တပ်ဖွဲ့တွေဟာ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း စအရ ၉၀၈ ကို သိမ်းယူနိုင်ခဲ့ပြီး စစ်တွေ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) နဲ့ ၄ မိုင်အကွာလောက်ထိ ရောက်ရှိလာနေတယ်လို့ ဖော်ပြထားကြတာ တွေ့ရပါတယ်။

AA တပ်ဖွဲ့တွေ စစ်တွေမြို့ကို သိမ်းယူနိုင်မဲ့ အလားအလာတွေလည်း ရှိနေတဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။ အာဏာသိမ်းစစ်တပ် အနေနဲ့ ပြည်နယ် အုပ်ချုပ်ရေးရှိနေတယ် ဆိုတာကို သက်သေပြဖို့ စစ်တွေမြို့ကို ထိန်းချုပ်ဖို့ အပြင်းအထန် ကြိုးစားလိမ့်မယ်လို့ မှန်းဆရပါတယ်။ တဖက်မှာလည်း စစ်တွေမြို့ကနေ ကုန်းလမ်းနဲ့ ဆုတ်ခွာလို့မရအောင် စစ်တွေက ထွက်တဲ့ ကားလမ်းတွေအားလုံး AA ထိန်းချုပ်ထားတာ ဖြစ်လို့ စစ်တွေကျခဲ့ရင် လေကြောင်းနဲ့ ရေကြောင်းကနေ ဆုတ်ခွာရမဲ့ အနေအထားဖြစ်ပြီး စစ်တွေမြို့က စစ်အစိုးရလက်အောက်က အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်နေသူတွေအဖို့ အခုလိုအနေအထားဟာ အန္တရာယ်အမြင့်ဆုံးရှိနေပြီလို့ ယူဆနေကြမှာ မလွဲပါဘူး။

တပ်ချုပ်အသစ် ရဲဝင်းဦးရဲ့ အမိန့်ပေးကွပ်ကဲမှု အောက်မှာ ရခိုင်ပြည်နယ်နဲ့ ပြည်နယ်ပြင်ပက စစ်မျက်နှာ တနေရာမကဖွင့်ပြီး AA တပ်ဖွဲ့တွေကို ထိုးစစ်ဆင်တဲ့ ဗျူဟာကို ကျင့်သုံးခဲ့ပေမဲ့ AA တပ်ဖွဲ့ဘက်က ခံစစ်အမာနဲ့ ခုခံရာက အာဏာသိမ်းစစ်တပ် ရဲ့ အားနည်းတဲ့နေရာကိုပါ ထိုးဖောက်လာတဲ့ အခြေအနေမျိုး ရောက်လာနေတာ ဖြစ်ပါတယ်။

ULA/AA အနေနဲ့ တဖက်မှာ စစ်သားသစ် စုဆောင်းဖို့ စိန်ခေါ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်တဲ့ လက်နက်၊ ဗျူဟာတွေ တိတိပပ ရှိမနေသေးတာကြောင့် ကောင်းကင်ကလာတဲ့ တိုက်ခိုက်မှုတွေကို ရှောင်တိမ်းနေရတာ ဖြစ်ပါတယ်။ စီးပွားရေးအရလည်း AA ထိန်းချုပ်ထားတဲ့ နယ်မြေအများစု အနေနဲ့ ဖြတ် ၄ ဖြတ်နဲ့ ပိတ်ဆို့ခံထားရတာကြောင့် စားဝတ်နေရေး၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ တစတစ ကျဥ်းမြောင်းလာသလို ရခိုင်လူထုအဖို့ မြန်မာနိုင်ငံရဲ့ အခြား ပဋိပက္ခဒေသအားလုံးထက် ပိုမိုခက်ခဲကြပ်တည်းတဲ့ အခြေအနေမျိုးမှာ အသက်ရှင်သန်ဖို့ ကြိုးစားနေကြရတာ ဖြစ်ပါတယ်။

ရခိုင်ပြည်သူလူထုကို အမျိုးသားရေးအရ ကောင်းစွာစည်းရုံးထားနိုင်တဲ့ ULA/AA အနေနဲ့ ရခိုင်ပြည်နယ်ရဲ့ ၉၀ ရာနှုန်းသော နယ်မြေတွေကို ထိန်းချုပ်ထားနိုင်တဲ့ အနေအထား၊ စစ်ရေးအင်အားတောင့်တင်းမှုကို မြန်မာနိုင်ငံ အခြားဒေသက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ နဲ့ PDF တပ်ဖွဲ့တွေက အားကျနေကြရတာပါ။ သို့ပေမဲ့ အာဏာသိမ်းစစ်တပ် အနေနဲ့ လက်ရှိ AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲက အတိုင်းအတာတခုကို ပြန်ရယူဖို့ ပိုင်းဖြတ်ထားပြီး မြန်မာနိုင်ငံရဲ့  အခြားသောဒေသတွေက ထုတ်နုတ်နိုင်တဲ့ စစ်အင်အား၊ လက်နက်တွေနဲ့ ရခိုင်ပြည်နယ်ကို ပြန်လည်ထိုးစစ်ဆင်ဖို့ ပိုင်းဖြတ်ထားတဲ့ လက္ခဏာတွေ ထင်ထင်ရှားရှား တွေ့နေရတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA ၁၁ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က KNU, ABSDF နဲ့ CNF လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ကို ဆွေးနွေးဖို့ ထပ်မံဖိတ်ခေါ်ခဲ့ပေမယ့် AA ကို ဖိတ်ခေါ်ခြင်း မပြုတာကို ကြည့်ရင် သိရှိနိုင်ပါတယ်။

အာဏာသိမ်စစ်တပ် အစိုးရဟာ KIA ကိုလည်း တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာ ဖြစ်ပြီးတွေ့ဆုံမဲ့ နေရာသတ်မှတ်ချက်နဲ့ ပတ်သက်ပြီး တဖွဲ့နဲ့ တဖွဲ့အကြား ညှိနှိုင်းမရသေးတဲ့ အနေအထားဖြစ်ပါတယ်။

လက်ရှိ ဖြစ်ပျက်နေတဲ့ တိုက်ပွဲ အနေအထား၊ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်မှု မရှိတာ၊ ရခိုင်ပြည်နယ်ဟာ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ စီးပွားရေးစီမံကိန်းနယ်မြေ ဖြစ်နေတာတွေဟာ ဒီဒေသကို လုံးဝလက်လွှတ်ရတဲ့ အဖြစ်မျိုး မရောက်အောင် အာဏာသိမ်းစစ်တပ်အနေနဲ့ ကြိုးစားလိမ့်မယ်ဆိုတာ ထင်ရှားတဲ့အချက် ဖြစ်ပါတယ်။

အိမ်နီးချင်းလည်း ဖြစ်သလို အင်အားကြီးနိုင်ငံ ၂ နိုင်ငံလည်း ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ အနေနဲ့ ရခိုင်ပြည်နယ်မှာ အရှိန်မြင့်လာမဲ့ စစ်ပွဲတွေ၊ ပြန်ပြီး သိမ်းယူနိုင်ဖို့ ကြိုးပမ်းကြတဲ့နေရာတွေမှာ ဘယ်လိုအခန်းကဏ္ဍမှာ ပါဝင်ပတ်သက်မှု ရှိနိုင်သလဲဆိုတာလည်း စိတ်ဝင်စားစရာ အချက်တခု ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar