လေခဏီ - သင်္ကြန်ဧချင်း
လေခဏီ - သင်္ကြန်ဧချင်း
မိုးမခ ၊ ဧပြီ ၁၆ ၊ ၂၀၂၆
သင်္ကြန်ကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျကြတာပဲ။ သင်္ကြန်ကျလို့ တော်လှန်ရေးမဖြစ်မှာ မပူနဲ့။ သင်္ကြန်ကိုယ်နှိုက်က တော်လှန်ရေး။
ပြောင်းလဲခြင်းသည် သင်္ကြန်။ အသစ်ဖြစ်တည်တဲ့ ကာလ၊ အဟောင်းကြွေ အသစ်ဝေတဲ့ ကာလ။ ပုရစ်ဖူးသစ်တွေနဲ့ နုမျစ်လန်းရွှင် တစ်လောကလုံး အရောင်သစ်တွေ ဆင်နေတဲ့သမယ။ ဒီလိုကြွတက်သွက်နေတဲ့ နွေဦးပွဲတော်မှာ နွှဲပျော်တဲ့ သင်္ကြန်မို့ တော်လှန်ရေး၊ တော်လှန်သွေး၊ တော်လှန်စိတ်၊ တော်လှန်နိမိတ်က ဆောင်ပြီးသား။ အသစ်ဖြစ်ကာလမို့ လောကတစ်ခွင် အဟောင်းမြင်ရဖို့ မရှိ။ အဟောင်းရှိနေရင်လည်း မဖြစ်ထွန်းတဲ့ သဘော။
သင်္ကြန်သည် ကြည်စေ၊ ရွှင်စေကို အခြေခံသည်။ မာစေ၊ သာစေကြောင်း ပြုသည်။ ညီညွတ်မှု၏ ပရိုတိန်း၊ ယိမ်းအက ရာသီ။ စုပေါင်းအင်အား ပြချိန်မှာမှ အရွယ်စုံ ပါဝင်ကြသည်။ အပြန်အလှန် ဖေးမသည်။ တစ်ဦးချင်း၏ တီထွင်ကြံဆအားကို ယူပြီး စုပေါင်းဖွဲ့သီသည်။ တစ်ကိုယ်တော် ဖီလင်နဲ့လည်း ကြည်ရွှင်သည်။ မိသားစုနဲ့၊ သူငယ်ချင်းနဲ့၊ မိတ်ဆွေနဲ့၊ ရပ်ရွာနဲ့၊ မြို့နယ်နဲ့ ဖွဲ့သီကြ၊ ချဲ့ထွင်ကြသည်။
မကောင်းတဲ့ သဘောတွေ စောကြောသည်။ မကောင်းဆိုးဝါးတွေ နှင်ထုတ်သည်။ တရားကို ဆင်ခြင်သည်။ ဓမ္မဘက်ကို လက်ထုတ် ခြေဆန့်သည်။ အဓမ္မကို ခေါင်းခါသည်။
သီချင်းအသစ်တွေ ဖန်တီးသည်။ ကကွက်အသစ်တွေ ဖော်ကြသည်။ စိတ်ကူးအသစ်တွေ ခြယ်မှုန်းသည်။ ဆိုင်းဘုတ်အသစ်တွေ တင်ကြသည်။ စကားလုံးအသစ်တွေ ထုဆစ်သည်။ မြတ်နိုးဖွယ် အဟောင်းတွေ ထိန်းသိမ်းမွမ်းမံကြသည်။ ဖုန်ခါသည်။ ထောက်ပြစရာတွေ၊ ဝေဖန်စရာတွေကို တစ်လောကလုံး ကြားအောင် သံချပ်ထိုးသည်။
သင်္ကြန်၏ အလုပ်သည် ဆေးကြောခြင်း ဖြစ်သည်။ အညစ်အဟောင်းတွေ ကောင်းအောင် လုပ်သည်။ တစ်နှစ်ထက်တစ်နှစ်၊ တစ်ရစ်ထက်တစ်ရစ်၊ တစ်ခေတ်ထက်တစ်ခေတ် သစ်လွင်တောက်ပမှု ပြုသည်။ ညစ်ညမ်းလို့ မရ။ စနစ်နွမ်းလို့ မရ။ အပစ်ကြမ်းလို့ မရ။ ခေတ်သွမ်းလို့ မရ။
အခါက သွေးသစ်လောင်းချိန်၊ ကာလသည် အရေခွံလဲချိန်၊ သမယကိုယ်တိုင်က ညွှန့်ဖူးချိန်၊ ပွင့်သီးချိန်၊ ရသသစ်တို့ ထုဆစ်ချိန်၊ စိတ်ကူးမြူးချိန်၊ မျှော်ရည်ချိန်၊ အိပ်မက်ချိန်၊ နိုးထချိန်၊ ဆာလောင်ချိန်၊ စိမ့်ထွက်ချိန်၊ လေရူးချိန်၊ နွေဦးဂိမှာန်။
နွေဦးသည် သစ်ခြင်းနိယာမ။ သင်္ကြန်သည် အပြောင်းအလဲ သင်္ကေတ။ လူ့ဆန္ဒသည် ဖန်တီးခြင်း သဘာဝ။ သုံးခုပေါင်းသည် လောကဓမ္မတာ။ တော်လှန်မှုသည် လောကသစ္စာ။ အကြောင်းစုံရင် အကျိုးထင်လာတော့တာ။ နွေဦးဟာ တော်လှန်စိတ်ကို ထွန်းညှိတော့တာ။ တော်လှန်စိတ်က အဟောင်းအညစ် မပြောင်းမသစ်ကို အကြေးလှန်။ အသစ်လမ်းဆာ နှစ်ဆန်းခါတော်။
ပူလောင်မှုတွေ အေးမြစေ သင်္ကြန်ရေ။ ဆာလောင်မှုတွေ ကင်းပစေ မျှလို့ဝေ။ နားလည်ခြင်းတွေ စီးဆင်းစေ သင်္ကြန်ရေ။ အနားယူ အားထူထောင် နေလောင်နွေ။ အသစ်မက်သူ၊ ချစ်ဖက်တူ အချင်းချင်း အမျက်အအီမရှိ၊ ပီတိ မုဒိတာ လူ့အသိ ဖြာဝေ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar