မောင်တူး - စာဆိုတော်ကြီး ဇော်ဂျီ ၁၁၉ နှစ်မြောက်
မောင်တူး - စာဆိုတော်ကြီး ဇော်ဂျီ ၁၁၉ နှစ်မြောက်
မိုးမခ ၊ ဧပြီ ၁၆ ၊ ၂၀၂၆
ဇော်ဂျီရုပ်လေးတွေကို သဘောကျလို့
ဇော်ဂျီဆိုတဲ့ စာဆိုတော်ကြီးက
ဇော်ဂျီကလောင်အမည်ကို ယူခဲ့သတဲ့
ဇော်ဂျီ မွေးနေ့ ၁၁၉ နှစ် ရောက်ပါပြီ။
ကဗျာဆရာကြီး ဇော်ဂျီ (ဦးသိန်းဟန်) ကို ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ အဖဦးယော၊ အမိဒေါ်စိန်ညွန့်တို့က ၁၉၀၇-ခုနှစ်၊ ဧပြီလ ၁၂ ရက်၊ သောကြာနေ့က ဖွားမြင်ခဲ့တယ်။ နာမည်ရင်းက ဦးသိန်းဟန်ပါ။ အခု ၂၀၂၆ ခုနှစ် ဧပြီလ ၁၂ ရက်မှာ သူ့ကို မွေးဖွားခဲ့တာ ၁၁၉ နှစ် ရှိပါပြီ။ ၁၂၀ ပြည့် တနှစ် အလိုပေါ့။
ဇော်ဂျီ
ဖေဇော်ဂျီ
အနီဆင်သလို့
ယဉ်လှပုံထူး ။
အလို ရှုစမ်းပါ့
မြိုင်တန်းမှာ မာန်အကြိမ်းတွေနဲ့
ရှိန်းသတ်လို့ မြူး ။ ။
ဇော်ဂျီ
ဂန္တလောကမဂ္ဂဇင်း ၂၁ /၁၃၂ ဇန်နဝါရီ ၁၉၃၆
ကဗျာခေါင်းစဉ်က ဇော်ဂျီ၊ ရေးဖွဲ့သူကလည်း ဇော်ဂျီပါ။ ဆရာဇော်ဂျီဟာ ငယ်စဉ်က ဖျာပုံမြို့ ဘုန်းတော်ကြီးကျောင်းမှာ ပညာသင်ကြားခဲ့တယ်။ သူဟာ ၁၆ နှစ်သားလောက်ကစ ကွယ်လွန်ချိန် အသက် ၈၀ ကျော်အရွယ်အထိ ဘ၀တလျှောက်လုံး စာတွေ ရေးခဲ့ရာမှာ ကဗျာ၊ ၀တ္ထုတို၊ ပုံပြင်၊ ပြဇာတ်၊ ဆောင်းပါး၊ စာတမ်း၊ စာတမ်းငယ်၊ ဘာသာပြန်တွေတင်မက မြန်မာ့သမိုင်းစာအုပ်၊ ကျောင်းသုံးဖတ်စာတွေ အပါအဝင် စာအမျိုးအစားစုံ ရေးသားပြုစုခဲ့တာပါ။ အထူးသဖြင့် သူ့ကဗျာတွေမှာ အတွေးအခေါ် ဒဿနအမြင်တွေ ဝေဝေဆာဆာ ပါဝင်နေလေ့ရှိတယ်လို့ ဆရာဇော်ဂျီအကြောင်း သုံးသပ် ရေးသားသူတွေက ပြောခဲ့ကြပါတယ်။
သင်သေသွားသော်
ဩော်...
လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။
သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။ ။ (ဇော်ဂျီ)
"သို့တပြီးကား" ဆိုတဲ့ စကားလုံးဟာ ဆန်းနေပါတယ်။ သို့သော်လည်း ဆိုတဲ့သဘောလို့ ကျနော် နားလည်မိပါတယ်။ ဆရာဇော်ဂျီဟာ အဲ့သည်လို စကားလုံး ကလေးတွေ ရေးဖွဲ့တတ်သူပါ။ နောက်တခါမှာလည်း "ချစ်တုံ့ပုန်း" ဆိုတဲ့ စကားလုံးလေးကို ဆရာဇော်ဂျီက သုံးဖူးပါတယ်။ "ချစ်တုံ့ပုန်း" ကို သူ့ရဲ့ နာမည်ကျော် ဗေဒါလမ်း ကဗျာစုမှာ သုံးခဲ့တာပါ။
အိုအချင်း ကျူရိုးရှင်။
မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်။
ဟိုအကွေ့မှာလ
ကိုရင်ဖေ့ ချစ်ရေစင်၊ ပျိုခင်ရဲ့အနွဲ့။
ပျို့လက်မှာ မယ်ဗေဒါက
ပျို့မျက်နှာ ချစ်တုံ့ပုန်းကို၊
ပြုံးကြည့်ချင်ငဲ့။ ။
(ဇော်ဂျီ)
ကျနော်တို့ သုံးစွဲနေကြတဲ့ စကားလုံးက ချစ်အုံ့ပုန်း ပါ။ အုံ့ပုန်းချစ်။ အုံ့ပုန်း စတာတွေပါ။ "အုံ့ပုန်းချစ်နဲ့ နေရမှာလားကွယ်" ဆိုတဲ့ သီချင်းတောင် ရှိပါရဲ့။ အုံ့ပုန်းချစ်နဲ့ တရက်လောက် ချစ်ရတာရယ် စတာတွေပေါ့။ "ချစ်တုံ့ပုန်း" ဆိုတဲ့ စကားလုံးကတော့ ဆရာဇော်ဂျီရဲ့ စိတ်ကူးနဲ့ ရေးခဲ့တာပါ။ ကဗျာ ဆရာကြီးတက္ကသိုလ်မင်းမော်က "ကဗျာကိစ္စပြီးသူ (သို့မဟုတ်) ဆရာဇော်ဂျီ" ဆောင်းပါးမှာ "ချစ်တုံ့ပုန်း" စကားလုံးအကြောင်းကို အခုလို ရေးခဲ့တယ်။
"ဗေဒါလမ်းကဗျာတပုဒ်ကို ရေးပြီးစကလည်း ကျနော်ဖတ်ရပါသည်။ ဖတ်ပြီးနောက် ဘာများမေးချင်သနည်းဟု ပြောရာ ကျနော်က စတုတ္ထအပိုဒ် နောက်ဆုံးစာကြောင်းက "ချစ်တုံ့ပုန်း" ဟူသော စကားလုံးနှင့်ပတ်သက်၍ မေးမိပါသည်။ "ချစ်တုံ့ပုန်း" ဟု ရေးထားသဖြင့် "ချစ်အုံ့ပုန်း" ကို အမှတ်မထင် အရေးများ မှားသွားလေသလား မသိဟု ပြောရာ ဆရာက "ချစ်အုံ့ပုန်း" မဟုတ် "ချစ်တုံ့ပုန်း" သာဖြစ်ကြောင်း၊ "ချစ်အုံ့ပုန်း" ဟူသော စကားသည် အများသုံးထား၍ ရိုးစင်းနေသည်ဟု သူထင်ကြောင်း၊ ထို့ကြောင့် "ချစ်တုံ့ပုန်း" ဟူသော စကား ထွင်ထားသည်သာဖြစ်ကြောင်း၊ "ချစ်အုံ့ပုန်း" ၏ အဓိပ္ပာယ်မှာ မိမိဘာသာဖြစ်၍ မိမိအချစ်ကို တဖက်က မသိအောင် ဖုံးကွယ်ထား၍ တုံ့ပြန်ချင်သည့်သဘောလည်း မပါကြောင်း၊ "ချစ်တုံ့ပုန်း" ၏ အဓိပ္ပာယ်မှာ ထိုသို့မဟုတ်၊ မိမိကလည်း တုံ့ပြန်၍ ချစ်ချင်ကြောင်း၊ သို့သော်လည်း ထိုတုံ့ပြန်ချင်သည့် အချစ်စိတ်ကို ဖုံးကွယ်ထားချင်သည့် သဘောလည်းပါကြောင်းဖြင့် ရှင်းပြပါသည်။ ရှင်းပြပြီးနောက် "ချစ်အုံ့ပုန်း" ကို သူသိသော်လည်း အဓိပ္ပာယ်ကို အားမရသဖြင့် အားရသောအဓိပ္ပာယ်ပါမည့် စကားလုံး အမျိုးမျိုးကို သူဖွဲ့စပ်ကြည့်ကြောင်း၊ နောက်ဆုံး လေးငါးဆယ်ရက်ကြာမှ သူတီထွင်ကြည့်သည့် စကားလုံးများအနက်မှ "ချစ်တုံ့ပုန်း" ဟူသော စကားလုံးကိုသုံးရန် သူဆုံးဖြတ်ခဲ့ကြောင်း ပြောပြခဲ့ပါသည်။
ကဗျာဆရာကြီး တက္ကသိုလ်မင်းမော်ရဲ့ ရေးသားချက်အရ "ချစ်တုံ့ပုန်း" ဟာ ချစ်အုံ့ပုန်း မဖြစ်သင့်ပါ။ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာကို ပြန်လည် ထုတ်ဝေရာမှာ တချို့စာအုပ်တွေမှာ ချစ်တုံ့ပုန်း အစား ချစ်အုံ့ပုန်း လို့ ပြောင်းလည်း ဖော်ပြနေကြပါတယ်။
ကဗျာဆရာဘဝကိုသာနှစ်သက်သူ ဆရာဇော်ဂျီ
ဆရာဇော်ဂျီဟာ ကဗျာဆရာဘဝကို အတော်မြတ်နိုးပါတယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောကြလေ့ရှိပါတယ်။ ဆရာ့ဇော်ဂျီရဲ့ ကဗျာအများစုဟာ ဒဿနအမြင်တွေ ပါဝင်ပြီး ကဗျာကို ဖတ်ပြီး တွေးကြည့်ရင် တွေးကြည့်နိုင်သလောက် ကျယ်ဝန်းပါတယ်။ စာရေးဆရာကြီးတက်တိုးက ဇော်ဂျီရဲ့ ကဗျာတွေဟာ အတွေးအခေါ်တွေနဲ့ ပြည့်နှက်နေကြောင်း သူ့ဆောင်းပါးတွေမှာ ရေးဘူးပါတယ်။ ကွယ်လွန်သူ သံအမတ်ကြီး ဦးသက်ထွန်းကလည်း “Our Philosophic Poet” လို့ ခေါင်းစဉ်တပ် ဆောင်းပါးရေးဖူးပါတယ်။ ဆရာဇော်ဂျီကတော့ "ကဗျာဆရာ" ဘဝကိုသာ နှစ်သက်ပါတယ်လို့ သူကိုယ်တိုင်ရေး စာတွေမှာ ဖော်ပြလေ့ရှိတာပါ။
၁၉၄၂ ခုနှစ် ရန်ကုန် မြို့မအထက်တန်းကျောင်းမှာ တက်နေတုန်းမှာပဲ ဆရာကြီးဇော်ဂျီဟာ ကဗျာကို စရေးခဲ့ပြီး အဲ့သည်နှစ် ဆာဂျေအေမောင်ကြီးရဲ့ သစ္စာဝါဒီသတင်းစာ ကဗျာ ဘာသာပြန်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ယှဉ်ပြိုင်ခဲ့ရတဲ့ ကဗျာကတော့ အင်္ဂလိပ်ကဗျာဆရာ ဟင်နရီဝေါ်တန်ရဲ့ “The Character Of A Happy Life” ကဗျာပါ။ ပထမဆု ရရှိခဲ့ပါတယ်။ ၁၉၂၈ ခုနှစ်မှာတော့ နာမည်ကျော် ကဗျာတပုဒ် ဖြစ်လာမဲ့ ပိတောက်ပန်းကဗျာကို ဆရာကြီးဇော်ဂျီ ရေးဖွဲ့ခဲ့ပါတယ်။ သူဟာ ဂန္ထလောကမဂ္ဂဇင်း၊ ကြီးပွားရေးမဂ္ဂဇင်းတွေမှာ ကဗျာတွေကို ရေးသားခဲ့ပါတယ်။ ၁၉၃၄ ခုနှစ်ကတည်းကလည်း ဆရာကြီး ဦးဖေမောင်တင်က ဆရာဇော်ဂျီနဲ့ ဆရာ မင်းသုဝဏ်တို့ ရေးသားခဲ့ကြတဲ့ ကဗျာတွေကို စုပေါင်း ထုတ်ဝေပေးရာကနေ “ခေတ်စမ်းကဗျာ”လို့ မြန်မာစာပေ လောကမှာ နာမည်တွင်လာခဲ့ပါတယ်။ ခေတ်စမ်းစာပေကိုလည်း သိပ္ပံမောင်ဝ၊ ကုသ၊ မင်းသုဝဏ်တို့နဲ့အတူ ဆရာဇော်ဂျီက ရေးသားခဲ့ပါတယ်။ "ခေတ်စမ်းပုံပြင်များ" စာအုပ် စုပေါင်းထုတ်ဝေခဲ့ကြပါတယ်။ တကယ်တော့ ဆရာဇော်ဂျီတို့ရဲ့ ခေတ်စမ်းပုံပြင်တွေဟာ အခုခေတ် ဝတ္ထုတိုတွေပါပဲ။ ဒါ့အပြင် ဆရာဇော်ဂျီရဲ့ ကဗျာရေးသားပုံ ထူးခြားချက်တရပ်မှာ သူဟာ ကဗျာတွေကို ရေးသားဖွဲ့သီရာမှာ အကြောင်းအရာ တရပ်ရပ်ကို နောက်ခံထားပြီး ပုံစံတူ အမျိုးအစားတူ ကဗျာစုတွေအဖြစ် ရေးဖွဲ့ခဲ့တာပါ။ ဥပမာဆိုရရင် (ဗေဒါလမ်းကဗျာစုတွေ၊ ညီသစ်ဆင်းကဗျာစုတွေ၊ ပုဂံကဗျာစုတွေ စသဖြင့် ဖြစ်ကြပါတယ်။)
တို့တိုင်းပြည်
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
စေတီစပါး များလည်းများ၏
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
ယာစကာမျိုး တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား များလည်းများ၏
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။
ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျော့လုံ့လ
သူကစ၍ ငါကအားလုံး
လက်ရုံးများမြောင် ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော့
ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤယာစပါး ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍
တဝမ်းတစိတ် ညီစေသတည်း။ ။ (ဇော်ဂျီ)
ဆရာဇော်ဂျီရဲ့ ကဗျာတွေမှာ ဒဿနတွေနဲ့ ပြည့်လျှမ်းနေတယ်လို့ ပြောကြတယ်။ "တို့တိုင်းပြည်" ကဗျာကိုလည်း မြန်မာပြည်သူ ပြည်သားတွေ ဖိနှိပ်သူတွေကို တွန်းလှန်ဖို့ နိုးကြားတက်ကြွေစေလိုတဲ့ စေတနာနဲ့ လွန်ခဲ့တဲ့ ၉၁ နှစ် ၁၉၃၅ ခုနှစ်က ရေးခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့ နွေဦးတော်လှန်ရေးအထိ ခေတ်မီနေဆဲ ကဗျာပါ။ "တို့တိုင်းပြည်" ကဗျာဟာ ပြည်သူ ပြည်သားအပေါင်းတို့ ထကြွကြပါတော့၊ သွေးမအေးကြပါနဲ့။ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ဖို့ တစိတ်တဝမ်းတည်း နွေဦးမှာ ညီညွတ်ကြပါစို့လို့ ပြောနေသလိုလို။
အလားတူ ဆရာဇော်ဂျီရဲ့ "သင်သေသွားသော်" ကဗျာကလည်း လူတိုင်း တနေ့ကျ သေရမှာပါ။ ဒါကြောင့် အခု ကြုံကြိုက်တုန်း နွေဦးတော်လှန်ရေးကြီးမှာ နိုင်သမျှ ပါဝင်ကြပြီး ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်လို့ နောင်မျိုးဆက်တွေ အခြေတိုးမြင့် ကျန်ကောင်းသင့်ကြောင်း သတိပေးနေတာလို့ တွေးတော ယူဆနိုင်ပါတယ်။
စာဆိုကြီး ဇော်ဂျီအပေါ် စာရေးဆရာကြီးများအမြင်
ကွယ်လွန်သူ စာရေးဆရာကြီး မြသန်းတင့်ကတော့ "ဇော်ဂျီရဲ့ ကဗျာဟာ တလောကလုံးနဲ့ ဆိုင်ပါတယ်။ လူတယောက်ရဲ့ ပုဂ္ဂလိက ခံစားမှု သက်သက် မဟုတ်ပါဘူး။ ကြည့်လိုက်ရင် ပုဂ္ဂလိကဆန်သလို ထင်ရပေမဲ့ ဒိဌဓမ္မတရား ဖြစ်နေပါတယ်။ သီးခြားဆန်သလို ထင်ရပေမဲ့ ယေဘုယျသဘောကို ဆောင်နေပါတယ်။ အစိတ်အပိုင်းကလေး တခုလို့ ထင်ရပေမဲ့ တခုလုံး ဖြစ်နေပါတယ်။
ကွယ်လွန်သူ စာရေးဆရာကြီး တက်တိုးကတော့ ဆရာဇော်ဂျီ ရေးသားခဲ့တဲ့ စာအုပ်တွေဟာ မြန်မာစာပေလောကအတွက် အထင်ကရ စာပေတွေ ဖြစ်သလို ဆရာဇော်ဂျီဟာ “ဒဿနစာဆို” ဆိုပြီး မှတ်ချက်ပြု ပြောကြားလေ့ရှိခဲ့ပါတယ်။
ကဗျာ ဆရာကြီး တက္ကသိုလ်မင်းမော်ကတော့ “ဆရာ ဇော်ဂျီသည် စိတ်ကူးတခုရလျှင် ထိုစိတ်ကူးကို ကြည်လင်အောင် ဆင်ခြင်ပြီးမှ၊ အတွေးတခုရလျှင် ထိုအတွေးကို ပြတ်သားအောင် ဆင်ခြင်ပြီးမှ၊ အသိတခုရလျှင် ထိုအသိကို ရှင်းလင်းအောင် ဆင်ခြင်ပြီးမှ ကဗျာကိုပီပြင်အောင်၊ သပ်ရပ်အောင် စိတ်ရှည်လက်ရှည်နှင့်၊ သည်းခံစွာနှင့် လောဘမထားဘဲ အေးဆေးတည်ငြိမ်စွာ ကဗျာစပ်သူ ဖြစ်ပါသည်။ ဆရာနှင့်ပတ်သက်၍ ကျနော့် အတွေ့အကြုံ၊ ကျနော့်ခံစားမှုအရ ပြောရလျှင် ဆရာဇော်ဂျီသည် သူ့စိတ်ကူး၊ သူ့အတွေး၊ သူ့အသိတို့ကို တရားအဆင့်ရောက်သည်အထိ ဆင်ခြင်၍ မရမချင်း ကဗျာစပ်ခဲ့သူမဟုတ်ဟု ဆိုချင်ပါသည်” လို့ ကဗျာကိစ္စပြီးသူ (သို့မဟုတ်) ဆရာဇော်ဂျီ ဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အတွက် ကဗျာ
ဆရာကြီးဇော်ဂျီဟာ " သခင်ကိုယ်တော်မှိုင်းဋီကာ " စာအုပ်နဲ့ ၁၉၅၅ ခုနှစ်အတွက် စာပေဗိမာန် စာပဒေသာဆု ရခဲ့ပါတယ်။ အလားတူ " နင်လားဟဲ့ ချစ်ဒုက္ခ " ဝတ္ထုတိုပေါင်းချုပ် စာအုပ်နဲ့လည်း အမျိုးသားစာပေဆု (ဘာသာပြန်ဆု) ရခဲ့ပါတယ်။ ဆရာကြီး ဇော်ဂျီဟာ ၁၉၉၀ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့တာ ၃၆ နှစ် ရှိပါပြီ။ ကွယ်လွန်ချိန်ကတော့ ဆရာကြီဇော်ဂျီရဲ့ အသက်ဟာ ၈၃ နှစ် ရှိနေခဲ့ပါပြီ။ အခု ၂၀၂၆ ခုနှစ် ဧပြီလ ၁၂ ရက်မှာ စာဆိုတော်ကြီး ဇော်ဂျီ ၁၁၉ နှစ် ရှိပါပြီ။ ၁၂၀ ပြည့်အတွက် တနှစ်အလိုပေါ့။ သူ့ကဗျာတပုဒ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရေးခဲ့တာပါ။ ဒါပေမဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ကဗျာအဖြစ် အများက မှတ်ထင်နေကြပါတယ်။
ပန်းပန်လျက်ပဲ
ညိုပြာပြာ၊ လတာပြင် ခြေရင်း။
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာ ဆင်း။ ။
ဆင်းရလည်း မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ။
အဆင်းနဲ့ အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူနံဘေး၊ ဆောင့်ခဲ့ရသေး။ ။
ဆောင့်ခဲ့လည်း မသက်သာ။
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ။
မြုပ်ပေပေါ့ ပေါ်မလာ၊ မဗေဒါ အလှ။
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။ ။
ပေါ်ပြန်လည်း မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲ ထွက်လို့လာ။
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်တည်း။ ။
အယက်အကန်ခံလို့၊ ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ။ ။
(ဇော်ဂျီ)
ဒီကဗျာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝနဲ့ တူနေတယ်လို့ တွေးကြ ပြောကြပါတယ်။ ကဗျာဆရာကြီး မောင်စွမ်းရည်ကတော့ "ပန်းပန်လျက်ပါ" ကဗျာကို ခံစားပြီး "ပန်းပန်လျက်သာ မဗေဒါ" ကို ဒေါ်စုအတွက် ရေးစပ်ခဲ့တာပါ။
‘‘ဝင်ပြန်လဲအခါခါ
ထွက်လာရ အပွဲပွဲ
ခု ဗေဒါ ထောင် ဝင်ထွက်
ပန်းပန်လျက်ပဲ’’ တဲ့ ..။ ဆိုပြီး ရေးခဲ့ပါတယ်။ ဗေဒါမ ဒေါ်အောင်ဆန်းစုကြည် ထောင်ဝင်သက် ငါးနှစ်မှာ လွတ်မလာသေး လွှတ်ပေးဖို့ တောင်းဆိုနေကြတဲ့အချိန်မှာ "ဗေဒါလမ်း" ကဗျာရေးခဲ့သူ ကဗျာစာဆိုကြီး ဇော်ဂျီရဲ့ ၁၂၀ ပြည့် မွေးနေ့အကြိုကာလကတော့ ရောက်ရှိလာပါပြီ။ ဆရာကြီးဇော်ဂျီရဲ့ ကဗျာထဲကလို
ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျော့လုံ့လ
သူကစ၍ ငါကအားလုံး ညီညာညာရုန်းကန်တိုက်ပွဲဝင်ကြမှ ပြည်သူလူထုအပေါင်းကို နှိပ်စက် သတ်ဖြတ် ဖိနှိပ် ချုပ်ချယ်နေတဲ့ စစ်အာဏာရှင်တွေ ချုပ်ငြိမ်းသွားမှာ ဖြစ်ပါတယ်လို့သာ ပြောကြားလိုပါတယ်။ ။
ကိုးကား. . .
(၁) ကဗျာကိစ္စပြီးသူ (သို့မဟုတ်) ဆရာဇော်ဂျီ - တက္ကသိုလ် မင်းမော်
(စာပေဂျာနယ်၊ အောက်တိုဘာ၊ ၁၉၉၂)
(၂) ဇော်ဂျီ (ဇွန် ၁၉၉၈)။ ဇော်ဂျီ ကဗျာပေါင်းချုပ်။ ရန်ကုန်: စာပေလောကစာအုပ်တိုက်။ p. ၁၀၃။
(၃) ဗေဒါလမ်း ဇော်ဂျီ ရန်ကုန်တက္ကသိုလ်ကလောင်အသင်း၊ နိုဝင်ဘာ ၁၉၆၃
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar