Breaking News

ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAက စစ်ခေါင်းဆောင် သမ္မတလုပ်တဲ့ အစိုးရအဖွဲ့ကို ကြိုဆို

မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၁၅ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၆ ၊ ၂၀၂၆


ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAက စစ်ခေါင်းဆောင် သမ္မတလုပ်တဲ့ အစိုးရအဖွဲ့ကို ကြိုဆို

ယမန်နှစ် အောက်တိုဘာ ၂၈ ရက်နေ့က အာဏာသိမ်းစစ်တပ်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က “ဦးမင်းအောင်လှိုင်ဦးဆောင် ဖွဲ့စည်းလိုက်သည့် မြန်မာအစိုးရသစ်ကို ကြိုဆိုကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခြင်း” ဆိုတဲ့ ခေါင်းစဥ်နဲ့ ထုတ်ပြန်ချက်တစောင်ကို ဧပြီလ ၁၅ ရက်နေ့နေ့စွဲနဲ့ အများသိအောင် ထုတ်ပြန်ခဲ့ပါတယ်။ 

၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့မှာ TNLA အနေနဲ့ အာဏာသိမ်းစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲကြောင်း သဘောတူခဲ့ပြီးနောက် မိုးမိတ်နဲ့ မိုးကုတ်မြို့တွေကို အာဏာသိမ်းစစ်အစိုးရထံ ပြန်လည်လွှဲပြောင်းပေးဖို့ အချက်လည်း အပစ်ရပ် သဘောတူညီမှုရဲ့ နှစ်ဖက်လုပ်ဆောင်ရမယ့် အချက်အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ သဘောတူညီမှုအတိုင်း မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ ၂ မြို့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်မှာ TNLA က စစ်တပ်လက်ထဲ လွှဲပြောင်းပေးခဲ့ရပြီး မလွှဲပြောင်းမီ TNLA နဲ့အတူ မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့ မိုးကုတ်မြို့ထဲက ထွက်ခွာပေးဖို့ TNLA က ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ် တွေ မိုးကုတ်မြို့ထဲ ဝင်ရောက်လာရာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ခိုက်မှုတွေ မဖြစ်ပွားရအောင် TNLA ဘက်က လုံခြုံရေးစောင့်ရှောက်ပေးခဲ့ရတာလည်း ဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်တွေ ဖြစ်ပွားခဲ့ပြီးနောက် ၃ လ ခန့်အကြာမှာ TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို MNDAA ကိုးကန့်လက်နက်ကိုင် အဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ကာ သိမ်းယူလိုက်ပြီး ကိုးကန့်လက်နက်ကိုင်အဖွဲ့ရဲ့ အုပ်ချုပ်မှုအောက် ထည့်သွင်းကာ မူဆယ်-လားရှိုးကားလမ်းတလျှောက် MNDAA မှ အပ အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို စစ်ဆေးရေးဂိတ်တွေ ဖယ်ရှားဖို့လည်း MNDAA က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်နဲ့ TNLA အပစ်ရပ်သဘောတူညီမှုမတိုင်ခင်မှာ TNLA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းယူထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ မြို့ ၃ မြို့ကို အာဏာသိမ်းစစ်တပ်က ပြန်လည် တိုက်ခိုက်သိမ်းယူခဲ့ပြီး ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ကာလတွေအတွင်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့ မြို့အချို့ ပြန်လက်လွှတ်ခဲ့ရချိန် အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ မြို့တွေ ရွာတွေကို ဆက်တိုက်လုပ်လာချိန်မှာ TNLA အနေနဲ့ တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်တဲ့ အပစ်ရပ် သဘောတူညီချက်ကို သဘောတူခဲ့တာ ဖြစ်ပြီး အများကတော့ တရုတ်နိုင်ငံရဲ့ ဖိအားနဲ့ လေကြောင်းတိုက်ခိုက်မှုတွေက အပစ်ရပ်သဘောတူဖို့ အဓိက အကြောင်းရင်းတွေအဖြစ် ကောက်ချက်ချခဲ့ကြတာ ဖြစ်ပါတယ်။ 

၂၀၂၅ နှစ်ကုန်နဲ့ ၂၀၂၆ နှစ်ဆန်းမှာ အာဏာသိမ်းစစ်အစိုးရက ဦးဆောင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်စဥ်တွေမှာတော့ TNLA ထိန်းချုပ်နယ်မြေက ဘာပူးပေါင်းဆောင်ရွက်မှုမှ မလုပ်ဆောင်ခဲ့ပေမယ့် ရွေးကောက်ပွဲရဲ့ အကျိုးဆက်ရလဒ် ဖြစ်တဲ့ လွှတ်တော်ခေါ်ယူကာ သမ္မတနဲ့ အစိုးရအဖွဲ့ဖွဲ့စည်းခဲ့တဲ့ အပေါ် PSLF/TNLA က ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့လိုက်တာ ဖြစ်ပါတယ်။ 

ဒီကြေညာချက်က အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင် တိုက်ခိုက်နေကြတဲ့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေနဲ့ ထောက်ခံသူတွေကို အံ့အားသင့်စေတာလည်း ဖြစ်ပါတယ်။ ဧပြီလ ၁၀ ရက်နေ့မှာ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ စစ်တပ်ရာထူးတာဝန်တွေကို အဆုံးသတ်ခဲ့ပြီး အရပ်သားအဖြစ်နဲ့ သမ္မတရာထူးကို ရယူခဲ့ပြီး အစိုးရအဖွဲ့ဝင်တွေကို ခန့်အပ်တဲ့ အခမ်းအနား၊ ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါနေ့မှာပဲ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ် တို့က ကြိုဆို ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွေ ထုတ်ခဲ့တာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနက် ဝ တပ်ဖွဲ့နဲ့ မိုင်းလားအဖွဲ့ ၂ ဖွဲ့တို့က ကြိုဆိုကြောင်း ထုတ်ပြန်ချက်ထုတ်ခဲ့ပေမယ့် အခြားသော လက်နက်ကိုင်အဖွဲ့တွေ ထုတ်ပြန်တာမတွေ့ရသေးချိန်မှာ အခုလို TNLA က တတိယမြောက် အဖွဲ့အနေနဲ့ ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

ထုတ်ပြန်ချက်ရဲ့ တတိယအပိုဒ်မှာ “ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးအနေဖြင့် မြန်မာ့တပ်မတော်နှင့်အတူ နိုင်ငံတော် သမ္မတဦးမင်းအောင်လှိုင်၏ မြန်မာအစိုးရသစ်နှင့် အပစ်အခတ် ရပ်စဲရေး ကတိကဝတ်များကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းမဖြင့် ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာရန် အထူး မျှော်လင့်ထားပါကြောင်း"လို့ ဖော်ပြထားတာလည်း တွေ့ရပါတယ်။ 

ဒီစာသားပါ ဆိုလိုရင်းကို အကဲဖြတ်ကြည့်မယ်ဆိုရင် TNLA အနေနဲ့ စစ်တပ်နဲ့ အပစ်ရပ်သဘောတူညီမှုကို ဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒရှိတာကို ထင်ရှားစွာ တွေ့ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ညီနောင် မဟာမိတ် ၃ ဖွဲ့ အဖြစ်နဲ့ ရှမ်းမြောက်ဒေသက နယ်မြေအများအပြားကို အာဏာသိမ်းစစ်တပ်လက်ထဲက တိုက်ယူသိမ်းပိုက်နိုင်ခဲ့ပြီး ပြင်ဦးလွင်နဲ့ မန္တလေးမြို့အနီးထိ စစ်ရေးအရ ခြိမ်းခြောက်နိုင်ခဲ့တဲ့ အခြေအနေကနေ တနှစ်ဝန်းကျင် အကြာမှာ အပစ်အခတ်ရပ်စဲမှုနဲ့အတူ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဆွေးနွေး အဖြေရှာနိုင်ဖို့ မျှော်လင့်ကြောင်း သဝဏ်လွှာပေးပို့ တဲ့အနေအထား ဖြစ်လာခြင်းဟာ နွေဦးတော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေအဖို့ စုစည်းညီညွတ်မှု လျော့ရဲလာတဲ့ အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

အပစ်ရပ် လက်မှတ်ထိုးတဲ့ လက်နက်ကိုင်အဖွဲ့၊ မင်းအောင်လှိုင် သမ္မတဖြစ်တာကို ကြိုဆိုတဲ့အဖွဲ့တွေက သစ္စာဖောက်တယ် ကတိကဝတ်ချိုးဖောက်တယ်လို့ မဆိုနိုင်သော်လည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ တညီတညွတ်ထည်း စုပေါင်းတိုက်ခိုက်အနိုင်ယူကြမယ်ဆိုတဲ့ ဘုံသဘောတူညီမှု၊ ဘုံကြိုးပမ်းမှုကို လွှတ်ချထားခဲ့ကြပြီး တဖွဲ့ချင်းရဲ့ ရပ်တည်ရေး၊ ရှင်သန်ရေးကို ဦးတည်လုပ်ဆောင်ကြတဲ့ အဖွဲ့တွေများလာပြီလား ဆိုတဲ့မေးခွန်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

လက်နက်ကိုင်တော်လှန်ရေးက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်ခင် အခင်းအကျင်း ရပ်တည်မှုမျိုးကို ပြန်ရောက်ရှိသွားပြီလား လမ်းများအားလုံး နေပြည်တော်ဆီသို့လို့ တင်စားပြောဆိုခဲ့ကြတဲ့ နေပြည်တော်ကို ဦးတည်တိုက်ခိုက်သိမ်းယူပြီး စစ်အာဏာရှင်တော်လှန်ရေးကို အောင်ပွဲခံကြမယ်ဆိုတဲ့ တိုင်တည်မှုက အကောင်အထည် ပေါ်လာဖို့ မရှိတော့ပြီလားဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။ 

ဒီလို တော်လှန်ရေး ဒီရေ ကျဆင်းသွားခြင်းဟာ ဘယ်အကြောင်းအချက်ကြောင့်လည်း ရန်သူဘက်က မဟာဗျူဟာအပြောင်းအလဲ၊ လက်တွေ့ ကျင့်သုံးမှုပိုင်း ပြင်ဆင်ပြောင်းလဲမှု၊ အခြေအနေနဲ့ ကိုက်ညီအောင် ပြုပြင်လုပ်ဆောင်နိုင်စွမ်းကြောင့်လား၊ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ပါဝင်စွက်ဖက်မှုကြောင့်လား၊ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းတွေ အသီးသီးကို ရည်မှန်းချက်နဲ့ အကျိုးစီးပွားတခုတည်းအောက် မစုစည်းနိုင်ကြတာကြောင့်လား စတဲ့ မေးခွန်းတွေ ယူဆချက်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။ 

အချို့ကလည်း အခုလက်ရှိ အခြေအနေတွေဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်း လက်နက်စွန့်စရာမလိုတဲ့ အပစ်အခတ်ရပ်စဲရေး အထူးဒေသတွေ ဖွဲ့စည်းပြီး ငြိမ်းချမ်းရေးအဖွဲ့တွေကို စည်းရုံးခဲ့တဲ့ ကာလတွေနဲ့ ပြန်လည်နှိုင်းယှဥ်ပြီး သုံးသပ်ကြည့်ကြတာ တွေ့ရပါတယ်။ အဲဒီကာလက စစ်ထောက်လှမ်းရေးကနေ နဝတ အတွင်းရေးမှူး ဖြစ်လာတဲ့ ခင်ညွန့်ရဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို စည်းရုံးသိမ်းသွင်းတဲ့ နည်းနာတွေက အတိုင်းအတာတခုထိ အောင်မြင်မှုရခဲ့ပြီး အပစ်အခတ်မရပ်တဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် အာရုံစိုက် ထိုးစစ်ဆင်နိုင်တဲ့ အခွင့်အလမ်းတွေ နဝတ စစ်အစိုးရက ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

ခု ၂၀၂၆ ခုနှစ် အနေအထားက ၁၉၉၀ ခုနှစ်အစပိုင်းတွေနဲ့ အလားသဏ္ဌာန် မတူသော်ငြားလည်း စစ်ဆင်ရေးနဲ့ ထိုးစစ်တွေကို ရှိသမျှ ငွေကြေးအရင်းအမြစ်နဲ့ လူသားအရင်းအမြစ်တွေကို သုံးပြီး လုပ်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအလွန်မှာ နိုင်ငံရေးနည်းလမ်း၊ တနည်း အပစ်ရပ်ပြီး မိမိတို့လက်နက်ကိုင် အဖွဲ့အနေနဲ့ ရောက်ရှိနေတဲ့အဆင့်အတန်းကို လျော့ကျမသွားအောင် ထိန်းထားနိုင်ရေးက အရေးကြီးလာတာကြောင့်လို့ ဆိုရင် ဖြစ်ပျက်နေတဲ့ အရှိတရားနဲ့ နီးစပ်ကောင်း နီးစပ်နေပါလိမ့်မယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar