Breaking News

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကြေညာ၊ ပညာရေးနဲ့ နွေဦးတော်လှန်ရေး


မြန်မာနွေဦးခရိုနီကယ် - ဇွန် ၂၈ မြင်ကွင်း

(မိုးမခ) ဇွန် ၂၉ ၊ ၂၀၂၆


တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကြေညာ၊ ပညာရေးနဲ့ နွေဦးတော်လှန်ရေး

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ  ပြီးခဲ့တဲ့မတ်လက ကျင်းပခဲ့တဲ့  ၂၀၂၅-၂၀၂၆ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းတွေကို ဇွန်လ ၂၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တနိုင်ငံလုံး ပျမ်းမျှ အောင်မြင်မှုရာခိုင်နှုန်း ၅၂ ရာနှုန်းရှိတယ်လို့ ကြေညာချက်အရ သိရပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြေဆိုသူ ၂သိန်း ၅ သောင်းကျော်ရှိခဲ့ရာက အောင်မြင်သူ ၁ သိန်း ၃ သောင်း ကျော်ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

နေရာဒေသတွေ အနေနဲ့ ဖြေဆိုသူ အရေအတွက် အများဆုံးဒေသက ရန်ကုန်တိုင်းဖြစ်ပြီး ဖြေဆိုသူ ၄ သောင်း ၆ ထောင်ကျော် ရှိပါတယ်။ မန္တလေးတိုင်းက ဖြေဆိုသူ ၄ သောင်း ၅ ထောင်ကျော်နဲ့ ဒုတိယနေရာမှာရှိကာ ဧရာဝတီတိုင်းက  ၃ သောင်း ၆ ထောင်ကျော်နဲ့ တတိယအများဆုံး ဖြေဆိုသူရှိတာတွေ့ရပါတယ်။ 

ဖြေဆိုသူ အနည်းဆုံးရှိတဲ့ ပြည်နယ်က ကယားပြည်နယ်ဖြစ်ပြီး ၄၇၁ ယောက်သာ ဖြေဆိုသူရှိတာတွေ့ရပါတယ်။ AA လက်နက်ကိုင်တပ်ဖွဲ့က ပြည်နယ်ရဲ့ နယ်မြေ အားလုံးနီးပါး ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မှာ ဖြေဆိုသူ ၁၆၉၂ ယောက်ရှိပြီး ချင်းပြည်နယ်မှာတော့ ၈၄၃ ယောက်သာ ဖြေဆိုတာတွေ့ရပါတယ်။ 

တက္ကသိုလ်ဝင်တန်း ဖြေဆိုတဲ့ ကိန်းဂဏန်းကို လေ့လာကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်တပ်ရဲ့ နယ်မြေထိန်းချုပ်နိုင်တဲ့ အနေအထားကိုလည်း ထင်ဟပ်တာတွေ့ရမှာ ဖြစ်ပါတယ်။ စစ်တပ်က စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူသာ ထိန်းချုပ်ထားနိုင်တဲ့ ရခိုင်ပြည်နယ်အနေနဲ့ ၁၆၀၀ ကျော်သာ ဖြေဆိုသူရှိတာတွေ့ရမှာ ဖြစ်သလို ဟားခါး၊ ဖလမ်း နဲ့ တီးတိန်တို့ကိုသာ ထိန်းချုပ်ထားနိုင်တဲ့ ချင်းပြည်နယ်မှာ ၈၀၀ ကျော်သာဖြေဆိုသူရှိတာတွေ့ကြရမှာဖြစ်ပါတယ်။ 

နောက်တချက်က စစ်ဖြစ်နေတဲ့ ပြည်နယ်တွေ ဒေသတွေက နေထိုင်သူတွေ အခြားမြို့တွေမှာ စစ်ဘေးတိမ်းရှောင်ကာ နေထိုင်ကြရင်း ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းတို့က မြို့တွေမှာယာယီနေထိုင်ရင်း ဖြေဆိုကြတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ 

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ တနိုင်ငံလုံး အမှတ်အများဆုံးရရှိတဲ့ ကျောင်းသူဟာ စစ်တွေမြို့ကနေ မိဘတွေနဲ့ အတူ စစ်ဘေးတိမ်းရှောင်ရင်း မန္တလေးမြို့ကနေ ဝင်ရောက်ဖြေဆိုသူ ရခိုင်သူ မသီရိစိုး ဖြစ်ပါတယ်။ စစ်ဘေးတိမ်းရှောင်နေထိုင်ရင်း ဖြေဆိုတဲ့ကျောင်းသူက တနိုင်ငံလုံးမှာ အမှတ်အများဆုံးနဲ့ အောင်မြင်တဲ့ အဖြစ်အပျက်က ကြားသိရသူတွေအဖို့ အခက်အခဲ ကြားထဲကနေ အမြင့်ဆုံးသော အောင်မြင်မှုရအောင် ကြိုးစားနိုင်တဲ့အတွက် ချီးကျူးဂုဏ်ယူစရာလည်း ဖြစ်ပါတယ်။ 

ဒီကိန်းဂဏန်းတွေ အချက်အလက်တွေက အာဏာသိမ်းစစ်တပ်ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ကျင်းပခဲ့တဲ့ ယခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူတွေ နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ဖြစ်ပြီး ဒီစနစ်ရဲ့ ပြင်ပ တိုင်းရင်းသား လက်နက်ကိုင်နယ်မြေနဲ့ PDF ထိန်းချုပ်နယ်မြေတွေမှာ နေထိုင်ရင်း ကြားကာလ ပညာရေးလို့ နားခံသာအောင် သတ်မှတ်ခေါ်ဆိုပေးထားတဲ့ ပညာရေးစနစ်အောက်မှာ သင်ကြားနေကြသူတွေ နဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေ ပါဝင်ခြင်း မရှိပါဘူး။ ကရင်နီပြည် ကြားကာလ ပညာရေး နဲ့ ပတ်သက်တဲ့ အဖွဲ့တွေ၊ တအာင်းပလောင်ပြည်က ပညာရေးစနစ်အောက်မှာ သင်ကြားနေကြတဲ့ သူဘယ်လောက်အရေအတွက် ရှိသလဲဆိုတဲ့ အချက်အလက်တွေ၊ ကချင်၊ ချင်းနဲ့ ရခိုင်ပြည်နယ်တို့လို ဒေသတွေက အချက်အလက် ကိန်းဂဏန်းတွေ တိတိပပ သိရှိနိုင်ခြင်း မရှိပါဘူး။ သက်ဆိုင်ရာ ပြည်နယ်၊ ဒေသတွေက အုပ်ချုပ်ရေး အဖွဲ့၊ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အတိုင်းအတာတခုထိ သိရှိကောင်း သိရှိမှာ ဖြစ်ပေမယ့် အများသိရှိနိုင်အောင် ထုတ်ပြန်အသိပေးတာမျိုးတော့ မတွေ့ရပါဘူး။ 

မကြာသေးခင်ကတော့ သုတေသန နဲ့ အစီရင်ခံစာတွေ ရေးသားဖြန့်ချိနေတဲ့  ISP-Myanmarက ထုတ်ပြန်တဲ့ ပညာသင်ကြားနိုင်မှု အစီရင်ခံစာအရ ၂၀၂၆-၂၇ ခု ပညာသင်နှစ်မှာ ကျောင်းအပ်နှံသူ ၆.၇ သန်းကျော်ရှိပြီး ကျောင်းအပ်နှံခြင်း မပြုနိုင်တဲ့ အရေအတွက် ခန့်မှန်းခြေ ၆.၃ သန်းကျော် ရှိလိမ့်မယ်လို့ ဆိုထားပါတယ်။ ၂၀၁၉-၂၀၂၀ ခုနှစ် ကျောင်းအပ်နှံတဲ့ ကိန်းဂဏန်းကို အခြေပြုပြီး နိုင်ငံအနေနဲ့ ပြည်တွင်းစစ်သာ မဖြစ်ပွားခဲ့ရင် လက်နက်ကိုင်ပဋိပက္ခ၊ နိုင်ငံရေးအကြပ်အတည်း အခြေအနေသာ မရောက်ရှိခဲ့ရင် ကျောင်းအပ်နှံသူ ၁၄ သန်းလောက် ရှိလိမ့်မယ်လို့ မှန်းဆတဲ့ ကိန်းဂဏန်းအရ ယခုစာသင်နှစ်မှာ ကျောင်းမတက်နိုင်သူ ၆.၃ သန်းလောက်ရှိနေလိမ့်မယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ 

၂၀၁၉-၂၀၂၀ စာသင်နှစ်ကနေ ယခု ၂၀၂၆-၂၇ စာသင်နှစ် အထိကို ကြည့်တဲ့အခါ ၂၀၂၁-၂၀၂၂ ခုနှစ် ကိုဗစ်ကူးစက်ကပ်ဘေးနဲ့ စစ်အာဏာသိမ်းမှု ဆုံတဲ့ နှစ်မှာ ကျောင်းအပ်နှံသူ အရေအတွက်ဟာ ၅.၃ သန်း နဲ့ အနိမ့်ဆုံးနှစ်တနှစ်ဖြစ်ခဲ့ပြီး ၂၀၂၃-၂၄ ခု စာသင်နှစ်က ကိုဗစ်ကူးစက်ကပ်ဘေး စတင်ကျရောက်တဲ့ ၂၀၂၀ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး ကိန်းဂဏန်းဖြစ်ခဲ့တာ တွေ့ရပါတယ်။ ၂၀၂၃ နှစ်ကုန်ပိုင်း စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ နောက်ပိုင်း အာဏာသိမ်းစစ်တပ် ထိန်းချုပ်နယ်မြေ အကျယ်အဝန်း သိသိသာသာ လျော့နည်းသွားတဲ့အချက်ကြောင့်လည်း ၂၀၂၄-၂၀၂၅ စာသင်နှစ်နောက်ပိုင်း ကျောင်းအပ်နှံသူ ကိန်းဂဏန်းပမာဏဟာ ၇ သန်းကို မကျော်လွန်နိုင်တော့တာ တွေ့ကြရပါတယ်။ 

ဒါကြောင့် ISP-Myanmar ရဲ့ ထုတ်ပြန်တဲ့ ၆.၃ သန်းကျော်သော ကျောင်းသားအရေအတွက်တွေ စာသင်ခန်းရဲ့ ပြင်ပရောက်နေတယ်ဆိုတဲ့ အဆိုမှာ အရေအတွက် ကိန်းဂဏန်းတချို့က ကြားကာလ ပညာသင်ကြားရေးစနစ်နဲ့ သင်ကြားပေးနေသူ အရေအတွက်ဟာ ၂၀၂၃-၂၄ စာသင်နှစ်ကနေ ၂၀၂၅-၂၀၂၆ စာသင်နှစ်တွေအတွင်း ပျှမ်းမျှအားဖြင့် လွတ်မြောက်နယ်မြေ၊ အွန်လိုင်းစနစ်တွေပေါင်းလိုက်ရင် ၁ သန်းစွန်းစွန်းသာ ရှိတာတွေ့ကြရပါတယ်။ NUG အစိုးရလက်အောက်၊ KNU/KNLA ထိန်းချုပ်မှု ဧရိယာ၊ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ထိန်းချုပ်နယ်မြေ၊ တအောင်းပလောင် ထိန်းချုပ်နယ်မြေ၊ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ၊ KIO ထိန်းချုပ်နယ်မြေနဲ့ IEC လို့ ခေါ်တဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ထိန်းချုပ်ဧရိယာတွေ ရဲ့ ကိန်းဂဏန်းပေါင်းက အကြမ်းဖျဥ်း  ၁သန်းစွန်းစွန်းသာ ရှိတာ တွေ့ရပါတယ်။ 

ဒီအချက်အလက်တွေကို အခြေခံပြီး ကောက်ချက်ချကြည့်တဲ့အခါ ၅ သန်းကျော်သော အခြေခံပညာ ကျောင်းသား/ကျောင်းသူတွေ စာသင်ခန်း ပြင်ပရောက်နေကြတာ၊ အနည်းငယ်မျှသော အရေအတွက်က အိမ်နီးချင်းနိုင်ငံနဲ့ ပြည်ပမှာ ပညာသင်ယူတာ သို့မဟုတ် ပညာသင်ယူနိုင်ခြင်း မရှိဘဲ မိသားစုနဲ့ အတူလိုက်ပါသွားတာတွေ ဖြစ်ပြီး အများစုပမာဏကတော့ စာသင်ကျောင်းပြင်ပ ကို ရောက်နေကြတယ်လို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ 

နွေဦးတော်လှန်ရေး အချိန်ကြာမြင့်လာတာနဲ့အမျှ ပညာသင်ကြားရမဲ့အရွယ် ကလေးသူငယ်၊ အရွယ်မရောက်သေးတဲ့ လူငယ်တွေရဲ့ ပညာသင်ကြားရေး ပြတ်တောက်နေတဲ့ ကာလတွေ၊ နှစ်နဲ့ချီ ကျောင်းပြင်ပရောက်နေခဲ့ပြီး ကျောင်းပညာသင်ကြားမှုထဲ ဘယ်လို ပြန်လည် ပေါင်းစည်းမလဲ ဆိုတဲ့ မေးခွန်းတွေကို သက်ဆိုင်တဲ့ အဖွဲ့အစည်း၊ တာဝန်ရှိသူတွေအနေနဲ့ အဖြေရှာကြရမဲ့ အချိန်ရောက်နေပြီလို့ ဆိုချင်ပါတော့တယ်။



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar