မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၁)
မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၁)
မိုးမခ ၊ ဇွန် ၂၉ ၊ ၂၀၂၆
ဖီးနစ် နတ်ချောင်း
၂၀၂၄ ခုနှစ်၊ ဇူလိုင်လလယ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း၊ နတ်ချောင်းရွာ တောင်ဘက်ကနေ မောင်လူမွှေး ချင်းတောင်ကို တက်ရမည်။ မနက်ပိုင်း မောင်လူမွှေးကို လိုက်ပို့မည့် ရဲဘော် ရောက်လာသည်။ ဆိုင်ကယ်နောက်မှာ ဝါးခြမ်းပြားနဲ့ နေရာအပို လုပ်ထားသည့် နေရာမှာ အိတ်ကိုတင်ပြီး ကြိုးတုပ်ရသည်။ ရှေ့က ဆိုင်ကယ်စီးသည့် ရဲဘော်နှင့် နောက်က အိတ်ကြား မောင်လူမွှေး ခပ်ကြပ်ကြပ် ထိုင်ကာ လိုက်ရသည်။ တောင်ပေါ်သို့ မတက်မီ နတ်ချောင်းရွာထဲမှာ မနက်စာ စားကြသည်။
၂၀၂၄ ခုနှစ်က နတ်ချောင်းသည် မြို့လေးတစ်မြို့လို စည်ကားသည်။ နတ်ချောင်းသည် ကလေးနယ် တောင်ပိုင်းမှာ စစ်တပ်ကို အန်တု တိုက်ခိုက်ခဲ့သော ရွာကြီး ဖြစ်သည်။ အာဏာသိမ်းစစ်တပ်က ကလေးနယ်တောင်ပိုင်းမှာ အချက်အချာကျသည့် ကလေး-ဂန့်ဂေါလမ်းမကြီးပေါ်က နတ်ချောင်းရွာကြီးမှာ တပ်ထိုင်ဖို့ ပြင်ဆင်ခဲ့သည်။ နတ်ချောင်းသူ၊ နတ်ချောင်းသားတွေက လက်မခံ။ ရရာလက်နက်ဖြင့် တုံ့ပြန်ခဲ့ကြသည်။
"သူတို့က အာဏာသိမ်းသိမ်းချင်းတုန်းက ရွာက စာသင်ကျောင်းမှာ တပ်ထိုင်မလို့။ ကတုတ်ကျင်းတွေတောင် တူးဖို့ ပြင်နေပြီ။ ကျနော်တို့လည်း ရွာပဲ အနာခံမယ်။ သူတို့တော့ တပ်စွဲမခံနိုင်ဘူး ဆိုပြီး တောင်ပေါ်က အဖွဲ့တွေကို ခေါ်တိုက်တာ သူတို့လည်း ပြေး။ ရွာလည်း မီးရှို့ခံရလို့ ပြာကျသွားတာပဲ" လို့ မောင်လူမွှေး တည်းခိုသည့်နေရာက ဒရုန်းတိုက်ခိုက်ရေး ရဲဘော် ဖိုးခွားက ပြောပြသည်။
အာဏာသိမ်း စစ်တပ်က နတ်ချောင်းကျေးရွာကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာမှာ တစ်ကြိမ်၊ ၂၀၂၂ ခုနှစ်၊ ဧပြီလထဲမှာ နှစ်ကြိမ် စုစုပေါင်း သုံးကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် နှစ်ရာကျော် မီးလောင်ပျက်စီးခဲ့သည်။ စစ်တပ်စစ်ကြောင်းကြောင့် ရွာသား နှစ်ဆယ်ထက်မနည်း သေဆုံးခဲ့ရသည်။
အာဏာသိမ်း စစ်တပ်က လမ်းမကြီးဘေးက အိမ်ကြီးအိမ်ကောင်းတွေ အားလုံးကို ရွေးပြီး မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ လမ်းမကြီးဘေးမှာ မီးလောင်ကျွမ်းထားသည့် အိမ်များကို မြင်တွေ့ရသည်။ အချို့ကလည်း တစ်ပိုင်းတစ်စ မီးလောင်ကျွမ်းထားသည့် အိမ်ကို ပြုပြင်ပြီး နေထိုင်နေကြသည်။ အချို့လည်း ဆိုင်အဖြစ် ဖွင့်ထားကြသည်။
အာဏာသိမ်းစစ်တပ်က ပြာချထားသော နတ်ချောင်းသည် မောင်လူမွှေး ရောက်ခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ဖီးနစ်ငှက်လို ပြာပုံထဲကနေ ပြန်ရှင်သန်နေပြီ ဖြစ်သည်။ လမ်းမကြီးဘေး တလျောက် ဆန်ပြုတ်ဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေ ရှိသည်။ ချင်းခေါင်ရည်အိုးတွေနှင့် ခေါင်ရည်စစ်စစ် ရောင်းသည့်ဆိုင်လည်း ရှိသည်။ ကလေးမြို့နယ် တောင်ပိုင်းအစပ်က စစ်ရှောင်တွေလည်း နတ်ချောင်းမှာ လာစုကြသည်။ အကြော်ရောင်း၊ မုန့်ဟင်းခါးရောင်းနဲ့ စားဝတ်နေရေးအတွက်တော့ အဆင်ပြေကြသည်ဟု စစ်ရှောင်တွေက ပြောပြကြသည်။
နတ်ချောင်းရွာ ဆေးရုံကြီးတွင်လည်း CDM ကျန်းမာရေးဝန်ထမ်းတွေက ဦးဆောင်ပြီး ဆေးကုသမှု ပေးနေသည်ကိုလည်း တွေ့ရသည်။ စာသင်ကျောင်းတွေမှာလည်း ကျောင်းသူကျောင်းသားတွေ ကျောင်းတက်နေကြသည်။ နတ်ချောင်းဈေးမှာလည်း မနက်တိုင်း လူစည်ကားသည်။ အဝတ်အစား ရောင်းသည့်ဆိုင်တွေ၊ အရုပ်ရောင်းသည့်ဆိုင်၊ စက်ဘီး ရောင်းသည့်ဆိုင်တွေလည်း ရှိသည်။
ညအချိန်ဆို သွားလာသူမရှိသည့် ကားလမ်းမကြီးပေါ်မှာ ထိုင်ပြီး စကားပြောကြသည်။ ဂီတာတီးပြီး သီချင်းဆိုသည့်အခါ ဆိုကြသည်။ ရာသီဥတုက ပူတော့ အဆောက်အအုံထဲကို ဝင်မအိပ်ဖြစ်ကြ။ လမ်းဘေး ခုံတန်းလျားမှာ အေးအေးလူလူ အိပ်ကြသည်။ ဆိုင်ကယ်လည်း သော့တန်းလန်းနဲ့။ ဖုန်းနဲ့ ပိုက်ဆံအိတ်လည်း သည်အတိုင်း။ ပျောက်တာ၊ ရှတာ လုံးဝမရှိ။ သူခိုးမရှိသော နတ်ချောင်း။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို အပြည့်အဝ ခံစားနိုင်သော နတ်ချောင်း ဖြစ်ပါသည်။
နတ်ချောင်းရွာအနီး ကွင်းပြင်တွေမှာ နွားအုပ်တွေ များစွာရှိသည်။ နွားတစ်အုပ်လျှင် အကောင်ရာဂဏန်း နီးပါးထိ ရှိတတ်သည်။ နွားကျောင်းသားတွေက လမ်းဘေး ဇရပ်မှာ ဖုန်းလေးတွေ ကိုယ်စီကြည့်ရင်း နွားကျောင်းကြသည်။ နေ့လယ်နေ့ခင်းဆိုလျှင် ထိုနွားကျောင်းသားတွေ နေသည့် ဇရပ်ကို မောင်လူမွှေး ရောက်တတ်သည်။ နွားမကြီး တစ်ကောင်ကို ဘယ်သူက လက်ကမြင်းထားသည်မသိ။ နွား၏ ကိုယ်မှာ NLD ဟူသော စာသားကို ပီပီပြင်ပြင် ပေါ်အောင် နွားမွှေးတွေကို ရိတ်ထားသည်ကို တွေ့ရလေသည်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar