Breaking News

မောင်တူး - ဒီပဲယင်းမှာလူနှစ်ရာကျော်

ဒီပဲယင်းလူသတ်ပွဲ အာဏာရှင်လက်ပါးစေများ (Image- Credit)

ဒီပဲယင်းမှာလူနှစ်ရာကျော် 
မောင်တူး
(မိုးမခ) ဇွန် ၂၊ ၂၀၂၆


ဒီပဲယင်းမြို့၊ သွေးညှီစို့ဆဲ
လူသတ်ပွဲဖြစ်၊ သမိုင်းညစ်ကား
နှစ်ဆယ့်သုံးနှစ်ရောက်လာပြီ။ ။
ဒီပဲယင်းမှာ၊ လူ ၂၀၀ ကျော်
သေဆုံးသော်လည်း၊ ၄ ယောက်ထဲသာ 
သေဆုံးတာဟု၊ လိမ်ညာစာရင်းထုတ်ခဲ့သည်။ ။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သေကံမရောက် အသက်မပျောက်ခဲ့ရပေမယ့် ဒဏ်ရာတွေရပြီး အသက်ဘေးကနေ သီသီကလေး လွတ်ခဲ့ရတဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်းက စစ်အာဏာရှင်ကြိုးကိုင်စီမံခဲ့တဲ့ လူသတ်ပွဲကြီးဟာ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ဒီနေ့ ၂၀၂၆ ခုနှစ် မေလ ၃၀ ရက်နေ့မှာ ဒီပဲယင်း လူသတ်ပွဲကြီး ၂၃ နှစ် ပြည့်ပါပြီ။ ဒီပွဲမှာ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အဖွဲ့ဝင်တွေ၊ NLD ကို ဝန်းရံထောက်ခံသူတွေ၊  NLD ကို ထောက်ခံတဲ့ ဒေသခံ ရွာသူ ရွာသားတွေ စုစုပေါင်း ၂၈၂ ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးဖက်ကို ကူးပြောင်းလာတဲ့ စစ်ထောက်လှမ်းရေး အရာရှိတဦးက ပြောပြပါတယ်။

ဒီမြို့မှာ သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်။
ဒီမြို့မှာ သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်။
ဒီမြို့မှာ လူငယ်လေးတယောက် သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်။
ဒီမြို့မှာ အမျိုးသမီးတစ်ယောက် သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ်။
ဒီမြို့မှာ အံကြိတ်ရ တက်ခေါက်ရတဲ့ အဖြစ်အပျက်တွေ ရှိခဲ့တယ်။
                                                                        (ကြည်မောင်သန်း)

(လူပေါင်း ၂၈၂ ဦးကို ဒီပဲယင်းမှာ သတ်ဖြတ်)

၂၀၀၃ မေ ၃၀ ညဦးပိုင်းက ဖြစ်ခဲ့တဲ့ ဒီပဲယင်းလူသတ်ပွဲကြီးဟာ NLD စည်းရုံးရေးယာဉ်တန်းကို ဒီပဲယင်းမြို့ဝင် ကြည်ရွာမှာ စစ်တပ်ကြိုးကိုင် လူအုပ်ကြီးက ရိုက်နှက် သတ်ဖြတ်ခဲ့ကြတာပါ။ ဒါပေမဲ့ စစ်တပ်က နောက်တနေ့မှာပဲ သတင်းစာရှင်းပွဲလုပ်ပြီး လူ ၄ ဦးသာ သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ လူ ၅၀ ကျော်လည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ စစ်ထောက်လှမ်းရေးမှူး တဦးဖြစ်သူ ဗိုလ်ချုပ်သန်းထွန်းကိုယ်တိုင် ဦးဆောင် သတင်းစာ ရှင်းခဲ့တာပါ။ ဒါပေမယ့် သေဆုံးသူတွေ ဒဏ်ရာရသူတွေရဲ့ အမည်တွေကိုတော့ ဖော်ပြမပေးခဲ့ပါဘူး။ NLD အဖွဲ့ဝင်တွေ တခြား ရွာသူရွာသား မျက်မြင်သက်သေတွေကတော့ လူ ၇၀ ကျော် သေဆုံးခဲ့ကြောင်း ပြောပြခဲ့ကြပါတယ်။ ဒါပေမယ် နောက်နှစ်အနည်းငယ်အကြာမှာ ထိုင်းမြန်မာနယ်စပ်ကို ရောက်လာတဲ့ စစ်ထောက်လှမ်းရေး အရာရှိတဦးကတော့ စစ်တပ်ရဲ့စာရင်းအရ မေ ၃၀ ဒီပဲယင်း လူသတ်ပွဲမှာ ၂၈၂ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ စစ်ထောက်လှမ်းရေး အရာရှိက ဖော်ကောင်လုပ်ခဲ့တာပါ။ နောက်ထပ်ဖော်ကောင်လုပ်သူကတော့ အဲ့သည်အချိန် နအဖ စစ်အစိုးရရဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ခင်ညွန့်ပါ။ ဒီပဲယင်းသတ်ပွဲကြီးကို ဦးဆောင်သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်ပါတယ်လို့ ဗိုလ်ချုပ်ကြီးခင်ညွန့်က ပြောခဲ့ပါတယ်။ ဖော်ကောင်လုပ်တာကို ရိုးရိုးမဖော်ပဲ သူရေးသားခဲ့တဲ့ ဘဝမှတ်တမ်းစာအုပ်မှာ ရေးသားပြီး ပုံနှိပ်ထုတ်ဝေ လိုက်တာ ဖြစ်ပါတယ်။

( ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်စာအုပ် အခန်း ၂၆ ဒီပဲယင်းအကြောင်း)
အခန်း ၂၆
ဒီပဲယင်းအဖြစ်အပျက်နှင့် ကျွန်တော်


ဒီအဖြစ်အပျက်နဲ့ပတ်သက်၍ ကျွန်တော် မသိပါဟု ပြောလျှင် ကျွန်တော် လိမ်ရာရောက်ပါမည်။ ကျွန်တော်က အတွင်းရေးမှူး (၁) ဆိုတော့ ဒီကိစ္စကလည်း နိုင်ငံရေးဖြစ်စဉ် ဖြစ်တာကြောင့် ကျွန်တော် မသိ၍မဖြစ် သိပါသည်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ယာဉ်တန်းရှည်ကြီးဖြင့် ရှေ့ပြေး မော်တော်ဆိုင်ကယ် အုပ်စုကြီးဖြင့် လှည့်လည်ကာ စည်းရုံးရေးတရားတွေ ဟောနေသည့်အချိန် ဖြစ်ပါသည်။ ဒီလို အုတ်အော်သောင်းနင်း ဖြစ်ပေါ်နေသည့်အချိန်ဆိုတော့ အစိုးရအဖွဲ့အတွက် စိုးရိမ်စိတ် ဖြစ်ပေါ်နေတာကတော့ အမှန်ဖြစ်ပါသည်။
ဒီလိုနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဉ်တန်းရှည်ကြီးဟာ မန္တလေးမှထွက်ခွာပြီး လမ်းတလျှောက် စည်း ရုံးရေးတရားတွေ ဟောရင်းနဲ့ မုံရွာမြို့လည်းရောက်ရော နအဖ ဥက္ကဋ္ဌ (ဦးသန်းရွှေ) က ကျနော်တို့လူကြီးပိုင်း ၅ ယောက်၊ ၆ ယောက်ကို သူ့အခန်းသို့ ခေါ်လိုက်ပါသည်။ ကျနော်တို့ လူလည်းစုံရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တားဆီးရမယ်၊ ဖြစ်တဲ့နည်းနဲ့ တားဆီးရမယ်လို့ ပြောပါတယ်။ ထိုအချိန်တွင် ကျနော်ကပဲ အကြမ်းဖက် တားဆီးတာမျိုးမလုပ်သင့်ကြောင်းပြောသောအခါ ကျနော်တင်ပြမှုကို လူကြီးက သဘောမတူပါ။ အဲ့ဒါကလည်း ကျနော်အတွက် ကောင်းသည်ဟုမြင်ပါသည်။ ဒီမှာတင်ပဲ ဒီကိစ္စနဲ့ပတ်သက်၍ ကျနော်ကိုလုံးဝ တာဝန်မပေးတော့ဘဲ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကို ဦးဆောင်စေကာ အဖွဲ့ဝင်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်ကိုလိုက်ပါစေလျက် ရဟတ်ယာဉ်ဖြင့် မုံရွာမြို့ကို လိုက်ပါစေပါသည်။
ကျွန်တော့်မှာလည်းတာဝန်ရှိပါသည်
ထိုအချိန်က တိုင်းမှူးကတော့ ဗိုလ်မှူးချုပ်စိုးနိုင် ဖြစ်ပါသည်။ အသေးစိတ် စီစဉ်ညွှန်ကြားမှုတွေတော့ မသိတော့ပါ။ သို့သော် ထောက်လှမ်းရေးတပ်ဖွဲ့တွေက တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းမှာ တိုင်းမှူး၏ ကွပ်ကဲမှုအောက်မှာ ရှိတာကြောင့် တချို့ဖြစ်စဉ်တွေကို ကျနော်သိနေရတာ အမှန်ပဲဖြစ်ပါတယ်။ ထို့ကြောင့် ဒီဖြစ်စဉ်ကြီး တခုလုံးမှာ ကျနော် ဦးဆောင်ပါဝင်ရခြင်း မဟုတ်သော်ငြားလည်း ကျနော်သည် အစိုးရအဖွဲ့ဝင် ထိပ်ပိုင်းခေါင်းဆောင်တယောက် ဖြစ်တာကြောင့် ကျနော်မှာလည်း တာဝန်ရှိသည်ဟု ခံယူပါသည်။ အစိုးရအဖွဲ့ဆိုတာ အဖွဲ့ဝင်အားလုံး တိုင်ပင်ခြင်း၊ အသိပေးခြင်းဖြင့် လုပ်ငန်းတခုကို အကောင်အထည်ဖော်ရတာ ဖြစ်သောကြောင့် ဘယ်လိုကိစ္စရပ်မျိုးပဲဖြစ်ဖြစ် ဖြစ်ပေါ်လာသည့် အကြောင်းတရားနဲ့ အကျိုးဆက်များအပေါ်မှာ အစိုးရအဖွဲ့ဝင်အားလုံးမှာ တာဝန်ရှိကြတာပါပဲ။ အားလုံးက တာဝန်ခံကြရမှာ ဖြစ်ပါတယ်ဟူ၍ ပြောလိုပါတယ်။
အထက်စာသားတွေကတော့ ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) ရေးတဲ့ " ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ" စာအုပ်ပါ ဒီပဲယင်းအကြောင်း ကူးယူဖော်ပြချက် ဖြစ်ပါတယ်။ တွင်း (၁) နအဖကြီး ခင်ညွန့်ကိုယ်တိုင်ဖော်ကောင်ပါပဲ။ ဒီစာအရ ဒီပဲယင်းကိုဦးဆောင်သူက နအဖဥက္ကဋ္ဌသန်းရွှေဖြစ်ပါတယ်။ အကောင်အထည်ဖော်သူတွေက ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်နဲ့တိုင်းမှူးဗိုလ်ချုပ်စိုးနိုင်တို့ ဖြစ်ကြပါတယ်။ 

(ဗြောင်ငြင်းခဲ့ကြသူများ)

နအဖ အတွင်းရေးမှူး ၁ ခင်ညွန့်ကပြောခဲ့တဲ့ တရားခံစာရင်းပါသူ နအဖအတွင်းရေးမှူး (၂) ဖြစ်သူ ကွယ်လွန်သူ ဗိုလ်ချုပ်စိုးဝင်းကလည်း ၂၀၁၄ ခုနှစ် ဇွန်လထုတ်  “မမျှော်လင့်သော ခရီးရှည်” စာအုပ်မှာ “ဒီပဲယင်းပြဿနာသည် NLD နှင့် ပြည်ခိုင်ဖြိုးအကြား နိုင်ငံရေးအရ အားပြိုင်မှုဖြစ်စဉ်များထဲမှ မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့ရသော သာမန်ထက်ပိုသည့် ရုန်းရင်းဆန်ခတ်မှုတခုဖြစ်သည်။ သာမန်ထက်ပိုသောဟု ဆိုရခြင်းမှာ ထိုဖြစ်စဉ်တွင် NLD ခေါင်းဆောင် ဦးတင်ဦးနှင့် ဒေါ်စုကြည်တို့ ပါဝင်ပတ်သက်နေသောကြောင့် ဖြစ်သည်" လို့ ရေးသားထားခဲ့ပါတယ်။ 
ဗိုလ်ချုပ်စိုးဝင်းရဲ့ ပြောဆိုချက်ကတော့ ကြံ့/ဖွတ်နဲ့ NLD ကြားမှာ နအဖ စစ်တပ်က ကြားကနေ ညပ်ပါရတယ်လို့ ဆိုတဲ့သဘောလို့ ပြောချင်ပုံ ရပါတယ်။ သူ့ရဲ့ " မမျှော်လင့်သောခရီးရှည်" စာအုပ်ထဲမှာတော့ ဒီပဲယင်းလူသတ်ပွဲမှာ သူပါဝင်ခဲ့ရတာကို  "ပဲလှော်ကြား ဆားညပ်တယ်" လို့ဖြောင့်ကွယ် ကွယ်ထားတာကို တွေ့ရပါတယ်။  “ကျွန်တော့်အပေါ်တွင် အတော်လေး ဂယက်ရိုက်မှုရှိခဲ့သည်။ ဖြစ်စဉ်တခုလုံးသည် ကြိုတင်စီစဉ်ထားသည်ဟုပင် စွပ်စွဲကြသည်။ အထူးသဖြင့် ဒေါ်စုကြည်ကို အသေ သတ်ရန်အထိ ကြိုတင်ကြံစည်မှုဟု ဆိုသူက ဆိုကြသည်။ ထိုသို့မဟုတ်ပါဟု ပြောလျှင်လည်း ယုံရခက်သော အနေအထားဖြစ်နေသည်။ ကျွန်တော့် သူငယ်ချင်းတယောက်ကတော့ ပဲလှော်ကြား ဆားညပ်တာဟု ပုံခိုင်းပြီး ပြောသည်” ဟု သူ့ရဲ့  " မမျှော်လင့်သောခရီးရှည်" စာအုပ်မှာ ရေးသားဖော်ပြထားတာပါ။ ဒီပဲယင်း လူသတ်မှုနဲ့ ပတ်သက်ပြီး နအဖ ဗိုလ်ချုပ်ကြီးတွေဖြစ်ကြတဲ့ ခင်ညွန့်နဲ့ စိုးဝင်းတို့ဟာ ၁၉၆၂ 7 July လူသတ်ပွဲကို နေဝင်းနဲ့ အောင်ကြီးတို့ တဦးကို တဦးက ခေါင်းရှောင် လွှဲချခဲ့ကြသလို ထမင်းရေပူ လျှာလွှဲ လုပ်ထားခဲ့ကြတာပါပဲ။

(လွန်ခဲ့သော ၂၃ နှစ်က ဒီပဲယင်းလူသတ်ပွဲ မြင်ကွင်း)

အာဏာငင်ရာ၊ သူလိုက်ပါရ
ကြည်ရွာကသတင်း၊ သွေးချင်းချင်းနီ
အလောင်းချင်းစည်သတဲ့၊ ညသည်ရှည်လျှား
ရထား ရထား၊ ဟယ်လို ဘာရယ်
လွတ်သွားတယ်၊ အေး သတ်မယ်
သတ်မယ် သတ်တဲ့၊ ဖျတ်ခနဲအငေး
ကားကလေးတစီး၊ နီးသထက်နီးလာ
လာပြီ လာပြီ၊ လာပြီပိတ်တိုက်
တိုက်-တိုက် တိုက်စမ်း။ ။               
ကျော်ကျည်ခိုင် (ဒီပဲယင်း)

၂၀၀၃ မေ၃၀ ည၊ ဒီပဲယင်းမြို့နယ်၊ ကြည်ရွာနဘေး လူအုပ်ကြီးက ပင်နီဝတ်ထားသူ မှန်သမျှကို ရိုက်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကားမောင်းသမား ကိုကျော်စိုးလင်းတို့က ဒါကို မြင်နေရတယ်။ သတင်းထောက်လေး တယောက်ဟာ ကင်မရာချိန်နေတုန်း နောက်ကနေ ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရတယ်။ ခေါင်း ကြေမွသွားတယ်။ အဲ့ဒါလည်း ထပ်ဆင့်ရိုက်နေတုန်း။ သတင်းထောက်ကလေး ပွဲချင်းပြီး သေတယ်။ ပင်နီဝတ် NLD အဖွဲ့ဝင်တယောက်ကို ကြံ့ဖွတ်တယောက်က နောက်ကနေ ဓားနဲ့ထိုးတယ်။ ကျောကနေ ရင်ဘတ်ကို ထုတ်ချင်းပေါက်ပဲ။ သူလည်း ပွဲချင်းပြီး သေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကားမောင်းမထွက်ရဘူး။ မပြေးဘူး။ အခု ကိုယ့်လူတွေကို စစ်တပ်က ကြံ့ဖွတ်တွေ စွမ်းအားရှင်တွေက သတ်နေချိန်မှာ အတူ အသေခံမယ်လို့ ပြောနေတယ်။ ကားသမား ကျော်စိုးလင်းက တော့ ခေါင်းဆောင်စကားကို နားထောင်ပြီး အသေခံမလား။ ကားနဲ့ လူအုပ်ကို တိုက်ပြီး ဖောက်ထွက်မလား။ တခုခုကို ရွေးဖို့ ဆုံးဖြတ်နေတယ်။ (ဒေါ်စုရဲ့ ကားသမား ကိုကျော်စိုးလင်း DVB အင်တာဗျူးမှာ ပြန်ပြောပြချက်)
ကိုကျော်စိုးလင်းဟာ ဒေါ်အောင်ဆန်းစုကြည် တားနေတဲ့ကြားက ကားမောင်းထွက်တယ်။ ဒါပေမဲ့ ရှေ့ကိုထွက်လို့မရပါ။ ရိုက်တာ နှက်တာတွေ ပိုဆိုးလာတယ်။ ကားမှန်ကွဲစတွေတောင် ဒေါ်အောင်ဆန်းစုကြည်မျက်နှာကို လာစင်တော့မှ ကားကို ဘက်ဂီယာဆုတ်လိုက်တယ်။ ဒီအခါ ရိုက်နေသူတွေ ဘေးကို ရှဲသွားလို့ ကားကို မောင်းထွက်လာခဲ့တယ်။ လွတ်ပြီ။ ဒါပေမဲ့ နောက်ခပ်ဝေးဝေးကို မောင်းပြီးတော့မှ အဖမ်းခံရတယ်။ ဖမ်းတာကရဲတွေ။ ရိုက်တဲ့သူတွေ မဟုတ်။ 

(ဒီပဲယင်းလူသတ်ပွဲ ၂၃ နှစ်မြောက်)

၂၃ နှစ်ကြာခဲ့ပြီ။ ရိုက်သူ သတ်သူတွေက ရာထူးတွေတက် ချမ်းသာနေကြပြီ။ အရိုက်ခံခဲ့ရသူတွေက ထောင်တွေကျ နှိပ်စက်ခံကြရ အိမ်တွေချိပ်ပိတ်ခံကြရ၊ စီးပွားရေး လုပ်ငန်းတွေ ပိတ်ပင်ခံကကြရ၊ သေဆုံးသူကလည်း ၂၀၀ ကျော်ခဲ့တယ်။ ဒီလို သတ်ဖြတ် နှိပ်စက်တာတွေကို ရပ်တန့်ဖို့ စစ်တရားခံတွေကို အရေးယူဖို့ တောင်းဆိုရင်းက လူသတ်သမားတွေဟာ အာဏာ ပါဝါတွေ တဖြည်းဖြည်း ကြီးမားလာနေပါတယ်။ ဒီပဲယင်းမှာ အဲ့သည်လောက်သာ ကျူးလွန်ခဲ့ပေမယ့် အခု ၂၀၂၁ စစ်အာဏာသိမ်းရာမှာတော့ စစ်တပ်ဟာ "လူသွေး တခါသောက်ဖူးတဲ့ကျားလို" ဇက်ရဲလက်ရဲ ရက်ရက်စက်စက်ကျူး လွန်ရဲလာနေကြပါပြီ။ လက်နက်ရှိသူဟာ "မလုပ်ရဲတာ ဘာမှမရှိဘူး" လို့ ပြောပြီး သတ် ဖမ်း လု မီးရှို့ ဖျက်ဆီး ဗုံးကြဲတာတွေကို လေယာဉ်တွေနဲ့တောင် ဆက်တိုက် မရပ်မနား လုပ်နေကြပြီ။ အိမ်ပေါင်း ၁ သိန်းကျော်လည်း မီးရှို့ပြီးပြီ။ လူ ၈၀၀၀ ကျော်ကို သတ်လိုက်ကြပြီ။ လူ ၂၀၀၀၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့ပါပြီ။ အခုဆို " ဒီပဲယင်းလူသတ်ပွဲကြီး" မျိုးတွေကို စစ်တပ်က တနိုင်ငံလုံးအနှံ့ ကျူးလွန်နေချိန်ဖြစ်ပါတယ်။ ဒါကြောင့် ဒီပဲယင်းလူသတ်ပွဲ တရားခံတွေ ၂၀၂၁ စစ်အာဏာသိမ်းတရားခံတွေကို အရေးယူနိုင်ဖို့ ဒီပဲယင်းလို လူသတ်ပွဲကြီးတွေ ထပ် မပေါ်ပေါက်လာစေဖို့ကတော့ စစ်အာဏာရှင်တွေကို အမြစ်ပြတ် အောင် တိုက်ခိုက် ရှင်းလင်းကြရမှာသာ ဖြစ်ပါတယ်။ ။

မောင်တူး

 -

 Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar