Breaking News

ကျောင်းပညာရေးနဲ့ အစွန်းရောက် အယူအဆ၊ အာဏာအတွက် ပညာရေးကို စတေးတဲ့ လုပ်ဆောင်မှုတွေ



မြန်မာနွေဦးခရိုနီကယ် - ဇွန် ၁ မြင်ကွင်း

(မိုးမခ) ဇွန် ၂ ၊ ၂၀၂၆


ကျောင်းပညာရေးနဲ့ အစွန်းရောက် အယူအဆ၊ အာဏာအတွက် ပညာရေးကို စတေးတဲ့ လုပ်ဆောင်မှုတွေ

ဇွန်လ ၁ ရက်နေ့ဟာ မြန်မာနိုင်ငံမှာ အခြေခံပညာကျောင်းတွေရဲ့ စာသင်နှစ် တနှစ် အစပြုတဲ့နေ့ ဖြစ်လို့ ပညာရေး နဲ့ပတ်သက်တဲ့ သတင်းတွေ ရေးသားဖော်ပြနေကြတာ တွေ့ကြရမှာပါ။ စစ်တပ်က အာဏာသိမ်းယူပြီး ၅ နှစ်အကြာ ရွေးကောက်ပွဲကျင်းပပြီး တက်လာတဲ့ မင်းအောင်လှိုင်အစိုးရ ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ စာသင်ကျောင်းတွေမှာ ကျောင်းတက်ကြမဲ့ ကလေးသူငယ်တွေနဲ့ လူငယ်တွေ ပညာသင်ယူရေး၊ သင်ကြားနိုင်ရေးနဲ့ ပတ်သက်တဲ့ အစွန်းရောက်တဲ့ အယူအဆတွေ၊ နိုင်ငံရေး အကြောင်းပြုပြီး တနည်းအားဖြင့် ပညာရေးကိုပါ နိုင်ငံရေး အရောင်ဆိုးပြီး စစ်တပ်ထိန်းချုပ်နယ်မြေမှာ ကျောင်းသွားထားတာတွေ မလုပ်ဖို့၊ စစ်တပ် ထိန်းချုပ်နယ်မြေမှာ ကျောင်းထားသူတွေ တော်လှန်ရေးအင်အားစုထိန်းချုပ်နယ်မြေထဲ ပြန်မလာဖို့၊ လာရောက်ခဲ့ရင် အရေးယူခံရမယ် ဆိုတဲ့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တဖွဲ့က အမိန့်ထုတ်ပြန်ချက်တွေလည်း ခုရက်ပိုင်းအတွင်း ထွက်ပေါ်လာတာတွေက စစ်ပွဲတွေရဲ့ ဒဏ်နဲ့ ခက်ခဲကြပ်တည်းနေတဲ့ ပြည်သူလူထု အဖို့ ပိုမို ဒုက္ခရောက်စေပြီး တော်လှန်ရေးအင်အားစုတွေ အနေနဲ့ ပညာရေးမူဝါဒ၊ ကလေးသူငယ်တွေရဲ့ ပညာသင်ယူခွင့် အခြေခံအခွင့်အရေးတို့ကို နားမလည်တာကို အထုပ်ဖြေပြလိုက်သလို ဖြစ်တဲ့ ဖြစ်ရပ်တွေ ခုရက်ပိုင်းအတွင်း ပေါ်ထွက်လာနေတာ တွေ့ရပါတယ်။ 

လူပရိသတ် ကြည့်ရှုမှုများပြားတဲ့ မဇ္စျိမမီဒီယာ မှာ စာသင်ခန်းတွေ ဖြိုချကြ ဆိုတဲ့ အတွေးအမြင် ဆောင်းပါးတပုဒ်ကို ဆောင်းပါးရှင် တူးမီးသိမ်းမောင် အမည်နဲ့ ဖေါ်ပြခဲ့တာတွေ့ရပါတယ်။ လတ်တလော အာဏာသိမ်းစစ်တပ်ဘက်က အခြေခံ ပညာ စာသင်ကျောင်းပြင်ပရောက်နေတဲ့ ကျောင်းသားတွေ အနေနဲ့ ကျောင်းပြန်တက်ချင်တယ်ဆိုရင် အရည်အချင်းစစ် စာမေးပွဲပြန်ဖြေပြီး အတန်းသတ်မှတ်ကာ ကျောင်းပြန်တက်နိုင်တဲ့အကြောင်း မကြာသေးခင်က ကြေညာခဲ့ပါတယ်။ အဲကြေညာချက်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်အစိုးရရဲ့ ကျောင်းတွေမှာ မတက်စေသလို အခြားသော ပညာရေးစနစ်ထဲမှာလည်း သင်ယူဖို့ အခြေအနေမပေးတဲ့ မိဘတွေ နဲ့ ကျောင်းသားတွေ အနေနဲ့ ကျောင်းပြန်တက်ဖို့ စဥ်းစားကြတဲ့ အခြေအနေတချို့  ဖြစ်ပေါ်လာတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ဒီလို စစ်တပ်ထိန်းချုပ် ဧရိယာက စာသင်ကျောင်း၊ စစ်အစိုးရလက်အောက်က ပညာရေးစနစ်ထဲ မှာ ကျောင်းထားတဲ့ သူတွေကို အပြစ်ပေးအရေးယူမယ်ဆိုတဲ့ ပုလဲ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ရဲ့ မေလ ၂၆ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ချက် ပေါ်ထွက်လာခဲ့ပါတယ်။ ဒီကြေညာချက်က ပုလဲမြို့နယ် အတွင်းမှာ ရှိနေကြတဲ့ ပြည်သူလူထု အနေနဲ့ ယခု စာသင်နှစ်အတွက် စစ်အစိုးရ လက်အောက်က စာသင်ကျောင်းတွေမှာ ကျောင်းအပ်နှံထားခဲ့ရင် ပြန်လည်ခေါ်ယူပြီး NUG ကြားကာလ ပညာရေးကျောင်းတွေမှာ အပ်နှံဖို့၊ ဇွန်လ ၃၀ ရက်နောက်ဆုံးထားပြီး မိမိတို့ သားသမီးတွေကို ပြန်လည် ခေါ်ဆောင်ကာ အပ်နှံဖို့ တော်လှန်ရေးမှာ ပူးပေါင်းဆောင်ရွက်နေသော ပုဂ္ဂိုလ်များ အနေဖြင့်လည်း မိမိတို့မိသားစုဝင်များ၏ သားသမီးများကို ခြွင်းချက်မရှိ ပြန်လည်ခေါ်ယူကာ ကြားကာလ ကျောင်းများမှာ အပ်နှံကြဖို့၊ စစ်အစိုးရကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ပုလဲမြို့နယ်ထဲက ကျောင်းသားတွေနဲ့ ၄င်းတို့မိသားစုတွေ အနေနဲ့ တော်လှန်ရေး မပြီးမချင်း ပြန်မလာဖို့ ၊ မလိုက်နာခဲ့ရင် တိုက်နယ်၊ ရပ်/ကျေး ပအဖ၊ ပအဖ တွေက စိစစ်ပြီး အရေးယူသွားမယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ 

ဒီကြေညာချက်က နွေဦးတော်လှန်ရေးကို ထောက်ခံသူလူထုကပင်လျင် ဝေဖန်ပြစ်တင်စရာ ဖြစ်စေခဲ့ပြီး ကြေညာချက် ထုတ်ပြန်တဲ့ ပုလဲ ပအဖ အနေနဲ့ရော စစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရတို့ပါ ဒီကြေညာချက်နဲ့ ပတ်သက်လို့ တုံ့ပြန်ဖြေရှင်းတာမျိုးတော့ အခုရက်ပိုင်းထိ မတွေ့ရှိရပါဘူး။ 

ဒီကြေညာချက်ဟာ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ကာလ၊ လူထုအနေနဲ့ သားသမီးတွေရဲ့ ပညာရေးကို မိမိတို့ တတ်စွမ်းသမျှ ဆက်လက်သင်ယူနိုင်အောင် လုပ်ဆောင်ကြတဲ့ အဖြစ်အပျက်အပေါ် နိုင်ငံရေး အရောင်ဆိုးပြီး အပြစ်ပေး အရေးယူဖို့ ခြိမ်းခြောက်တဲ့ အမိန့်၊ ကလေးသူငယ်တွေရဲ့ အခြေခံအခွင့်အရေး ဖြစ်တဲ့ လွတ်လပ်စွာပညာသင်ယူခွင့်ကို ပိတ်ပင်တားဆီးမှု တရပ်သာ ဖြစ်တယ်လို့ လူအများက ရှုမြင်ကြတာ ဖြစ်ပါတယ်။ 

ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ အခြေအနေအောက်မှာ နယ်တွေ၊ ကျေးရွာတွေက လူထုအနေနဲ့ မကြာခဏ စစ်ဘေးတိမ်းရှောင် နေကြရတဲ့ အခြေအနေ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း နဲ့ လူအများစုဝေးနိုင်တဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှု ပစ်မှတ်အဖြစ် တိုက်ခိုက်ခံနေရတဲ့ အခြေအနေမျိုးကနေ နောက်ရွေးချယ်စရာ တခုအနေနဲ့ စစ်ဖြစ်ပွားခြင်း မရှိတဲ့ စစ်အစိုးရထိန်းချုပ်နယ်မြေထဲက စာသင်ကျောင်းမှာ ကျောင်းထားတာမျိုးလောက်သာ ရွေးချယ်နိုင်တဲ့ အင်အားရှိမှာ ဖြစ်ပါတယ်။ မြို့ကြီးတွေက ပုဂ္ဂလိက စာသင်ကျောင်းတွေလို ပြည်ပ အိမ်နီးချင်းထိုင်းနိုင်ငံတို့လိုက စာသင်ကျောင်းတွေမှာ ကျောင်းထားနိုင်တဲ့ မိဘက လူတထောင်မှာ တယောက်တောင် ရှိချင်မှ ရှိနိုင်မယ့်သဘော ဖြစ်ပါတယ်။ 

ဒီလို အနေအထားမျိုးကို စစ်ကိုင်းတိုင်း ကြားကာလဖက်ဒရယ်ယူနစ် အစိုးရလက်အောက်က ပုလဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ နားလည်ဖို့ အရေးကြီးပါတယ်။ ဒီလို ထုတ်ပြန်ချက်တွေကနေ ရရှိနိုင်တဲ့ အကျိုးဆက်အဖြစ် မိသားစု ဘယ်နှစု၊ ကျောင်းသားဘယ်နှဦးက စစ်အစိုးရ ထိန်းချုပ်နယ်မြေကနေ ကျောင်းပြန်နုတ်ပြီး ကြားကာလ ပညာသင်ကျောင်းမှာ ပြန်လည် အပ်နှံမလဲဆိုတာ မသိနိုင်ပေမယ်လို့ တော်လှန်ရေး အင်အားစုတွေအပေါ် ယုံကြည်မှု ထိခိုက်မှု တန်ဖိုးက ကြီးမားတယ်လို့ ဆိုနိုင်ပါတယ်။ လူအများကတော့ အမြော်အမြင် မရှိတဲ့ အမိန့်ကြေညာချက်၊ အာဏာကို အလွဲသုံးတဲ့ အမိန့်ကြေညာချက် တရပ်အဖြစ် ရှုမြင်ကြမှာ သေချာပါတယ်။ 

အခုလို အငြင်းပွားစရာ ကြေညာချက် ပေါ်ထွက်ပြီး ရက်ပိုင်းအတွင်း မဇ္စျိမမီဒီယာမှာ” စာသင်ခန်းတွေ ဖြိုချကြ” ဆိုတဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ အတွေးအမြင် ဆောင်းပါးက ပြည်သူလူထုကို ပိုမို ဒေါသထွက်စေပြီး ဒီလို အမြော်အမြင်နည်းပြီး အစွန်းရောက်တဲ့ အယူအဆတွေကို အများပြည်သူ ပရိသတ်ဆီ ဖြန့်ချိမှုအတွက်လည်း သတင်းမီဒီယာရဲ့ ရပ်တည်ချက်၊ အဆင့်အတန်းကိုပါ မေးခွန်းထုတ် ဝေဖန်စရာ ဖြစ်စေတာ တွေ့ကြရပါတယ်။

ဆောင်းပါးရှင်ရဲ့ အယူအဆကို ယေဘုယျ ချုံ့ပြောပြရရင် စစ်အုပ်စုပညာရေးမှာ သင်မလား၊ တော်လှန်ရေးကျောင်းမှာ သင်မလား ဆိုတဲ့ အငြင်းအခုံတွေက ပညာရေးမှာ စာသင်ခန်းအယူဝါဒ ၊ အတန်းပညာရေး အယူအဆ၊ အောင်လက်မှတ် အယူအဆတွေ အားလုံးဟာ အတွေးအခေါ် ထောင်ချောက်တခုထဲ ပိတ်မိနေကြတာဆိုပြီး ဒါတွေအားလုံးဟာ ခေတ်ဟောင်း ပညာရေးရဲ့ အမွေဆိုး ဖြစ်တယ် လို့ သိမ်းကျုံးကောက်ချက်ဆွဲကာ စာသင်ခန်းတွေ ဖြိုချကြ၊ သင်ယူမှုတွေ တည်ဆောက်ကြဆိုတဲ့ လက်တွေ့မှာ ဘယ်လို တည်ဆောက်မလဲ၊ ရှိနေ ဖြစ်နေတဲ့ အခြေအနေအောက်မှာ ဘယ်လို ဖော်ဆောင်မလဲဆိုတဲ့အထိ သေသေချာချာ ပုံဖော်မပြနိုင်တဲ့ အယူအဆတခုကို ကြွေးကြော်ထားတဲ့ အယူအဆတခုကို အတွေးအမြင် အနေနဲ့ ရေးသားဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။ 

ရုတ်တရက်ကြည့်ရင် တော်လှန်တဲ့ အယူအဆ အတွေးအခေါ်လို့ မြင်စရာရှိပေမဲ့ “စာသင်ခန်းတွေ ဖြိုချကြ” ဆိုတဲ့ ကြွေးကြော်သံမျိုးတွေဟာ တရုတ်နိုင်ငံမှာ ၁၉၆၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ယဥ်ကျေးမှုတော်လှန်ရေးကာလက ကြွေးကြော်သံမျိုးနဲ့ သဏ္ဌာန်တူပါတယ်။ အကုန်လုံး တော်လှန်ရမယ် ဆိုတဲ့ အကျိုးသက်ရောက်မှု ထည့်သွင်းမစဥ်းစား၊ လက်တွေ့ အခြေအနေတွေကို နားလည်သဘောပေါက်ခြင်း မရှိတဲ့ အစွန်းရောက်တဲ့ ကြွေးကြော်သံသက်သက် တခုမျှသာ ဖြစ်ပါတယ်။ 

 ဒီအတွေးအမြင် ဆောင်းပါးနဲ့ ပတ်သက်လို့ သာမန်ပရိသတ်တွေကတောင် လက်သင့်မခံနိုင်ကြ၊ စိတ်ဆိုး ဒေါသထွက်ပြီး ဝေဖန်ကြတာကို အဆိုပါ အတွေးအမြင်ဆောင်းပါးရဲ့ comment တွေမှာ တွေ့မြင်နိုင်ပါတယ်။ 

ကြည့်ရှုသူ လူပရိသတ် သိန်း၊ သန်းနဲ့ချီရှိတဲ့ မဇ္ဈိမမီဒီယာ အနေနဲ့လည်း အခုလို အတွေးအမြင် ဆောင်းပါးလိုမျိုးကို ဘယ်လို ရှုထောင့်၊ အတွေးနဲ့ ဖော်ပြသလဲဆိုပြီး ပရိသတ်က မေးခွန်းထုတ် ဝေဖန်ထားကြတာ တွေ့ရပါတယ်။ လူငယ်တွေ၊ ကျောင်းသားတွေကို အမြင်မှား အယူအဆ မှားစေနိုင်တဲ့ အခုလို ဆောင်းပါးမျိုးတွေက လွတ်လပ်စွာ ထင်မြင်ယူဆခွင့်၊ တွေးခေါ်ခွင့် ဆိုတာထက် လူထုကို ဝေဝါး လမ်းမှားရောက်စေနိုင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်ဆိုတာ သတိပြုမိကြဖို့ အရေးကြီးတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar