နိုင်ဘဦး - မကောင်းဆိုးဝါးမျှော်စင် (Devils Tower) ၊ ကေလာသတောင် (Mount Kailash) နှင့် အူလရူကျောက်ဆောင် (Uluru Rock)
နိုင်ဘဦး - မကောင်းဆိုးဝါးမျှော်စင် (Devils Tower) ၊ ကေလာသတောင် (Mount Kailash) နှင့် အူလရူကျောက်ဆောင် (Uluru Rock)
(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၂၆
သိပ္ပံအသိပညာ မထွန်းကားမှီ လွန်ခဲ့သော နှစ်ရာထောင်ချီက လူသားများသည် ထူးခြားသောပထဝီရုပ်သွင် ( geographical landscape) တခုခုကိုတွေ့လျှင် ထိုအရာသည် တန်ခိုးရှင်တဦးဦးနေထိုင်သော၊ ဖန်ဆင်းသော အရာတခုဖြစ်ရမည်ဟု မှတ်ယူလေ့ရှိပြီး အမြတ်တနိုး ပူဇော်ပသမှု ထုံးစံ လုပ်ခဲ့ခြင်းများမှာ ကမ္ဘာအဝှမ်းတွင် ရှိခဲ့ပါသည်။ ကျွန်တော်တို့မြန်မာပြည်မှာဆိုရင် ယခုထိတောင် တောင်ထွဋ်တခုရှိရင် တောင်ထိပ်မှာ စေတီတည် ကိုးကွယ်လိုတဲ့ ဆန္ဒတွေ ရှိနေတုံးမဟုတ်ပါလား။ ထိုသို့ ရှိနေသော အသွင်သဏ္ဍန် များထဲမှ သုံးခုကို တင်ပြပေးလိုပါသည်။

Devils Tower ( မကောင်းဆိုးဝါးမျှော်စင်)
၎င်းသည် အမေရိကန်နိုင်ငံ ဝိုင်ယိုးမင်းပြည်နယ် ( တောင်ဒါကိုတာနယ်စပ်နဲ့ မနီးမဝေး) တွင်ရှိပါတယ်။ မိမိသည် လွန်ခဲ့တဲ့ နှစ်လခန့်က တောင်ဒါကိုတာ ပြည်နယ်သို့ ခရီးထွက်ရင်း ထို မကောင်းဆိုးဝါးမျှော်စင်သို့ ရောက်ခဲ့ပါသည်။
၎င်းသည် ဘေးနားအနီးနားတွင် မည်သည့် တောင်တန်း၊တောင်ကုန်းမျှမရှိဘဲ မြေပြန့်လွင်ပြင်မှ ပေ ၁၂၀၀ ခန့် ထိုးထောင်တက်နေသော ကျောက်ဆောင်ကြီးတခုဖြစ်ပါသည်။
နယ်ချဲ့ ဥရောပတိုက်သားများမရောက်ခင် နှစ်ရာချီ၍ ဤဒေသတဝိုက်တွင် နေခဲ့သော ဒေသခံ လူမျိုးများ ( Native Americans) က ဤကျောက်ဆောင်ကို နတ်ဘုရားများ ထွင်းထုပေးခဲ့၍ဟု ဆိုပြီးကိုးကွယ်ပါတယ်။ သူတို့၏ ရိုးရာယုံကြည်မှုအရဆိုရလျှင်- ကလေးငယ်တစုသည် ကစားနေစဉ် အင်မတန်ကြီးမားသော ဝက်ဝံကြီးတကောင် လိုက်၍ ထွက်ပြေးရာကနေ ကျောက်တုံးလေးတခုပေါ်တက်နေပါသည်။ ထို့နောက် သူတို့ရဲ့ ကောင်းကင်နတ်ဘုရားတွေကို ရှိခိုးအကူညီတောင်းခဲ့ချိန်မှာတော့ တန်ခိုးရှင်ဟာ ကလေးတွေထိုင်နေတဲ့ကျောက်တုံးကြီးကို ဝက်ဝံတွေမလိုက်နိုင်အောင် ကောင်းကင်ကို ထိုးတက်သွားစေပြီး ယခုလို ကျောက်ဆောင်ကြီး အဖြစ်ဖန်ဆင်းလိုက်ပါတယ်။ ဒါတောင် ဖက်တက်မယ်ကြိုးစားလို့ ဝက်ဝံကြီးရဲ့ လက်သဲစင်းရာတွေဟာ ကျောက်ဆောင်ရဲ့နံရံမှာ ယနေ့ မြင်ရသလို အစင်းကြောင်းတွေအနေနဲ့ကျန်ခဲ့ပါ သတဲ့။
၁၉ရာစုလည်မှာ ဤနေရာများသို့ ချဲ့ထွင်ရောက်လာတဲ့ ဥရောပသားများက ဤကျောက်ဆောင်ကိုဘယ်လိုခေါ်လဲလို့ ဒေသခံများကို မေးရာမှာ နားကြားလွဲ၊ ဘာသာပြန်လွဲပြီး “ Bad God’s Tower” လို့မှတ်ယူခဲ့ပါသည်။ အမှန်ကဒေသခံတွေရဲ့ဘာသာစကားတွင် “ Bear’s Lair” - ဝက်ဝံကြီးရဲ့အိမ်ဟု အမည်ပေါက်ပါသည်။ Bad God ဆိုတာတော့ မှတ်ရတာမကောင်းပါဘူးဆိုပြီး Devils Tower ဟု နံမည်ပြောင်းပေးခဲ့ရာကနေခုလိုတွင်သွားပါသည်။
ပါမစ် ကြိုလျှောက်ပြီး rock climbing လုပ်လိုသူများ ကျောက်ဆောင်ကို တက်ခွင့် ရှိပါသည်။ ဒေသခံ လူမျိုးစုများ၏ ရိုးရာပူဇော်ပွဲလုပ်လေ့ရှိတဲ့ ဇွန်လကိုတော့ တနှစ်မှာတလ တက်ခွင့်ပါမစ် ကိုပိတ်ထားပေးပါသည်။ ကျောက်ဆောင်ရဲ့ ခြေရင်း မှာ ပါတ်လမ်းလေးဖေါက်ထားပါသည်။ တပါတ်အပြည့်ဆို ၂မိုင်လောက်ရှိပါတယ်။ ကျောက်ဆောင်ကိုတက်ရန်ကတော့ rock climbing လုပ်တတ်သူများ ဆိုင်ရာ ပစ္စည်း ကရိယာ အစုံနှင့်မှ တက်၍ရပါလိမ့်မည်။
ဤကျောက်ဆောင်သည် နံမည်ကြီး သိပ္ပံရုပ်ရှင် - Close Encounters of the Third Kind - တွင် အာကာသယဉ်ကြီးဆိုက်ရျ် ဂြိုလ်သား( aliens)များနှင် လူသားများ ပထမဆုံး ဆုံတွေ့ရာ ဇာတ်အိမ်တည်သော အဓိက နေရာ အဖြစ် ပါဝင်ခဲ့ပါသည်။ ရုပ်ရှင်သည် အလွန် အောင်မြင်ခဲ့သလို Devils Tower ကိုလည်း ကမ္ဘာအနှံ့မှ လူအတော်များ စမြင်ဘူးသွားပြီး တိုးရစ်များ လာကြည့်စရာ နေရာ တခုဖြစ်လာခဲ့ပါသည်။ ဒါရိုက်တာကတော့ Jaws တို့ ET တို့ Indiana Jones တို့ Jurassic Park တို့ Schindler’s List တို့ကိုရိုက်သော စတီဗင် စပီးလ်ဘာဒ် ဖြစ်ပါသည်။
.png)
ကေလာသတောင် ( Mount Kailash)
အချို့စာအုပ်မှာ Mount Kailasha လို့လဲပေါင်းပါတယ်။ သူကတော့ အခုတလောမှာ သတင်းထဲမှာ အပါများနေပါသည်။ လွန်ခဲ့တဲ့တလခန့်က နီပေါမှာ ရေခဲမြစ် ( glacier) က ရေခဲတောင်ကြီးကြီးတခြမ်း ရုတ်တရက်ပြိုကျ၊ တောင်ခြေတွင် မိနစ်အနဲငယ်အတွင်း မိုးမရွာဘဲ တောင်ကျရေများစီးဆင်းလာပြီး ရေကြီး၊ အနီးနားက မြို့ရွာတွေရေလွှမ်းပြီး လူရာထောင်ချီသေဆုံးခဲ့တဲ့သတင်း တခု မှတ်မိပါလိမ့်မယ်။ ထိုစဉ်က လူရာနဲ့ချီသေသွားတဲ့နေရာတခုက နီပေါနဲ့ တရုတ်(တိဘက်) နယ်ခြားဖြတ် ဂိတ်စခန်း လေးတခုဖြစ်ပါတယ်။ ထိုနေ့ ရေကျချိန်မနက်၁၀နာရီခန့်တွင် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့နယ်စပ်ဂိတ်မှာ တရုတ်ပြည် ထဲသို့ကူးရန် တန်းစီစောင့်နေသော အိန္ဒိယ နိုင်ငံသား ရာနဲ့ချီပါသွားအသက်ဆုံးရှုံးခဲ့ပါသည်။ ထိုသူများ အားလုံးဟာ ကေလာသ တောင်သွားကြမဲ့ ဘုရားဖူး ခရီးသည်များ ဖြစ်ပါသည်။
ကေလာသ တောင်သည် ဟိမဝန္တာ တောင်တန်းမှတောင်ထွဋ်တခုဖြစ်ပါသည်။ ပေ ၂၁၀၀၀ ခန့်မြင့်ပါသည်။ တရုတ်နိုင်ငံရဲ့ တိဘက်ပြည်နယ်မှာ တည်ရှိပြီး ဘုရားဖူးအများစုဟာ နီပေါကနေတဆင့်နယ်စပ်ဖြတ်ပြီး တိဘက်ကိုကူးကြပါသည်။ ဟိန္ဒူဘာသာ၏ အထွဋ်မြတ် တောင်ထွဋ်ဖြစ်၍ တောင်တက်ခွင့် ခွင့်ပိတ်ထားသည်မို့ အခြား ဟိမဝန္တာ တောင်ထွဋ် ( ဥပမာ ဧဝရတ်၊ K2 ) များကဲ့သို့ တောင်ထိပ်ကိုလူရောက်ဘူးခြင်းတခါမှမရှိဘူးပါ။ ဘုရားဖူးများသည် တောင်ခြေရှိ ၃၃ မိုင်ရှိသော တောင်ပါတ်လမ်းတလျှောက် ပါတ်လျှောက် ၊ ရပ်ပြီး ထောင့်ပေါင်းစုံမှနေ ရှိခိုးပြီးပြန်ကြပါသည်။ တောင်ထိပ်သည်် နှင်းအမြဲဖုံးနေပြီး တောင်ပါတ်လမ်းကိုက ပေ ၁၆၀၀၀-၁၈၀၀၀ အမြင့်မှာရှိ၍ ရာသီဥတုအတော် ကြမ်းပါသည်။
တိဘက် ဗုဒ္ဒဘာသာအယူအရ ကေလာသ တောင်သည် ဗုဒ္ဓကျမ်းဂမ်ပါ မြင့်မိုရ်တောင် ( Mount Meru) ဖြစ်ပြီး စကြာဝဠာနှင့် ကျွန်းကြီး ၄ကျွန်း၏အလယ် ဗဟို၌ရှိနေပါသည်။ ဟိန္ဒူဘာသာ အယူအရတော့ သူတို့၏ အကြီးမြတ် ဆုံးရှီဝ နတ်ဘုရား ( Lord Shiva) နေထိုင်ရာနေရာဖြစ်ပါသည်တဲ့။ ရှန်ဂရီလာ ဆိုသော ( Shangri-La or Shambala) ဆိုတဲ့ ဒဏ္ဍာရီထဲက လူသားတွေဘယ်တော့မှမအိုတော့သည့် နိုင်ငံသည်လည်း ကေလာသတောင်အနားမှာတည်ရှိသည်ဟု ဆိုကြပါသည်။ တောင်ထွဋ်၏ ပုံစံသည် ဧဝရတ်၊ K2၊ ခါကာဘိုရာဇီတို့ကဲ့သို့ တဖက်နှင့်တဖက် မျက်နှာစာများ မညီမညာဖြစ်မနေဘဲ ပိရမစ်ကဲ့သို့ မျက်နှာစာများက တော်တော်လေးအချိူးကျနေပါသည်။ သို့ဖြစ်ရျ်လည်း ဤတောင်သည် သဘာဝ ပေါ်ထွန်းနေခြင်း မဟုတ်ဘဲ နတ်၊ဘုရား များက တမင် ဖန်ဆင်းထားခဲ့သောအရာ၊သူတို့၏ နေအိမ်ဟု ရှေးလူတွေကပိုထင်မြင်ခဲ့ပုံရပါသည်။
ထေရဝါဒ ဗုဒ္ဓဝင်တွင် ဘုရားအလောင်းပန္ဓိသန္ဓေနေချိန်မှာ မယ်တော်မာယာသည် သူမကို စတုမဟာရာဇ် နတ်မင်းကြီး၄ပါးက မချီသွားကာ ကေလာသတောင်ခြေမှ အနာဝတတ်ရေကန်ဘေးမှာ လဲလျောင်းနေစေစဉ် ဆင်ဖြူတကောင်က ဝမ်းတွင်းသို့ဝင်သည်ဟု အိပ်မက်မက်သည်ဟု ဖတ်မိဘူးပါသည်။ တိုက်ဆိုင်မှုဟုဆိုရမည်လားမသိ- ယနေ့ခေတ်တွင်လဲ ကေလာသတောင်ခြေတွင် ရေကန်ကြီးတခုရှိနေပါသေးသည်။ အမည်မှာ Lake Mansarovar ဖြစ်သော်လည်း ထိုကန်သည် Anavatapta Lake ( အနာဝတတ်ရေကန်) သာဖြစ်သည်ဟု အချို့က ကောက်ချက်ဆွဲပြန်ဆိုပါသည်။ မြန်မာပြည်တွင် မွန်ပြည်နယ် သထုံခရိုင် ၌လည်း တောင်တန်းတခုကို ကေလာသတောင်ဟု အမည်ပေးထားကြောင်း မိမိ သတိပြုမိပါသည်။
ဩစတေလျတိုက်အလယ်လွင်တီးခေါင် ထဲမှာရှိပါသည်။ အဲလစ်စပရင်း (Alice Spring) မြီု့နှင့်မိုင် ၂၅၀ခန့် အကွာတွင်ရှိသော မြေကြီးမှထီးထီးထိုးထွက်နေသည့်၊ အနီးနားတွင်တောင်တန်းမရှိ သဲကန္တာရနီးနီး ပူပြင်းခြောက်သွေ့ရာ နေရာရှိ အနီရောင်သဲကျောက်ဆိုင်ဖြစ်ပါသည်။
ဥရောပသားများ ရောက်လာတွေ့ရှိချိန်မှာ ၎င်းကို Ayer’s Rock ဟုအမည်ပေးခဲ့သော်လည်း လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ခန့်ကစ၍ ထိုဒေသတွင် ဥရောပသားများ မရောက်မှီနေနေ ခဲ့သော ဒေသခံ အဘိုရီးဂျင် များ၏ အမည်ဖြစ်သော “အူလရူ”ကိုသာ ပြန်သုံးနှုံးရန် အစိုးရက သတ်မှတ်ခဲ့ပါသည်။ ပေ ၁၁၀၀ ခန့်မြင့်ပါသည်။ အဘိုရီဂျင် လူမျိုးများက အထွဋ်မြတ်ထားရာ၊ ဖန်ဆင်းရှင်က ဖန်ဆင်းပေးခဲ့သောနေရာဟု ယူဆကြပါသည်။ ယခုတော့ ကမ္ဘာလှည့်များ အသိများနေပြီး တောင်ခြေအနီးတဝိုက်တွင် ဟိုတယ်ကောင်း များ ရှိနေပြီဟုသိရပါသည်။
နံပါတ် ၂ နှင့် ၃ ကို မိမိ မရောက်ဘူးသေးပါ။ စာဖတ်သူတို့ကရော။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
.jpeg)
.png)
.jpeg)