Breaking News

ဇင်လင်း - နှစ်သစ်ကူးပြန်ပေါ့ …

ဇင်လင်း - နှစ်သစ်ကူးပြန်ပေါ့ …
(မိုးမခ) ဧပြီ ၁၈၊ ၂၀၁၉
- နှစ်တွေ  နှစ်တွေ သစ်လိုက် ညစ်လိုက်နဲ့
သစ်ခဲ့ပေါင်းလည်း များလှပေါ့၊ ညစ်ခဲ့ပေါင်းလည်း များလှပေါ့
- သစ်ပြီးရင် ညစ်
ညစ်ပြီးရင် ဟောင်း
ဟောင်းပြီးတော့ နွမ်းရတာ … ဓမ္မတာဆိုပေမယ့်
အသွင်သဏ္ဍာန်သာ သစ်ရုံမဟုတ်ဘဲ
အတွင်းအနှစ်ပါ သစ်ဖို့လိုတယ်
- အသွင်သဏ္ဍာန်ဆိုတာ …
အပေါ်ယံခြယ်သ တဒင်္ဂ
ခမ်းနားကြီးကျယ်သလောက်
နေ့မြင်ညပျောက် … ညမြင်နေ့ပျောက်
နေ့ချင်းပျောက် … ညချင်းပျောက်
အနှစ်သာရလောက် အဓွန့်မရှည်။
- နှစ်အသစ်ဟာ … ဟောင်းနွမ်းရမှာ ဓမ္မတာဆိုပေမယ့်
- အနှစ်သာရ တခုခု ဆစ်ထုထားရစ်ခဲ့ဖို့ လိုတယ်
- ၁၃၀ဝ ပြည့်နှစ်ဟာ ဟောင်းခဲ့တာကြာပေမယ့် ညစ်မသွားခဲ့
- ၁၃၀ဝ ပြည့်နှစ်မှာ ရေနံမြေသပိတ်ကြီး ပေါ်ခဲ့တယ်
- ၁၃၀ဝ ပြည့်နှစ် ရေနံမြေသပိတ်ဟာ နယ်ချဲ့ဆန့်ကျင်ရေးပြယုဂ်ဖြစ်တယ်
- ၁၃၀ဝ ပြည့်နှစ် ရေနံမြေသပိတ်ဟာ လွတ်လပ်ရေးတိုက်ပွဲခေါ်သံဖြစ်တယ်
- ၁၃၀ဝ ပြည့်နှစ်မှာ ပုဒ်မ ၁၄၄ ကို ထွန်းလှန် အာဏာဖီဆန်ခဲ့ကြတယ်
- ၁၃၀ဝ ပြည့်နှစ်မှာ မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်လို့ ကြွေးကြော်ခဲ့ကြတယ်
- ၁၃၀ဝ ပြည့်နှစ်မှာ သခင်ခေါင်းဆောင်တွေ ထွန်းပေါ် တိုက်ပွဲပျော်တွေ ကျော်ခဲ့တယ်
- ၁၃၀ဝ ပြည့်နှစ်မှာ ပုလိပ်တပ် လှံစွပ်တပ် မြင်းစီးတပ် သေနတ်ကိုင်တပ်တွေကို ထိုးဖေါက်  ရွှေတိဂုံခံတပ်အထိ ရောက်ခဲ့တယ်
- ၁၃၀ဝ ပြည့်နှစ်ဟာ သမိုင်းမှာ ဂုဏ်ရောင်ပြောင်တဲ့နှစ်ပေပဲ
- ၁၃၀ဝ ပြည့်နှစ်ဟာ မဟောင်းနိုင်တဲ့ နှစ်၊ မညစ်နိုင်တဲ့ ခေတ်ရဲ့ အောင်ပွဲ သင်္ကေတပေပဲ
- လာမယ့် နှစ်သစ်ဟာ ၁၃၀ဝ ပြည့်နှစ်ရဲ့ စံချိန်စံညွှန်းတွေကို အရောင်ပြန်တင်ပေးနိုင်မလား
- မေးခွန်းတခု၊ စိန်ခေါ်မှုသဖွယ် ရှိနေတယ်
- တကယ့်နှစ်သစ်ဖြစ်ဖို့ စိန်ခေါ်မှုတွေ ကျော်ဖြတ်ရဦးမယ်
- သမိုင်းမှတ်တိုင်အသစ် စိုက်ထူရဦးမယ်
- သစ်ပြီးရင် ညစ်
ညစ်ပြီးရင် ဟောင်း
ဟောင်းပြီးတော့ နွမ်းမသွားစေချင်ဘူး
- လာမယ့် နှစ်သစ်မှာ တန်းတူရေးကို အလေးပြု
ငြိမ်းချမ်းမှုကို ဦးထိပ်ပန်
ဓမ္မကို ရည်သန်
အဓမ္မမှုကို ဖီဆန်ဖို့တော့ ဒိဋ္ဌ လိုပေလိမ့်ဦးမယ်။
ဇင်လင်း
၁၇ ဧပြီ၊ ၂၀၁၉။
(သရုပ်ဖော် သန်းဌေးမောင်)