Breaking News

စစ်တပ် ထောက်ခံတဲ့ ကြံ့ခိုင်ရေး လွှမ်းမိုးထားတဲ့ လွှတ်တော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ လေ့လာသုံးသပ်ရေးကော်မတီဖွဲ့

May be an image of dais 

စစ်တပ် ထောက်ခံတဲ့ ကြံ့ခိုင်ရေး လွှမ်းမိုးထားတဲ့ လွှတ်တော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ လေ့လာသုံးသပ်ရေးကော်မတီဖွဲ့

မြန်မာနွေဦးခရိုနီကယ်၊ နိုဝင်ဘာ ၁၂ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၂၆

 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်အကြာ ၂၀၂၆ ခုနှစ် မတ်လမှာ ခေါ်ယူခဲ့တဲ့ ကြံ့ခိုင်ရေး လွှမ်းမိုးထားတဲ့ လွှတ်တော်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့ အချက် ၄၃ ချက်နဲ့ ပတ်သက်ပြီး လေ့လာသုံးသပ်ရေးနဲ့ ဥပဒေမူကြမ်းပြုစုရေး ပူးပေါင်းကော်မတီ နိုဝင်ဘာ ၁၂ ရက်နေ့မှာ ဖွဲ့လိုက်တဲ့အကြောင်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။

အခု ဖွဲ့စည်းလိုက်တဲ့ လေ့လာသုံးသပ်ရေးနဲ့ ဥပဒေမူကြမ်းပြုစုရေးကော်မတီက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်ဖို့ အကြမ်းဆွေးနွေးထားတဲ့ အချက် ၄၃ ချက်က ဘာတွေ ဖြစ်မလဲ။ ဘယ်တုန်းက ဆွေးနွေးထားတာလဲလို့မေးရင် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း အာဏာသိမ်းစစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ နဲ့ ဆွေးနွေးမှု ၂၈ ကြိမ်နဲ့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့ ၁၄ ကြိမ် ဆွေးနွေးမှုက ထွက်လာတဲ့ ရလဒ်တွေအပေါ် အခြေခံပြုစုထားတာလို့ ဆိုပါတယ်။

အဆိုပါ ၄၃ ချက်ကို ယခုနှစ် ဇူလိုင်လမှာ သမ္မတ ရာထူးယူထားတဲ့ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြံ့ခိုင်ရေးပါတီ လွှမ်းမိုးထားတဲ့ လွှတ်တော်ကိုပေးပို့ပြီးနောက်မှ ဘာအချက်တွေ ပါဝင်သလဲဆိုတာ နိုင်ငံရေးနယ်ပယ်ကသူတွေ သိရှိခဲ့ရတာ ဖြစ်ပါတယ်။

ပြင်ဆင်ချက် ၄၃ ချက်ကို အကြမ်းဖျင်း သုံးသပ်ဝေဖန်ချက်ကတော့ အုပ်ချုပ်ရေးအာဏာလို့ ခေါ်တဲ့ executive order ကို ပိုလုပ်ပိုင်ခွင့်ပေးတဲ့ သဘောလို့ ခြုံငုံသုံးသပ်ကြပါတယ်။ NLD အစိုးရလက်ထက် လွှတ်တော်မှာ ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်က ရွေးချယ်ခွင့်ရှိဖို့ ပြင်ဆင်လိုတဲ့ ပုဒ်မ ၂၆၁ လို အချက်မျိုး အခု ၄၃ ချက်မှာ ပါဝင်ခြင်းမရှိတာက ဝေဖန်စရာ အချက်တခု ဖြစ်နေတာပါ။ NLD အစိုးရလက်ထက်တုန်းက အဆိုပါ ပုဒ်မကို ပြင်ဆင်သင့်ကြောင်း စစ်တပ်ဘက်က ထောက်ခံခဲ့ပေမဲ့ အခု ၄၃ ချက်ထဲမှာတော့ အဆိုပါပုဒ်မ ပါလာခြင်း မရှိပါဘူး။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာထက် ၂၀၀၈ ကို ဖျက်သိမ်းဖို့ သို့မဟုတ် အာဏာသိမ်းလိုက်တာကြောင့် ပျက်ပြယ်ပြီးဖြစ်တယ်လို့ စစ်အာဏာရှင် ဆန့်ကျင်တဲ့ အင်အားစုတွေက သဘောထား မှတ်ချက်ချထားကြပြီး ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်လမ်းစဥ်ကို ကိုင်စွဲခဲ့ကြတဲ့ NUG၊ ဒေသအလိုက်ပေါ်ထွက်လာတဲ့ PDF တပ်ဖွဲ့တွေနဲ့ အချို့သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေး မပြင်ရေးဟာ စိတ်ဝင်စားစရာ မဟုတ်တော့ပါဘူး။

အာဏာသိမ်းစစ်တပ်ကို စစ်ရေးအရ အနိုင်ယူရေး သို့မဟုတ် မိမိတို့လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ကာကွယ်နိုင်ရေးကသာ အရေးကြီးတာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသိအမှတ်မပြုတော့တဲ့ အဖွဲ့တွေ အနေနဲ့ ဒီဥပဒေပြင်ခြင်း မပြင်ခြင်းဟာ အရေးမကြီးတော့တဲ့ သဘောပဲ ဖြစ်ပါတယ်။

ဒီလိုဆိုရင် အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ အာဏာသိမ်းစစ်တပ်ရဲ့ အမျိုးသားညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းဆွေးနွေးရေးကော်မတီ NSPNC နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချို့ ခုနှစ်ပိုင်းတွေအတွင်း သွားရောက်တွေ့ဆုံပြီး ၄င်းတို့ လိုလားချက်တွေကို ဆွေးနွေးနေကြတာလဲ ဆိုတဲ့ မေးခွန်းလည်း မေးစရာရှိနေတာပါ။

UWSA, NDAA, SSPP/SSA, RCSS, NMSP, KNU/KNLA-PC, SNA နဲ့ ယခုနှစ်ပိုင်းမှာ MNDAA နဲ့ TNLA တို့ အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ဘာတွေ မျှော်လင့်နေကြတာလဲ ဆိုတဲ့ မေးခွန်းလည်း ရှိနေပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အများစုက ဒီအခြေခံဥပဒေ ပြင်ဆင်ခြင်း မပြင်ဆင်ခြင်းက ၄င်းတို့အတွက် အဓိကကျတဲ့ အချက် မဟုတ်ပါဘူး။ အချို့အဖွဲ့တွေအနေနဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်တပ်အပါအဝင် အခြားသောလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အနှောင့်အယှက်ပြုတာမျိုး မဖြစ်ရဖို့ အတွက် နိုင်ငံရေးနည်းအရ တွေ့ဆုံပြောဆိုတဲ့ သဘောလို့ ဆိုနိုင်ပါတယ်။ အဆိုပါ နယ်မြေတွေကို စစ်အစိုးရက အသိအမှတ်ပြုပေးဖို့ တွေ့ဆုံဆွေးနွေးတဲ့အခါ ပြောဆိုကြပေမယ့် အာဏာသိမ်းစစ်တပ်ဘက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လုပ်ဆောင်ပါ၊ လွှတ်တော်ကတဆင့် လုပ်ဆောင်ပါ ဆိုတဲ့ အဖြေသာပေးတာ ကြားသိကြရပြီး ဖြစ်ပါတယ်။

အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ လက်ရှိအနေအထားမှာ စစ်တပ်နဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ အခြေအနေမပေးတာကြောင့် အာဏာသိမ်းစစ်တပ်က ဖိတ်ကြားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို တက်ရောက်ပြီး မြွေမသေတုတ်မကျိုး အနေအထားမျိုးနဲ့ ဖြတ်သန်းကြရတဲ့ သဘောလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြင်ဆင်လိုက်တဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေအောက်မှာ နိုင်ငံရေးပါတီ အဖြစ် လှုပ်ရှားနေကြတဲ့ ပါတီတွေအနေနဲ့လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အင်တိုက်အားတိုက် လုပ်နိုင်တဲ့ လူထုထောက်ခံမှုမျိုး မရှိကြပါဘူး။ ကြံ့ခိုင်ရေးပါတီက စစ်တပ်ရဲ့ နောက်ခံနဲ့ ရပ်တည်တဲ့ ပါတီဖြစ်ပြီး စစ်တပ်နဲ့ အကျိုးစီးပွားတခုထည်းလို့ အများက မှတ်ယူထားကြတဲ့ ပါတီဖြစ်လို့ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ စစ်တပ်ရဲ့ အကျိုးစီးပွားနဲ့ ရပ်တည်ချက်အတိုင်း လိုက်မှာ အသေအချာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးပါတီတွေ အထဲမှာ တိုင်းရင်းသားပါတီအချို့ကလွဲရင်  လှုပ်ရှားမှု အနည်းငယ် ရှိတဲ့ ပါတီဆိုလို့ ပြည်သူ့ပါတီ တခုသာရှိတဲ့ သဘောဖြစ်ပါတယ်။ ပြည်သူ့ပါတီ ခေါင်းဆောင် ဦးကိုကိုကြီးက ယမန်နှစ် (၂၀၂၅) အစပိုင်းက ပြင်ဆင်ဖို့ သဘောတူထားကြတဲ့ အဆိုပါအချက် ၄၃ ချက်ထဲက အချက်တွေကို နောင်တချိန် ပြင်ဆင်ဖို့ သဘောမတူဘူး ဆိုရင် ကျနော်နှုတ်ဆိတ်နေမှာ မဟုတ်ဘူးလို့ သတင်းမီဒီယာတခုနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

၂ နှစ်နီးပါးအကြာ အခုအချိန်မှာတော့ ဦးကိုကိုကြီးကို ပြည်ထောင်စု အတိုင်ပင်ခံကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့တာကြောင့် ခုလို အရေးကိစ္စတွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်တဲ့ အနေအထားမဟုတ်တော့တာလည်း တွေ့ကြရပါတယ်။

အမှန်တကယ်တော့ စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အကြာ ကျင်းပတဲ့ စိတ်တိုင်းကျ ကန့်သတ်မှုတွေ ပြင်ဆင်မှုတွေအောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲ နဲ့ အာဏာရလာတဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအနေနဲ့  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဥ်တခုကို အပြသဘော လုပ်ပြဖို့ ရည်ရွယ်ထားပြီး လက်ရှိ တိုက်ခိုက်နေခြင်း မရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့ရဲ့ အကြံပြုချက်တွေထဲက အရေးမကြီးတဲ့ အချက်အချို့သာ ပြင်ဆင်ဖို့ ကြိုးစားလိမ့်မယ်လို့ မှန်းဆနိုင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြင်ဆင်နိုင်တဲ့ ပြင်ဆင်ပြီး ဖြစ်တဲ့ ဥပဒေတခု အဖြစ် အများကို ပြဖို့ ရည်ရွယ်ခြင်းသာ ဖြစ်တယ်ဆိုတာ ထင်ရှားနေတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar