Breaking News

ဇင်လင်း ● အချိန်မနှောင်းမှီ ငြိမ်းချမ်းရေးကို အရယူဖို့လိုသည်

ဇင်လင်း ● အချိန်မနှောင်းမှီ ငြိမ်းချမ်းရေးကို အရယူဖို့လိုသည်
(မိုးမခ) မေ ၁၃၊ ၂၀၁၉


ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းခုလတ်တွင် ပြဿနာအမျိုးမျိုး ကြုံတွေ့နေရသည်။ အထူးသဖြင့်  ပြည်တွင်းစစ် ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စက အခရာဖြစ်နေသည်။ ငြိမ်းချမ်းရေး ဖြစ်ထွန်းရန် အခြေခံအားဖြင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုအားလုံး ‘တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်(NCA)’ ကို လက်ခံဖို့လိုသည်ဟု အစိုးရက ဆိုသည်။ ယေဘုယျအားဖြင့် EAOs အဖွဲ့များအားလုံး ၂၁ ရာစုပင်လုံ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်လာရေး အပေါ် မူတည်နေသည်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က တိုင်းရင်းသား လက်နက်ကိုင်အင်အားစုအားလုံး NCA စာချုပ် တွင် ပါဝင်လက်မှတ်ရေးထိုး၍၊  ၂၁ ရာစုပင်လုံ စတုတ္ထအကျော့ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ကြရန် နှိုးဆော်လျှက်ရှိ သည်။ ၂၁ ရာစုပင်လုံ နိုင်ငံရေးဆွေးနွေးပွဲစင်မြင့်ကို တိုင်းရင်းသား အခွင့်အရေးများရရှိရေးအတွက် အသုံးချရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလျှက်ရှိသည်။ NCA သည် လမ်းဆုံး မဟုတ်ဘဲ NCA မှတဆင့် နိုင်ငံရေးရပိုင်ခွင့်များ ဆွေးနွေးရယူစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က နှိုးဆော်ထားသည်။

မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်ပြဿနာကြောင့် နိုင်ငံတကာဖိအားများနှင့် ထိပ်တိုက် ရင်ဆိုင်နေရသည်။ တချိန်တည်း တွင် ပြည်တွင်းစီးပွားရေး အခြေအနေကလည်း ဒေါ်လာဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေးတို့နှင့် အတူ မတည်မငြိမ် ဖြစ်နေ သည်။ မူးယစ်ဆေးပြဿနာ၊ တရားဥပဒေစိုးမိုးရေးပြဿနာ နှင့် သယံဇာတမျိုစုံ ခိုးထုတ်ခြင်း ခံနေရသည့် ပြဿနာများ ကလည်း အစိုးရအတွက် ထပ်ဆင့်စိန်ခေါ်မှုများ ဖြစ်နေသည်။ ၎င်းပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရန် နိုင်ငံရေး တည်ငြိမ် မှု ရရှိအောင် လုပ်ရမည်။ တနည်းအားဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တိုးတက်ကောင်းမွန်လာအောင် လုပ်ဖို့လိုသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ် အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မျးက အကောင်းမြင်လာမှသာ အပြန်အလှန်ယုံကြည်လာမည်။ ယုံကြည်မှုရှိမှ အမျိုးသားပြန်သင့်ရေးလည်း ဖြစ်ထွန်းနိုင်မည်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး တည်ဆောက်နိုင်မှသာ လက်ရှိကြုံတွေ့နေရသော နိုင်ငံတကာဖိအားများကို ဖယ်ရှင်းနိုင်မည်။ နိုင်ငံတကာ ဖိအားများကို တွန်းလှန်ရေးကိစ္စ ကို အရေးတယူပြောနေရခြင်းမှာ ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မထိခိုက်စေရန် အတွက်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာဖိအားကိစ္စ မသိကျိုးကျွံ မျက်ကွယ်ပြုထား၍ မရ။ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးအခြေအနေတို့သည် တခုနှင့် တခု ဆက်စပ်ပတ်သက်နေသည်ကို သတိပြုဖို့လိုသည်။

ယခု သီတင်းပတ်အတွင်း သတင်းကောင်းတခုမှာ မြောက်ပိုင်းလက်နက် ကိုင်လေးဖွဲ့ဖြစ်သည့် ကချင်အ ဖွဲ့ (KIO/ KIA) ၊ တအာင်းအဖွဲ့ (TNLA) ၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့(AA) တို့က ပေးပို့သည့် Bilateral  နှစ်ဦးနှစ်ဖက်အကြား အပစ်ရပ်စာချုပ်မူကြမ်းများကို ဆွေးနွေး ညှိနှိုင်းမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ခြင်းဖြစ်သည်။ ၂၀၁၉ မေလ ၃ ရက်က နေပြည်တော်၌ ကျင်းပသည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအ ဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက Bilateral ကိစ္စ လက်ခံမည်၊ လက်မခံမည်ကို တပ်မတော်က မဆုံးဖြတ်ရသေးဘဲ ဆက်လက် ဆွေးနွေးရမည်ဖြစ်ကြောင်း၊ ထိုသို့ ပြောခြင်း နှင့် စပ်လျဉ်း၍ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ထပ်မံရှင်းလင်း ပြောကြားသည်။

‘‘သူဆိုလိုတာက အဲဒီထဲမှာ ပါတဲ့ဟာတွေ အကုန်လုံးကို သဘောတူ၊ မတူ မဆုံးဖြတ်ရ သေးဘူးကို ဆိုလိုတာ။ ကျွန်တော်တို့ သိရသလောက်က တချို့ဟာ တွေကဆက်ပြီး ညှိနှိုင်းရဦးမှာ ဖြစ်တယ်။ အဲဒီမှာ ကျန်သွားတာ ဖြစ်ပါတယ်။ သူတို့ဆီက မူကြမ်း ကို ကျွန်တော်တို့ဆီက ပြန်ပြီး တော့ NRPC ရော၊ တပ်နဲ့ရောပြန် ပြီး ညှိနှိုင်းရဦးမှာ။ သူတို့ဆီက ပေးလိုက်တဲ့အတိုင်းကို ပြန်ပြီး ဆွေးနွေးညှိနှိုင်းရဦးမှာကို ဆိုလို တာပါ။’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောသည်။

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့ ဧပြီ ၃၀ ရက်က မူဆယ်မြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့စဉ်  Bilateral အပစ်ရပ်စဲရေးဆောင်ရွက်ရန် သဘောတူညီပြီး မြောက်ပိုင်း ၄ ဖွဲ့က တစ်ဖွဲ့ချင်းစီ၏ အဆို ပြုမူကြမ်းကို အစိုးရထံပေးအပ်ခဲ့သည်ဟု 7Day Daily သတင်း၌ ဖေါ်ပြခဲ့သည်။ မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့က ပေးပို့သော စာချုပ်မူကြမ်းများကို နှစ်ဖက်အပြန်အလှန် ညှိနှိုင်းရန် မေလတွင် ဆွေးနွေးပွဲ ထပ်မံပြုလုပ်မည်ဟု မူဆယ်ဆွေး နွေးပွဲ၌ သဘောတူညီခဲ့ကြကြောင်း သိရသည်။

နောက်ထပ် သတင်းကောင်းတခုမှာ ၂၀၁၈ နှစ်ကုန်ပိုင်း ကတည်းက ရပ်တန့်နေသော ပြည်နယ်အဆင့် ဆွေးနွေးပွဲများပြန် လည် စတင်ရန် အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန (NRPC)၊ ကယားပြည်နယ်အစိုးရနှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့၏ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ၌ သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။၂၀၁၉ မေလ ၆ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့၌ ကျင်းပသည့် အဆိုပါ ဆွေးနွေးပွဲတွင် ပြည်နယ်အဆင့် လစဉ် ပုံမှန် အစည်းအဝေးများ ပြန်လည်ကျင်းပနိုင်ရေး၊ ဒေသတွင်းဖွံ့ဖြိုးရေး၊ ပညာရေးနှင့်ကျန်းမာရေးကိစ္စများ ဆွေးနွေး ခဲ့သည်ဟု KNPP ပြောရေးဆို ခွင့်ရှိသူ နဲနယ်ပလိုးက ပြောကြောင်း 7Day Daily သတင်းအရသိရသည်။ ပြည်နယ်အဆင့် လစဉ် ပုံ မှန် အစည်းအဝေးများ ယခင်နှစ် အောက်တိုဘာလ ကတည်းက ရပ်နေခဲ့ကြောင်း ၎င်းက ပြောသည်။ လစဉ်ပုံမှန် အစည်း အဝေးများကို ယခုမေလမကုန်မီ ပြန်လည် စတင်မည်ဖြစ်သည်ဟု နဲနယ်ပလိုး က ပြောသည်။

‘‘KNPP အနေနဲ့ ထူးခြားတာတွေရှိတယ်။ NCA မထိုးရသေးပေမယ့် တစ်လတစ်ခါဆွေး နွေးပွဲတွေလုပ်ဖို့ သူ့မှာအခွင့်အရေး တွေရခဲ့တယ်။ အဲဒါကလည်း ၂၀၁၈ ဧပြီလတုန်းက ဒီမှာလာ ဆွေးနွေးတုန်းက ရခဲ့တာ။ ဒါပေမဲ့ သူတို့အနေနဲ့ အကြောင်း ကြောင်းကြောင့် ခြောက်ခါလောက်လုပ်ပြီးတော့ ဒီဆွေးနွေးပွဲတွေ ထပ်မလုပ်ဖြစ်ဘူး။ အဲဒါတွေ လုပ်နိုင်ဖို့ကိစ္စပေါ့။’’ ဟု NRPC ကိုယ်စားလှယ်ဦးလှမောင်ရွှေက ဆိုသည်။

ယခုဆွေးနွေးပွဲသို့NRPC တက်ရောက်ခြင်းသည် ယုံကြည်မှုတည်ဆောက်ရန်ဖြစ်ကြောင်း၊ NRPC နှင့် KNPP နေပြည်တော် တွင် ထပ်မံတွေ့ဆုံရန်ရှိကြောင်း ဦးလှမောင်ရွှေ က ပြောသည်။ ထို့ပြင် NCA စာချုပ် လက်မှတ်ထိုးနိုင်ရေးကိစ္စကို  တိုက်ရိုက် မဆွေးနွေးသော်လည်း အမြန်ဆုံးထိုးနိုင်လျှင် ကောင်းသည်ဆိုသည့် သဘောရှိကြောင်း၊ KNPP ဘက်က အားရ ကျေနပ်မှုရှိသည်၊ ယုံကြည်မှုရှိသည်ဟု ပြောသဖြင့် မကြာမီဖြစ်လာမည်ဟု  မျှော်လင့်ကြောင်း ဦးလှမောင်ရွှေက ဆိုသည်။ NRPC ၊ တပ်မတော်ညှိနှိုင်း ရေးအဖွဲ့တို့နှင့် ထပ်မံတွေ့ဆုံရန်ရှိသည် ဟုဆိုသည်။

တချိန်တည်းတွင် ကရင်အမျိုးသားအ စည်းအရုံး(KNU)နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS)တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တရားဝင် ဆွေးနွေးမှုများတွင် ပြန်လည်ပါဝင်လာမည့်အချိန်ကို စောင့်ဆိုင်းသည့်အနေဖြင့် ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေးများ ယာယီရပ်ဆိုင်းထားဆဲ ဖြစ် သည်ဟု JMC-U အဖွဲ့ဝင်များက ပြောကြောင်း သိရသည်။ JMC-U အစည်းအဝေးများကို နှစ်လတစ်ကြိမ်ကျင်းပရန် သတ်မှတ်ထားသည်။ နောက်ဆုံးအကြိမ်ကို ၂၀၁၈ စက်တင်ဘာလကုန်က ကျင်းပခဲ့သည်။ ၂၀၁၈ နိုဝင်ဘာတွင် အစည်း အဝေး ပြန်လည် ခေါ်ယူရမည်ဖြစ်သော်လည်း KNU က ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုင်ရာ တရားဝင်ဆွေးနွေးပွဲ၌ ပါဝင်မှု ယာယီရပ်ဆိုင်းထားခြင်း နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)က အပစ်ရပ်ပူးတွဲကော်မတီတွင် ပါဝင်မှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် JMC-U ပုံမှန်အစည်းအဝေးပြုလုပ်ရန် ၆ လကျော် နောက်ကျနေပြီဖြစ်သည်ဟု ကော် မတီဝင်များက ပြောသည်။

အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုးတိုင်းရင်းသားအဖွဲ့ ထိပ်သီး ခေါင်းဆောင်များ ၂၀၁၈ အောက်တိုဘာတွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးပြီးနောက် KNU သည် အောက်တိုဘာ ၂၇ ရက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးများ၌ ပါဝင်မှု ယာယီရပ်ဆိုင်းကြောင်း ဒေါ်အောင် ဆန်းစုကြည်ထံ စာပေးပို့ခဲ့သည်။ RCSS က ပစ်ခတ် တိုက်ခိုက် မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ(JMC)အ ဆင့်ဆင့်တွင် တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် (NCA) အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ တရားမျှတမှုမရှိဟု ဆိုကာ JMC အစည်းအဝေးများ၌ ပါဝင်တက် ရောက်ရန် သုံးသပ်မည်ဖြစ်ကြောင်း အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

‘‘ကျွန်တော်တို့ ဒီဘက်က တော့ တာဝန်ရှိသူတွေသွားပြီး တော့ KNU နဲ့လည်း အလွတ်သ ဘောတွေ့တာမျိုးတွေတော့ရှိပါ တယ်။ ဒါပေမဲ့လည်း တကယ်က ကာယကံရှင်တွေဖြစ်တဲ့ တပ်နဲ့ KNU နဲ့တွေ့ဖို့လိုတယ်။ တပ်နဲ့ RCSS နဲ့တွေ့ဖို့လိုတယ်။ ဒီလိုပဲ NRPC နဲ့ ဒီနှစ်ဖွဲ့နဲ့လည်း တွေ့ဖို့ လိုပါတယ်။ အဖြေတစ်ခုရအောင် ဆွေးနွေးဖို့လိုပါတယ်။ ရလဒ် မထွက်တဲ့ ဆွေးနွေးမှုတွေဖြစ်နေမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးက နှောင့်နှေးနေ ဦးမှာပါ။’’ ဟု ဆလိုင်းယောအောင် က  မေလ ၂ ရက်တွင် ပြောသည်။

တရားဝင်အစည်းအဝေး များ ကျင်းပနိုင်ခြင်းမရှိသေးသော် လည်း JMC ကော်မတီဝင်များနှင့် လူထုတွေ့ဆုံပွဲများ၊ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အ သိပညာပေးအခမ်းအနားများနှင့် အရပ်သားကိုယ်စားလှယ်များ၏ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်နေ ကြောင်း ၎င်းက ဆိုသည်။ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ကြားတိုက်ပွဲများ၊ ပဋိပက္ခများ မဖြစ်ပွားရေး၊ ပြဿနာများဖြစ် ပေါ်လာပါက ပြေလည်မှုရရှိရန် ဆောင်ရွက်ရေး၊ ပြည်ထောင်စု အဆင့်၊ ပြည်နယ်၊ တိုင်းဒေသ ကြီးအဆင့်နှင့် ဒေသအဆင့် JMC များကို နှစ်ဖက် ကိုယ်စားလှယ်များ၊ အရပ်သားကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၅) ကြိမ်မြောက် အစည်းအဝေးကို မတ် ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့စဉ်၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှ JMC-U ဒုတိယ ဥက္ကဋ္ဌ (၁) စောအိုင်းဇက်ဖိုးက “ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ  ကျွန်တော်တို့ လက်နက်ကိုင်နှစ်ဖွဲ့အကြားသာ တည် ဆောက် တာမဟုတ်ဘဲ ဒေသခံပြည်သူတွေလည်း ပါဝင်နေတယ်ဆိုတာကို သတိပေးဖို့လိုအပ်ပါတယ်၊ ကျွန်တော် တို့ဒေသ ခံပြည်သူတွေဟာ လက်နက်ကိုင်ပဋိပက္ခရဲ့ မကောင်းတဲ့ အကျိုးဆက်တွေကို ခေတ်အဆက်ဆက်မှာ ခံစားလာ ကြရတာ ဖြစ်ပါတယ်။ သူတို့စိတ်ထဲမှာ ကြောက်စိတ်၊ စိုးရိမ်စိတ် လွှမ်းမိုးနေဆဲ ရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ လှုပ်ရှားမှု တိုင်းမှာ ပြည်သူ့ဆန္ဒ မပါဝင်ရင် NCA နဲ့JMC  အကောင်အထည်ဖော်မှုတွေမှာ  ပြည်သူတို့ရဲ့ ရှိပြီးတဲ့ ယုံကြည်မှု တွေပါ  ပျက်ပြားသွားနိုင်ပါတယ်။” ဟု ပြောခဲ့ဖူးသည်။

JMC-U ၏ (၁၅) ကြိမ်မြောက် အစည်းအဝေးတွင် JMC-U ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်ကလည်း အောက်ပါအတိုင်း ပြောကြားခဲ့ဖူးသည်။

“တချို့ JMC-S များအတွင်းမှာ ဆွေးနွေးချက်တွေကို အပြန်အလှန် အလေးအနက် မထားတာတွေ၊ နားလည်မှု၊ ယုံကြည်မှု မတည်ဆောက်နိုင်တာ တွေကြောင့် မလိုလားအပ်တဲ့ ဖြစ်စဉ်လေးတွေ ဖြစ်နေတာ တွေ့ရပါတယ်၊  လက်ရှိအနေအထား မှာ ယုံကြည်မှုတည်ဆောက်နေတယ်ဆိုတဲ့ စကားလုံးကိုပဲ  သုံးနှုန်းပြောဆိုနေတာကို  တွေ့ရပါတယ်၊  ဒါကြောင့် ယုံကြည်မှု တည်ဆောက်နေတယ်ဆိုတဲ့ စကားလုံးကို ပြန်ကြည့်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် မှီခိုမှုရှိနေဖို့ လိုအပ်ပါတယ်၊ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် မှီခိုနှိုင်အောင်လည်း လိုအပ်တဲ့ ပံ့ပိုးကူညီမှု တွေ၊ လိုအပ်တဲ့ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေကို နှစ်ဖက်ညှိနှိုင်းပြီး ဆောင်ရွက်ဖို့လိုအပ်ပါတယ်၊ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် မှီခိုနေမယ် ဆိုရင် ယုံကြည်မှုတည်ဆောက်ပြီးသား ဖြစ်တယ်လို့ယုံကြည်ပါတယ်။” ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

JMC-U ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် JMC-U ဒုတိယ ဥက္ကဋ္ဌ (၁) စောအိုင်းဇက်ဖိုးတို့၏ ပြောကြားချက်များအရ ယခုအချိန်အထိ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု တည်ဆောက်နိုင်ခြင်း မရှိသေးကြောင်း ပေါ်လွင်နေသည်။ ပြည်တွင်းစစ် နှစ်ပေါင်း ၇၀ ကြာမြင့်ခဲ့သည့်အလျောက် တစ်ဦးအပေါ် တစ်ဦး အထင်မှား အမြင်မှားဖြစ်နေမှု အများအပြား ရှိနေခဲ့သည်။ ထိုသို့ နှစ်ပေါင်း ၇၀ မျိုးဆက်အလိုက် အရိုးစွဲနေခဲ့သည့် မယုံသင်္ကာစိတ်များကို ရက်ပိုင်း၊ လပိုင်းလောက်နှင့် ချေဖျက်၍ ရနိုင်မည် မဟုတ်ပေ။ လက်ရှိအခြေအနေအတိုင်းဆိုလျှင် အစိုးရနှင့် တပ်မတော်တို့က စိတ်ရှည်သည်းခံကာ အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု ပိုမို ဖြစ်ထွန်းစေရန် ပူးတွဲတာဝန်ယူကြရပေမည်။ စစ်မှန်သော ငြိမ်းချမ်းရေးကို အချိန်မနှောင်းမှီ ရယူနိုင်ရေးအတွက် အင်အားကြီးသူတို့က အင်အားနည်းသူတို့ကို စစ်အင်အားဖြင့် အကြပ်မကိုင်ဘဲ နိုင်ငံရေးဆွေးနွေးပွဲနည်းလမ်းဖြင့် တန်းတူရည်တူ နေရာပေးရမည့် အချိန်ရောက်ပြီဟု သုံးသပ်မိပါသည်။ ။

ဒီလှိုင်းဂျာနယ် အတွဲ (၈) အမှတ် (၁၇)၊ ၁၃-၅-၂၀၁၉ နေ့ထုတ်တွင် ဖေါ်ပြသည့် ဆောင်းပါး။