Breaking News

လှကျော်ဇော ● ပိုးလမ်းမကြီးကပေးတဲ့သင်ခန်းစာများ - အပိုင်း (၂)


လှကျော်ဇော ● ပိုးလမ်းမကြီးကပေးတဲ့သင်ခန်းစာများ - အပိုင်း (၂)
(မိုးမခ) မေ ၁၃၊ ၂ဝ၁၉
ပြုပြင်ပြောင်းလဲရေးရဲ့ရလဒ်များ


တရုတ်တွေကတော့ပြုပြင်ပြောင်းလဲရေး (Reform) ဆိုတာ ေသေနတ်သံမထွက်တဲ့ တော်လှန်ရေးတရပ်တဲ့။ ၁၉၇၈ ခုနှစ် တရုတ်ပြည်မှာ တိန်ရှောင်ဖင် အာဏာရလာပြီးနောက် တံခါးဖွင့်နဲ့ ပြုပြင်ပြောင်းလဲရေးပေါ်လစီအရ နိုင်ငံတကာအဖွဲ့အ စည်းများ (ကမာ့္ဘဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးမှုဘဏ်စသဖြင့်) ကဖြစ်ဖြစ်၊ နိုင်ငံတခုချင်းစီကဖြစ် ဖြစ် (အမေရိကန်၊ ဥရောပနိုင်ငံများ၊ ဂျပန်စသဖြင့်) ရင်းနှီးမြှုပ်နှံမှုများကို ရသလောက်လက်ခံခဲ့ပါတယ်။ ဒီတော့ နိုင်ငံတကာ မှာ ဒီလိုသတင်းတပုဒ်တက်လာပါတယ်။

တရုတ်ပြည်တော့ ကြွေးတွေပိပြီး ဒေဝါလီခံရတော့မယ်တဲ့။ တရုတ်တွေအနေနဲ့ နိုင်ငံရေးစနစ်တွေ စီးပွားရေးစနစ်တွေပြောင်း ရတော့မယ်ဆိုပြီး အူမြူးချိုကြွလည်းဖြစ်ကြပါတယ်။ ဒီကြားထဲ ၁၉၉၁ မှာ ဆိုဗီယက်ယူနီယံကြီးပြိုကွဲသွားတော့ နောက်တ ချီဆို တရုတ်ပြည်အလှည့်ပဲဆိုပြီး သမိုင်းနိဂုံးချုပ်တွေ လုပ်ကုန်ကြပါတယ်။ တရုတ်တွေကတော့ (တိန့်ညွှန်ကြားချက်အရ) ရေထဲစမ်းတဝါးဝါးလျှောက်ပြီးရှာသလို စီးပွားရေးတည်ဆောက်ရေးကိုပဲ အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့ကြပါတယ်။

ဥပမာ - ၂ဝဝ၁ ခုနှစ်က ကမ္ဘာဘဏ်ကရတဲ့ချေးငွေနဲ့တည်ဆောက်တဲ့ ချင်တူး-ကူမင်း အမြန်လမ်းစီမံကိန်းရေးဆွဲရာမှာ တ ရုတ်တွေက ချေးငွေတွေပြန်ဆပ်ရေးမှာ သူတို့အစီအစဉ်နဲ့သူတို့ ပြန်ဆပ်မယ်လို့ဆိုထားပါတယ်။ လမ်းတွေတည်ဆောက်ပြီး တာနဲ့ လမ်းဖြတ်ကူးခအခွန်တွေကောက်ပြီး အရစ်ကျပြန်ဆပ်ပါတယ်။ သတ်မှတ်ထားတဲ့အချိန်ထက်စောပြီး ကြွေးကျေပါ တယ်။ ဒီတော့ လမ်းဖြတ်ကူးခအခွန်ကိုလျှော့ပြီး လမ်းထိန်းသိမ်းခလိုအပ်သလောက်ပဲ အခွန်ကောက်ပါတယ်။ လမ်းတ လျှောက်ဒေသအသီးသီးမှာ လမ်းပန်းဆက်သွယ်ရေးတွေ ပိုချောမွေ့လာပြီး ကုန်သွယ်ရေးစရိတ်တွေကျလာပါတယ်။ ဒေသ အတွင်းဆင်းရဲမွဲတေမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒီကြားထဲ တရုတ်က အလေအလွင့်လျှော့ပေါ့ရေးလည်း လုပ်တတ် ပါတယ်။ ဥပမာ - အခွန်ကောက်တဲ့နေရာတွေမှာ ဗီဒီယိုစောင့်ကြည့်ကင်မရာများတပ်ဆင်တာမျိုး။ (သတင်းတခုတွေ့ဖူးတာ ကတော့ ရှံဟဲမြို့အဝင် အခွန်ကောက်ဂိတ်ကို စောင့်ကြည့်ကင်မရာတပ်ဆင်လိုက်တော့ တရက်ဝင်ငွေဟာ အရင်တလ ဝင်ငွေနဲ့ တူသွားတယ်တဲ့။)

ဒီလိုနည်းတွေနဲ့ တရုတ်က သူ့နိုင်ငံစီးပွားတိုးတက်ရေးပုံစံသစ်ကိုရှာဖွေပြီး လုပ်ဆောင်ရင်း ပြုပြင်ပြောင်းလဲရေးပေါ်လစီအ နှစ် (၄ဝ) ဖြစ်လာတော့ တရုတ်ပြည်သားဆင်းရဲသား သန်း (၇ဝဝ) ကျော်ကို ဆင်းရဲတွင်းက လွတ်မြောက်နိုင်စေခဲ့ပါတယ်။ ၂ဝ၂ဝ မှာ တရုတ်ပြည်ဟာ အလယ်အလတ်ဝင်ငွေရှိတဲ့နိုင်ငံ (Middle-income-country) ဖြစ်လာတော့မယ်လို့ ဆိုပါတယ်။ ဒါက ဘာကိုပြဆိုသလဲ။

တရုတ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုပုံစံ (Mode of Devolopment) ဟာ အောင်မြင်နိုင်တယ်။ အထူးသဖြင့်ဖွံ့ဖြိုးဆဲ (သို့မဟုတ်)ဖွံ့ဖြိုးမှုနိမ့်တဲ့နိုင်ငံများအနေနဲ့ လေ့လာသင်ကြားစမ်းသပ်လုပ်ဆောင်သင့်တယ်ဆိုတဲ့ အမြင်အတွေးတွေ၊ အားကျစိတ်တွေ၊ ကမ္ဘာအနှံ့ ပေါ်ပေါက်လာစေပါတယ်။ တရုတ်အနေနဲ့ကလည်း မိမိတို့နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်တည်တံ့အောင် (Sustainable) ထိန်းဖို့ဆိုရင် ကျန်နိုင်ငံများရဲ့စီးပွားရေးတွေတက်လာအောင် ကူညီရမယ်။ အထူးသဖြင့် မိမိတို့နိုင်ငံလို မ တိမ်းမယိမ်းဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ ပူးပေါင်းရမယ်။ ဖွံ့ဖြိုးပြီးနိုင်ငံများကို အသာစီးရစေတဲ့ နိုင်ငံတကာစနစ်တွေကို ပိုမိုမျှတလာ စေ အောင်လုပ်ရမယ်ဆိုတာတွေ မြင်လာပါတယ်။ ဒီမှာတင် တရုတ်က နှစ်ဦးနှစ်ဘက်အကျိုးရှိရေး (Win - Win) ဆိုတာ တွင်တွင် သုံးလာတာပါ။ ဒါတွေက တရုတ်တွေကိုလေ့လာသင်ယူနေတဲ့တပည့်များအဖြစ်က ဆရာတွေဘဝကိုရောက်သွား စေခဲ့ပါတယ်။

တကယ်လည်းလူသားတွေရဲ့သမိုင်းမှာ နောက်မျိုးဆက်ဟာ အရင်မျိုးဆက်ပခုံးပေါ်ကနေပြီး သူတို့အမှားတွေကနေ သင် ခန်းစာထုတ်ပြီး တိုးတက်အောင် လုပ်ဆောင်ကြရတာပါပဲ။ ဒီလိုနည်းနဲ့ လူသားတွေရဲ့သမိုင်းတွေဟာ တဆင့်ပြီးတဆင့် တ ရစ်ပြီး တရစ် တိုးတိုးတက်လာခဲ့တာပါ။ ဒီမှာတင် တရုတ်က နိုင်ငံတကာ့ငွေကြေးအဖွဲ့တွေကို  (ယှဉ်ပြိုင်တာမဟုတ်) လို အပ်ချက်ကို တဘက်တလမ်းကဖြည့်ဆည်းတာပါ (Complementary) ဆိုပြီး အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (The Asian Infrastructure Investment Bank.A.I.I.B) ကို တည်ထောင်လိုက်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ လည်း မိမိနိုင်ငံတွင်း အချိန်တိုအတွင်း လမ်းပန်းဆက်သွယ်ရေးအခြေခံအဆောက်အအုံများကို အလွန်အောင်မြင်စွာ တည် ဆောက်နိုင်ခဲ့တဲ့လက်တွေ့က တခြားနိုင်ငံတွေကို မျှဝေပေးဖို့ အားဖြစ်စေပါတယ်။ ဒါ့အပြင် တရုတ်မှာက နိုင်ငံအရန်ငွေက ဒေါ်လာသန်းပေါင်းသုံးသန်းကျော် (3.7 trillian U.S.$) ရှိနေလေတော့ မတည်ငွေအဖြစ် အတော်များများ ထည့် ဝင်နိုင်ခဲ့ပါ တယ်။၂ဝ၁၄ မှာ ဒီဘဏ်ကို တရုတ်က (သမတရှီကျင့်ဖင်ရဲ့အဆိုပြုချက်နဲ့) စတင်ဖွဲ့စည်းတော့ နိုင်ငံ (၅ဝ) ကျော်ပဲရှိခဲ့ပေ မယ့် (မြန်မာနိုင်ငံကထည့်ဝင်ငွေ ဒေါ်လာသန်း ၂၄ဝ နဲ့ ၂ဝ၁၅ တည်းကပါဝင်ခဲ့ပါတယ်။) အခုအခါမှာတော့ နိုင်ငံပေါင်း (၉၇) နိုင်ငံဖြစ်နေပါပြီ။ အမေရိကန်က အကြီးအကျယ်ကန့်ကွက်နေတဲ့ကြားက အခုဆို နေတိုးအဖွဲ့ဝင်နိုင်ငံထက်ဝက်ကျော်ပါ ဝင်နေပါပြီ။ အခုနောက်ဆုံးသတင်းအရ (အာရှတိုက်ကမပါဝင်သေးတဲ့ တခုတည်းသောနိုင်ငံ) ဂျပန်ကတောင် ပါဝင်လာ တော့မယ့်အရိပ်အရောင်တွေပြသလာနေတာတွေ့ရပါတယ်။ ဒီဘဏ်မှာ ထူးခြားချက်များရှိပါတယ်။

ချေးငွေစီမံကိန်းများဟာ နိုင်ငံအချင်းချင်းကြား အဆောက်အအုံတည်ဆောက်ရေး (ကုန်းလမ်း၊ ရထားလမ်း၊ သင်္ဘောဆိပ်၊ စွမ်းအင်၊ ပိုက်လိုင်း ကြေးနန်းလမ်း) ကိုဦးစားပေးခြင်း။ အာရှတိုက်အတွက် စွမ်းအင်အခန်းကဏ္ဍမူချမှတ်ပြီး သန့်ရှင်းတဲ့ ဘေးအန္တာရာယ်ကင်းတဲ့ စိတ်ချရတဲ့ ရေရှည်ခံတဲ့ လျှပ်စစ်စွမ်းအားများရရှိစေနိုင်တဲ့ စွမ်းအင်စီမံကိန်းများ ချမှတ်ခြင်း။ ဘဏ်အတွက်ရင်းနှီးမြှုပ်နှံမှုများမှာ နိုင်ငံလိုက်သာမက ပုဂွလိကထည့်ဝင်ငွေ (Private Capital Investment) ကိုပါလက်ခံခြင်း။ တခြားနိုင်ငံစုံပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်များ၊ ပုဂ္ဂလိကငွေကြေးအဖွဲ့များနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်း။ စတဲ့နည်းသစ် လမ်းသစ်တွေကိုလည်း တီထွင်ဖန်တီးလုပ်ဆောင်နေပါတယ်။ ဥပမာ - အိန္ဒိယ မာဒါပရာဒက်ရှ်ပြည်နယ်က ကျေးရွာပေါင်း၅ ထောင်ကျော်က လူပေါင်း ၁.၅ သန်းအတွက် အကျိုးရှိစေမယ့်လမ်းဖောက်လုပ်ရေးအတွက် ဒီဘဏ်က ကမ္ဘာဘဏ်နဲ့ ပူးတွဲ ပြီး ဒေါ်လာသန်း ၁၄ဝ နဲ့ စီမံကိန်းချပေးထားပါတယ်။

ဒီအာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ်ကို အာရှတိုက်ရှိနိုင်ငံများအကြား လူမှုရေးနဲ့ စီးပွားရေးအကျိုးကျေးဇူး များ ပိုမိုကောင်းမွန်ရေးရည်မှန်းချက်နဲ့ နိုင်ငံအများအပြားပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဘဏ်အဖြစ် တည်ထောင်ခဲ့ပြီး ဌာနချုပ်ကို ပေကျင်းမှာထားရှိပါတယ်။ ဘဏ်ကိုအုပ်ချုပ်ရေးမှူးဘုတ်အဖွဲ့က စီမံအုပ်ချုပ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတိုင်းက အုပ် ချုပ်ရေးမှူးတယောက်နဲ့ အရံအုပ်ချုပ်ရေးမှူးတယောက်စီ ပါဝင်ခွင့်ရှိပါတယ်။ အုပ်ချုပ်မှုစနစ်မှာ သန့်ရှင်းရမယ်။ ကျစ် လျစ်ကောင်းမွန်ရမယ်။ ထင်သာမြင်သာရှိရမယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးမူများနဲ့ ကိုက်ညီရမယ်။ (Clean, Lean, Green) စတာတွေ ပါဝင်ပါတယ်။

အခုအချိန်ထိ သဘောတူညီချက်ရပြီးသား စီမံကိန်းပေါင်း (၃၉) ရှိပါတယ်။ မြန်မာပြည် မန္တလေးပတ်ဝန်းကျင်မှာတည် ဆောက်မယ့် သဘာဝဓာတ်ငွေ့ သုံးစွမ်းအင်ထုတ်လုပ်ရေးစက်ရုံလည်း စီမံကိန်းတခုဖြစ်ပါတယ်။ ဒီဘဏ်ဟာ တရုတ်ပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးပေါ်လစီရဲ့ရလဒ်ကောင်းတခုဖြစ်ပြီး နောက်ရလဒ်ကောင်းတခုအဖြစ်ပေါ်ထွက်လာတဲ့ ပိုးလမ်းမစီမံ ကိန်းကြီးရဲ့အခြေခံ ထောက်ပံ့ရေးဌာနကြီးတရပ်လည်း ဖြစ်လာပါတော့တယ်။

အပိုင်း (၃) မှာတော့ ပိုးလမ်းမအကြောင်းဆက်ရေးပါ့မယ်။

လှကျော်ဇော
၉-၅-၂ဝ၁၉

ကိုးကား
www.aiib.org.မှ အချက်အလက်များ ရယူပါတယ်။