Breaking News

မောင်စွမ်းရည် - မန္တလေး သတင်းစာဆရာ ဦးကြည်မြ (စာပေလုပ်သားဥက္ကဋ္ဌ)



မောင်စွမ်းရည် - မန္တလေး သတင်းစာဆရာ ဦးကြည်မြ (စာပေလုပ်သားဥက္ကဋ္ဌ)

(မိုးမခ) မေ ၁၄၊ ၂၀၁၉


ကျွန်တော်တို့ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းက စစ်အစိုးရလက်ထက်မှာ နှစ်စဉ် စာဆိုတော်နေ့တိုင်း စာဆိုတော်ကြီးများ ကန်တော့ပွဲနဲ့အတူ စာပေဟောပြောပွဲနဲ့ စာတမ်းဖတ်ပွဲများ ပြုလုပ်ခဲ့ကြပါတယ်။ စာတမ်းဖတ်ပွဲက စာတမ်းတစောင်တည်း ဖတ်တာ မဟုတ်တော့ တနေ့တည်းနဲ့ မပြီး၍ နှစ်ရက်၊ သုံးရက် ဆက်ဖတ်ပါတယ်။ ပြီးရင် စာတမ်းပေါင်းချုပ် စာအုပ်ထုတ်ပါတယ်။ တနှစ် တအုပ် ထုတ်သွားတာ ဗိုလ်နေဝင်း စစ်အစိုးရက အသင်းကိုလည်း ပိတ်၊ စာတမ်းဖတ်ပွဲတွေကိုလည်း ပိတ်လိုက်တော့မှ ရပ်သွားခဲ့ပါတယ်။ စာတမ်းပေါင်းချုပ် စာအုပ်တွေကတော့ ဆယ်အုပ်လောက် အဖတ်တင်တာ ဆိုတော့ ခုအခါမှာ သမိုင်းနဲ့ မြန်မာစာ မဟာဝိဇ္ဇာဘွဲ့၊ ပါရဂူဘွဲ့ စာတမ်းတွေအတွက် ကိုးကားမှီငြမ်းပြုစရာ စာအုပ်တွေ ဖြစ်ပါတယ်။

ပထမဆုံး ထုတ်ခဲ့တဲ့ စာတမ်းပေါင်းချုပ်က ၁၉၆၃ က ထင်ပါရဲ့။ အဲဒီစာအုပ်မှာ မောင်စွမ်းရည် မပါသေးဘူး။ မောင်မိုးသူက ဆရာဦးကြည်မြနဲ့ တွဲပြီး စာတမ်းတစောင် တင်ခဲ့ပါတယ်။ အဲဒီစာအုပ်တအုပ်ကို ရန်ကုန် လမ်းဘေးစာအုပ်အဟောင်းဆိုင်က တွေ့လို့တဲ့၊ ကျွန်တော့်မြေးတယောက်က ဝယ်လာခဲ့သတဲ့။ ပြီးတော့ လှမ်းမေးတယ်။

“အဘိုး… အဲဒီမှာ ပါတဲ့ ကြည်မြ ဆိုတာ ဘယ်သူလဲ”တဲ့။

အဘိုးဖြစ်သူကလည်း ဖြေတယ်။

“ကြည်မြ ဆိုတာ ကြည်မြပေါ့ကွ”လို့။

အေးလေ… နှစ်ပေါင်း လေး ငါးဆယ် ကြာခဲ့ပြီ ဆိုတော့လည်း အသက်နှစ်ဆယ် မပြည့်သေးတဲ့ ကျောင်းသားလေးတယောက်အဖို့ မေးစရာပေါ့။ ပြီးမှ ဆက်ဖြေရတယ်။

ကြည်မြ ဆိုတာ တို့ မန္တလေးက စာရေးဆရာတဦးပါကွယ်။ ခုတော့ ဆုံးရှာပြီပေါ့။ ငါတို့အဖေအရွယ်လောက် ရှိတာကိုး။ ငါတောင်မှ အသက် ရှစ်ဆယ်ကျော်ပြီလေ။ တို့အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းမှာ ဒုတိယဥက္ကဋ္ဌပေါ့။ ဥက္ကဋ္ဌက တို့ဦးလေးလှပေါ့။ ဆရာကြီးရွှေဥဒေါင်းရဲ့ ဆရာကြီးမြမျိုးလွင်တို့ကတော့ အသက်အရွယ် ကြီးကုန်ပြီဆိုတော့ အသင်းကြီးရဲ့ နာယကကြီးတွေအဖြစ် ရပ်တည်ပေးကြတာပေါ့။ ဦးကြည်မြလည်း မကြာခင် ဗိုလ်နေဝင်း မျက်စိကျပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ စာပေလုပ်သားအဖွဲ့ ဥက္ကဋ္ဌအဖြစ် အရွေးခံရပြီး ရန်ကုန်ကို ပြောင်းရတယ်။ ရန်ကုန်မှာ ရွှေတောင်ကြားဆို ထင်ပါရဲ့။ အဲဒီက တောင်ကုန်းထိပ်မှာ အကြီးဆုံးအိမ်ကြီး တအိမ်မှာ နေခွင့်ရတယ်။ ငါတို့ ရန်ကုန် သွားကြတော့လည်း သူ့အိမ်ကို ဖိတ်ပါတယ်။ အကူအညီတောင်းရင်လည်း သူ တတ်နိုင်တာဆို အတတ်နိုင်ဆုံး ကူညီတတ်ပါတယ်။ သဘောကောင်းပါတယ်။ ငါတို့ ရန်ကုန်ပြောင်းတာ ဆရာမောင်သာနိုးရဲ့ တိုက်ခန်းမှာ မန္တလေး လူငယ်အရေး ဆရာတွေ စုနေတဲ့ တနေ့မှာ ဗက်69 ပုလင်းတလုံးနဲ့ လာလည်ခဲ့ဖူးသေးတယ်။

ကြည်မြ ဆိုတာ သူ့ကလောင်နာမည်ပေါ့။ နာမည်ရင်းက ကိုကြည် ထင်ပါရဲ့။ ငါကလည်း ခပ်မေ့မေ့ရယ်။ အရင်ကတော့ ဝတ္ထုတွေ ရေးခဲ့ဖူးတယ်။ တိုင်းချစ်(ဗဟိုစည်) စတဲ့ မန္တလေးသတင်းစာတွေမှာလည်း အယ်ဒီတာ လုပ်ခဲ့ဖူးတယ်။ တိုင်းချစ် ဆိုတဲ့ အလွတ်ပညာသင်ကျောင်းတကျောင်းမှာလည်း ကျောင်းဆရာ လုပ်ခဲ့ဖူးလို့ ‘ဆရာကြည်’လို့ ခေါ်ကြတာ များတယ်။ ငါတု့ မန္တလေးမရောက်ခင်ကတည်းက ဆရာကြီးမြမျိုးတို့၊ လူထုဦးလှတို့၊ စာရေးဆရာနှင်းဦး၊ ရဲဘော်နေအောင်တို့နဲ့ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းမှာ ဦးဆောင်လှုပ်ရှားခဲ့သူတွေပေါ့။ နှင်းဦးတို့၊ ရဲဘော်နေအောင်တို့က အရက်ကြောင့်လား မသိဘူး၊ အသေစောကြတယ်။ သူတို့ထက် အသက်ကြီးတဲ့ ဆရာကြီးမြမျိုးလွင်ကတော့ သူတို့နောက်မှ ကွယ်လွန်ခဲ့ပါတယ်။

ငါတို့ရွာက အိမ်မှာ ၁၃၀၀ ပြည့် အရေးတော်ပုံတုန်းက မှတ်တမ်းစာအုပ်ကလေး တအုပ် ရှိဖူးတယ်။ အဲဒီထဲမှာ သတ္တမတန်း ပြည်သားလေး မောင်ကြည်တဲ့။ ပေါက်မြိုင်ကျောင်းက သပိတ်မှောက်ကျောင်းသားလေးတဦးပုံ ပါဖူးတယ်။ ဆရာကြည်က ကျောင်းသားဘဝကတည်းက မန္တလေးမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်တဦးပေါ့။ ငါတို့ စာရေးလာတဲ့ခေတ်ကျတော့ သူတို့က မရေးတော့ပါဘူး။ ငါတို့ တက္ကသိုလ်ရောက်စအချိန်က ဦးလေးလူထုဦးလှနဲ့ လူထုဒေါ်အမာတို့လောက်ပဲ သူတို့ သတင်းစာနဲ့ သူတို့ ရေးနေကြပြီး သူတို့ဘာသာ ရေးသမျှတွေကို စာအုပ်တွေ ထုတ်ကြ။ တို့စာအုပ်တွေလည်း ထုတ်ပေးကြနဲ့။ သူတို့ပဲ ဆက်လက်လှုပ်ရှားနေကြတာပေါ့။ ဆရာကြည်ရဲ့ ဝတ္ထုတပုဒ်ကို မောင်မိုးသူက ရုပ်ရှင်ရိုက်ဖူးတယ်။ မောင်မိုးသူနဲ့ စာတမ်းလည်း တွဲထုတ်ဖူးတာ ဆိုတော့ သူတို့ မန္တလေးသားချင်းချင်း ရေစက်လည်း နီးကြတယ် ထင်ပါရဲ့။ အလွန်ရင်းနှီးတဲ့လူတွေ ဖြစ်ပေမယ့် သူတို့ဝတ္ထုနဲ့ ရုပ်ရှင်အမည်ရော ငါ မေ့နေပြီ။

မင်း မန္တလေး ရောက်ဖူးသလား။ နာရီစင်ကနေ အထက်တက်ပြီး မန္တလေးကျုံး မြို့ရိုးကြီးရဲ့ မြောက်ဘက်ကနေ မြို့ရဲ့ အရှေ့ အနောက် တိုးလျှိုပေါက် လမ်းမကြီး ရှိတယ်။ ၂၆ ဘီလမ်းတဲ့။ ရန်ကုန်မှာ အတွင်းဝန်ရုံးရှေ့ ဆန္ဒပြကြတော့ ဂေါ်ယာပုလိပ်တွေက နံပါတ်တုတ်နဲ့ ရိုက်လို့လည်း ကျောင်းသား ကိုအောင်ကျော် ကျဆုံးတဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံသမိုင်းကို မင်းတို့ ကြားဖူး၊ သိဖူးမှာပေါ့။ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ ကျောင်းသားလှုပ်ရှားမှုတွေဟာ အလွန်အရေးပါတယ်။ ၁၉၂၀ က ပထမ ကောလိပ်သပိတ်က အမျိုးသားနေ့ရယ်လို့ ပေါ်လာခဲ့တာ အဲဒီသပိတ်ပေါ့။ အမျိုးသားကျောင်းတွေ တပြည်လုံးအနှံ့ ဖွင့်ခဲ့တာ အဲဒီလှုပ်ရှားမှုပေါ့။ အင်္ဂလိပ်အစိုးရရဲ့ ကျောင်းတွေနဲ့၊ အင်္ဂလိပ်အစိုးရရဲ့ တက္ကသိုလ် ကောလိပ်ကျောင်းကြီးကို သပိတ်မှောက်ပြီး ဆန္ဒပြခဲ့ကြတာလေ။ စာပေလောကထဲက ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ဒီးဒုတ်ဦးဘချိုတို့က အမျိုးသားကောလိပ်မှာ ဝင်ရောက်ပြီး စာပြခဲ့ကြတာလေ။ ဆရာကြီးမှိုင်းက ‘ပရိုဖက်ဆာ ဆရာလွန်း’ ဆိုတဲ့ အမည်နဲ့ စာပြခဲ့တာလေ။ အဲဒါ ပထမသပိတ်။

ဒုတိယသပိတ်ကတော့ ကိုနု၊ ကိုအောင်ဆန်းတို့ သပိတ်။ ဒါက ၁၉၃၆ ပေါ့။ အင်းလျားဆောင်သူ မအုန်းနဲ့ မအမာတို့က ကျောင်းသူခေါင်းဆောင်တွေပေါ့။ နောင် ငါတို့ မန်းတက္ကသိုလ်မှာ ပါဠိပါမောက္ခ ဖြစ်လာသူဟာ သပိတ်မှောက်ကျောင်းသူ မအုန်းပေါ့။ သပိတ်မှောက်ကျောင်းသူ မအမာကတော့ လူထုဒေါ်အမာ ဖြစ်လာသူပေါ့။ နောက်သပိတ်ကတော့ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးနဲ့ ဆက်စပ်တယ်။ ရေနံမြေသပိတ်တပ်ကြီးကို ကိုဗဟိန်း၊ ကိုဗဆွေ ဆိုတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေက ရေနံ‌မြေကို သွားပြီး သပိတ်တပ်ကြီးကို ထောက်ခံကြိုဆိုတော့ အဖမ်းခံရတယ်။ သူတို့ကို ဖမ်းတာ လွှတ်ပေးဖို့ အတွင်းဝန်ရုံးကို ဝိုင်းပြီး ဆန္ဒပြကြတော့ ကိုဌေးမြိုင် ဆိုတဲ့ ကျောင်းသားက တူ၊ တံစဉ် အလံကြီး ကိုင်ပြီး ဆန္ဒပတာ။ ဂေါ်ယာ ခေါ်တဲ့ ကုလားကပြားပုလိပ်တွေက နံပါတ်တုတ်တွေနဲ့ ဝင်ရိုက်ပြီး ကျောင်းသားသပိတ်ကို ဖြိုခွဲတာ။ အဲဒီတုန်းက နောင်အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဦးဆောင် ပါဝင်ခဲ့သူ ဗိုလ်မှူးကြီးမောင်ကြည်မောင်က သပိတ်မှောက် ကျောင်းသားခေါင်းဆောင် တဦးပေါ့။ ကိုအောင်ကျော်လည်း ကျသွားတော့ ဝင်ရောက်ပွေ့ယူခဲ့တော့ သူပါ အရိုက်ခံရတာ။ ကံကောင်းလို့ မသေတာပေါ့။

အဲသလို ရန်ကုန်မှာ ဆန္ဒပြတာကို ပုလိပ်က ဝင်ရိုက်လိုက်ပြီး ဖြိုခွဲတဲ့သတင်းကို ကြားလို့ မန္တလေးကျောင်းပေါင်းစုံက ကျောင်းသားတွေနဲ့ ဘုန်းကြီးတွေကလည်း မြို့လုံးကျွတ် ဆိုပါတော့။ ဆန္ဒပြပြီး ၂၆ ဘီလမ်းအတိုင်း ချီတက်လာခဲ့တာကို ပုလိပ်တွေက ဆီးရိုက်တာ။ သေနတ်နဲ့လည်း ပစ်တာ။ ဘုန်းကြီး ခုနစ်ပါးလောက် ပျံတော်မူခဲ့တယ်။ သျှောင်ပေစူးနဲ့ ကျောင်းသားလေး မောင်တင်အောင် ဆိုတာ ကျဆုံးတယ်။ အင်္ဂလိပ်အစိုးရက ပစ်သတ်တာ။ စစ်အစိုးရလို ထောင်ရာချီပြီးတော့ မသေဘူးဟေ့။ နယ်ချဲ့ပေမယ့် သူက ဒီမိုကရေစီ အစိုးရကိုး။ စစ်အစိုးရကိုတော့ ဘယ်ယှဉ်နိုင်မလဲ။ အဲဒီပွဲမှာ ပေါက်မြိုင်ကျောင်းက မောင်ကြည် ဆိုတဲ့ ခုနစ်တန်း ကျောင်းသားလေး ပါခဲ့တာပေါ့။ သူ့ရဲ့ ခေါင်းဆောင်မှုဟာ အရေးတော်ပုံစာစောင်မှာ ဓာတ်ပုံနဲ့ မှတ်တမ်းတင်ခံခဲ့ရတယ်။ ဒါကြောင့် ဆရာကြည်ဟာ မန္တလေးမှာ လူကြီး ဖြစ်သည်အထိ ထင်ရှားတဲ့ ခေါင်းဆောင်တဦး ဖြစ်နေတာ။

စစ်အစိုးရလက်ထက်မှာ ဗိုလ်နေဝင်းက သူတို့ ကောက်ယူချီးမြှောက်တာ ခံရလို့ ပြည်သူနဲ့ ကင်းကွာသွားခဲ့ရရှာတယ်။ ဒါပေမဲ့ သူဟာ သမိုင်း ကောင်းခဲ့တဲ့ လူရိုး လူကောင်းတယောက် ဖြစ်ပြီး လူညစ် လူယုတ် မဟုတ်ဘူး။ ဗိုလ်နေဝင်းဘက်သား တခြားလူတွေလောက်တော့ လူမုန်းများ မခံခဲ့ရရှာဘူး။ ဘယ်လောက်ပဲ သမိုင်းကောင်းခဲ့‌ ကောင်းခဲ့၊ ယုတ်မာရက်စက်တဲ့ အစိုးရ၊ ဖိနှိပ်တဲ့ စစ်အစိုးရနဲ့ ပူးပေါင်းမိတော့ ဇာတ်သိမ်းမကောင်းရှာဘဲ သမိုင်းမြုပ်သွားခဲ့ရရှာတာပေါ့။

ဪ… သမိုင်းဆိုတာ အစကောင်းရုံနဲ့ မပြီးဘူးလေ။ အနှောင်းလည်း သေချာမှ သမိုင်းကောင်းတာ။ ရဲဘော်သုံးကျိပ်ဝင် ဖြစ်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းနဲ့ ဗိုလ်ချုပ်နေဝင်းရဲ့ သမိုင်း ဘယ်တူမလဲလေ။ မနှိုင်းကောင်းဘူးပေါ့။ မင်းတို့ခေတ်မှာလည်း သမိုင်းမှာ အစအဆုံး ကောင်းကောင်းလုပ်ဆောင်သွားကြဖို့ အရေးကြီးပါတယ်။ ဖိနှိပ်တဲ့ဘက်၊ ပြည်သူနဲ့ ဆန့်ကျင်တဲ့ဘက်ကို မပါမိစေနဲ့. ပါရင်တော့ မြုပ်မှာပဲ။ ဒါ သမိုင်း၊ ပြည်သူက အဆုံးအဖြတ်ပေးမှာ။ စစ်ဗိုလ်ချုပ် တယောက်ယောက်က အဆုံးအဖြတ်ပေးမှာ မဟုတ်ဘူး။


မောင်စွမ်းရည်
၂၀၁၈ နိုဝင်ဘာ ၂၄