Breaking News

ဒေါက်တာဇင်ထွန်း - အနုမြူစွမ်းအင်အတွက် အမေးနဲ့ အဖြေ



ဒေါက်တာဇင်ထွန်း - အနုမြူစွမ်းအင်အတွက် အမေးနဲ့ အဖြေ

(မိုးမခ) မေ ၉၊ ၂၀၁၉
(သူ့ဖေစ့်ဘွတ်ကနေ ခွင့် တောင်းပြီးဖော်ပြပါတယ်)

မြန်မာနိုင်ငံမှာ အနုမြူလျှပ်စစ်လုပ်ဘို့ ကျွန်တော်ရဲ့ အကြံပြုချက်ကိုဖတ်ပြီး မေးခွန်းမေးသူတွေ ရှိလာပါတယ်။ တဦးစီထံ စာပြန်မဲ့အစား စိတ်ဝင်စားသူအားလုံး ဖတ်ရအောင် အောက်ပါ အမေးအဖြေ စာတမ်းကို ရေးပါရစေ။

အမေး - အနုမြူစွမ်းအင်ရဲ့ ကြီးမားလှတဲ့ အန္တရယ်တွေကြောင့် ဖြစ်လာမဲ့ ဆိုးကျိုးတွေကို ထည့်ပြီး စဉ်းစားပါရဲ့လား။
အဖြေ - အဖက်ဖက်က စဉ်းစားပြီးမှ ပေးတဲ့ အကြံပါ။ အနုမြူစွမ်းအင်ဟာ အလွန်အန္တရယ်ကြီးတယ် ဆိုတာ အနုမြူမလိုလားသူတွေ (anti-nuclear) ရဲ့ မဟုတ်မမှန် ဝါဒဖြန့်မှုပါ။ စစ်ပြီးခေတ် အနုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချရေး စလုပ်တဲ့အချိန်ကစလို့ ယနေ့အထိ မှတ်တမ်းကောက်မည်ဆိုလျှင် အနုမြူစွမ်းအင်ဟာ ဘေးရန်အကင်းဆုံး လျှပ်စစ်ထုတ်နည်းပါ။ လျှပ်စစ် တယူနစ်အပေါ်မှာ ကြည့်လျှင် (per unit kW-hr) အခု အလွန်ရေပန်းစားနေတဲ့ လေ/နေ စွမ်းအင်တို့ထက် ဘေးကင်းပါတယ်။

အမေး - အနုမြူစွမ်းအင်ကို မကောင်းပြောနေသူ ဘာလို့ ရှိနေပါသလဲဲ။
အဖြေ - သူတို့ခေါင်းထဲ ဘာအတွေးအခေါ်တွေရှိနေသလဲဆိုတာ ကျွန်တော် မသိပါ။ စိတ်ထင်ပြောရလျှင် အများစုက လေသံကြား ဖမ်းတရားနာထားသူတွေပါ။ ကိုယ်တိုင်လည်း နားမလည်၊ နားလည်ဘို့လိုအပ်တဲ့ သိပ္ပံနဲ့ စက်မှုအကြောင်းခြင်းရာများကိုလည်း မလေ့လာ၊ အများစုပြောတာကိုဘဲ ယုံနေကြတယ်။ နတ်ဝတ်ပုဆိုး တိမ်မီးခိုး ဇာတ်လမ်းပေါ့။ အမှားတခုကို လူအများစု ကြာကြာယုံလာလျှင် အဲဒါ "အမှန်" ဖြစ်လာတော့တာဘဲ။ ဒီအထဲမှာမှ တချို့သောလူနည်းစုကတော့် မမှန်သတင်းကို ကိုယ်ကျိုးအတွက် ဖြန့်နေကြတာ ဖြစ်ပါတယ်။ ဥပမာ သဘာဝဓါတ်ငွေ့ ကုမ္ပဏီများ။ အနုမြူစွမ်းအင်က သူတို့ရဲ့စျေးကွက်ကို ဝင်ယူနိုင်တယ်ဆိုတာ သူတို့သိတယ်။ လေနဲ့နေကို သူတို့အင်မတန် ထောက်ခံတယ်။ လေမတိုက် နေမသာတဲ့ အချိန်များအတွက် သဘာဝဓါတ်ငွေ့ လိုတယ်။

အမေး - အနုမြူဓါတ်ပေါင်းဖိုတွေနဲ့ ပတ်သက်လို့ မကောင်းသတင်းတွေ မကြာခဏ ကြားရပါတယ်။ ဒါတွေကို သတင်းမှားတွေလို့ ဆိုလိုပါသလား။
အဖြေ - ဘယ်သတင်းတွေကို ရည်ရွယ်ပြီး မေးမှန်းမသိတော့ အဖြေရကြပ်ပါတယ်။ တခုသတိထားဘို့က သတင်းစာ၊ TV တို့မှာ နှစ်ပတ်လည်တွေ ပါတတ်တယ်။ ဖူကူးရှီးမား ဖြစ်တာ ၈ နှစ်ရှိပါပြီ စသဖြင့်ပေါ့။ တကယ်တော့ သတင်းစာဆရာတွေမှာ ပြောစရာ ၃ ခုဘဲ ရှိပါတယ်။ Three Mile Island (US), Chernobyl (Russia, ယခု Ukraine) နဲ့ Fukushima (ဂျပန်)။ ဒီတော့် ကျွန်တော် မေးပါရစေ - နှစ် ၆၀ အတွင်းမှာ မတော်တဆဖြစ်ရပ် (accident) ၃ ခုသာ ဖြစ်ခဲ့တဲ့ အခြား စက်မှုလုပ်ငန်း ရှိပါသလား။ အဖြေက ရှင်းရှင်းကလေးပါ။ အခြား ဘယ်လုပ်ငန်းမှ အနုမြူစွမ်းအင်လောက် အန္တရယ် မကင်းပါ။

အမေး - အထက်မှာပြောခဲ့တဲ့ ဖြစ်ရပ် ၃ ခုမှာ လူထိခိုက် ဒါဏ်ရာရမှု၊ အသေအပျောက် ဘယ်လောက် ရှိပါသလဲ။
အဖြေ- အနုမြူရောင်ခြည်၊ ဓါတ်ကြွမှုတို့ရဲ့ သဘာဝက များများထိတွေ့လျှင် နာရီပိုင်းအတွင်း နေမကောင်းဖြစ်ပြီး (ခေါင်းမူး၊ သွေးအန်) ရက်ပိုင်းအတွင်း သေပါတယ်။ ထိတွေ့တဲ့ပမာဏ နည်းလျှင် နှစ်ရှည်လများကြာမှ ကင်ဆာဖြစ်မယ်။ ရက်ပိုင်းအတွင်း ဘယ်နှစ်ယောက် သေတယ်ဆိုတာ တိတိကျကျ သိနိုင်သော်လည်း နောက် ၅ နှစ် (ဥပမာ) ကြာမှ ဖြစ်လာတဲ့ ကင်ဆာဟာ ဖူကူးရှီးမားကြောင့်လို့ ဘယ်သူမှ အသေအခြာ မသိပါ။ ဖူကူးရှီးမား မဖြစ်ခဲ့လျှင် ဒီလူတော့ ဒီတသက် ကင်ဆာ ဖြစ်မှာမဟုတ် လို့လည်း ဘယ်သူမှ အာမ မခံနိုင်ပါ။ ဒါကြောင့် မေးခွန်းကို ရက်ပိုင်း အတွင်း သေသူ အရည်အတွက်နဲ့ဘဲ ဖြေပါရစေ။

Three mile island - သုည။
Fukushima - သုည။
Chernobyl - ၂ ဦး သေ (ချက်ချင်း)။ ၁၃၄ ဆေးရုံတင်ရသည်မှ ၂၈ ဦး ရက်ပိုင်းအတွင်းသေ။

မှတ်ချက် - Chernobyl မှာ ဆေးရုံတင်ရသူတွေထဲက ၁၄ ဦး (၁၀ နှစ်အတွင်း) ကင်ဆာနှင့် သေပါတယ်။ သေခြာပေါက် မပြောနိုင်သော်လည်း အနုမြူကြောင့် ဖြစ်တဲ့ကင်ဆာလို့ ယူဆပြီး လူ ၄၀ ကျော် ၅၀ နီးပါး သေတယ်လို့ သမိုင်းမှတ်တမ်း တင်ပါတယ်။ ဒိအပြင် ဓါတ်ကြွအမှုံတွေ ကမ႓ာအနှံ ကျလို့ အပိုဖြစ်လာတဲ့ ကင်ဆာလူနာတွေ ဘယ်လောက်ပါလဲ။ Anti-nuclear အုပ်စုတွေက သန်းနဲ့ချီတယ်လို့ ပြောတယ်။ IAEA ရဲ့ အစီရင်ခံစာအရတော့ သေခြာပေါက်များလာတဲ့ ကင်ဆာရောဂါ တခုပဲ ရှိပါတယ် - ပေါက်ကွဲမှု ဖြစ်တဲ့အချိန်မှာ (၁၉၈၆) အသက် ၁၄ နှစ်အောက် ရှိခဲ့တဲ့ ကလေးတွေမှာ thyroid cancer အဖြစ်များလာတယ်။ အနည်းဆုံး လူနာမှတ်တမ်း ၁၈၀၀ ရှိတယ်လို့ ဆိုပါတယ်။

အမေး - အနုမြူစွမ်းအင်ဟာ မလိုသူတွေ ပြောသလောက် မဆိုးဘူး ဆိုတာ ဟုတ်ပါပြီ။ ဒါပေမဲ့ တခုခု ဖြစ်လျှင် အသေအပျောက်ရှိတာဘဲ။ ဒါကြောင့် မလုပ်လျှင် မကောင်းဘူးလား။
အဖြေ - ဒီအမေးနဲ့ ဆက်စပ်နေတဲ့ မေးခွန်းက အနုမြူကို မသုံးလျှင် ဘယ်နည်းနဲ့ ဓါတ်အား ရမလဲလို့ ဖြစ်တယ်။ Renewables လို့ ပြောကြလိမ့်မယ်။ အလွန် ခေတ်စားနေတဲ့ စကားပါ။ ကျွန်တော့် အနေနဲ့ တစိတ်တဒေသ သဘောတူပါတယ်။ Renewable တွေထဲမှာ ရေအားလျှပ်စစ်ဟာ ရေကာတာ အကြီးကြီး ဆောက်ရန် မလိုလျှင် အင်မတန် ကောင်းပါတယ်။

ဥပမာ ကျွန်တော့်အိမ်ကနေ မိုင်၅၀ လောက် ဝေးတဲ့ နိုင်ရာဂရာ (Niagara) ရေတံခွန်ကြီး။ Lake Erie ကနေ တိုက်ရိုက်စီးလာပြီး Lake Ontario ထဲ မရောက်ခင်မှာ ပေ ၁၇၀ မြင့်တဲ့ ချောက်ကြီးထဲကို ကျတယ်။ ရေကာတာ မလိုပါ။ 

ဒါပေမဲ့ အခုခေတ် အများစုပြောနေတာက လေနဲ့နေစွမ်းအင်ပါ။ အင်မတန်စျေးကြီးတဲ့ အပြင် ကျောက်မီးသွေး၊ သို့မဟုတ် သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံတွေနဲ့တွဲမှ သုံးလို့ ဖြစ်ပါတယ် (လေမတိုက်၊ နေမသာချိန်များအတွက်)။ ကျောက်မီးသွေး တွင်းပြိုလို့၊ သဘာဝဓါတ်ငွေ့ပေါက်ကွဲလို့ နှစ်စဉ် ထောင်နဲ့ချီပြီး လူသေတယ်။ ဒိအပြင် အဲဒိ စက်ရုံတွေကြောင့်ဖြစ်တဲ့ လေထုညစ်ညမ်းမှုကြောင့် အသက်တိုသွားသူတွေ ရှိသေးတယ်။ ဒါကြောင့် အနုမြူစွမ်းအင်က လေ/နေ တို့နှင့်စာလျှင် အန္တရယ် ကင်းပါတယ်။

အမေး - လေမတိုက် နေမသာ အချိန်များမှာသုံးဘို့ လျှပ်စစ်စွမ်းအင်ကို တနည်းနည်းနဲ့ သိုလှောင်ထားလို့ မရဘူးလား။
အဖြေ - နည်း အမျိုးမျိုးရှိပါတယ်။ လက်ရှိ အသုံး အများဆုံးက pumped storage ပါ။ တောင်၊ သို့မဟုတ် ချောက်ကမ်းပါး ရှိလျှင် အဲဒိထိပ်မှာ ရေကာတာ ဆောက်ရပါတယ်။ လေတိုက် နေသာတဲ့ အချိန်မှာ ပိုနေတဲ့ လျှပ်စစ်ကိုသုံးပြီး ရေတင်စက်(pump)တွေနဲ့ ရေကာတာကို ရေဖြေ့ရပါတယ်။ လေမတိုက် နေမသာတဲ့အခါ အဲဒိရေကိုသုံးပြီး ရေအားလျှပ်စစ် ပြန်ထုတ်ပါတယ်။ မူရင်း လျှပ်စစ်စွမ်းအင်ရဲ့ ၈၀% လောက်အထိ ပြန်ရနိုင်တဲ့အတွက် အလွန်ကောင်းတဲ့နည်းပါ။ သို့သော် ကုန်းမြင့် တနေရာ ရှိမှ ဖြစ်တဲ့အတွက် ကမ႓ာအနှံ သုံး၍ မရပါ။ အခြားနည်းများလည်းရှိပါသေးတယ်။ ဥပမာ battery storage ။ သိုလှောင်ရမဲ့ လျှပ်စစ်ပမာဏက များလွန်းတဲ့အတွက် လက်တွေ့ မဖြစ်နိုင်သေးပါ။ သုတေသန အမျိုးမျိုး လုပ်နေဆဲပါ။

အမေး - ပင်လယ်ဒီရေအားကို သုံးပြီး ဓါတ်အားထုတ်မယ် ဆိုတာကရော။
အဖြေ - လေ/နေ တို့ထက်တောင် အလှမ်း ဝေးပါသေးတယ်။

အမေး - ဖူကူးရှီးမား ဖြစ်ပြီနောက် ဂျာမဏီမှာ အနုမြူလျှပ်စစ်ကို ဆက်မသုံးဘို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါကို မှားတယ်လို့ ဆိုနိုင်ပါသလား။
အဖြေ - ဂျာမဏီမှာ anti-nuclear အုပ်စုတွေ အင်မတန်အားကောင်းပါတယ်။ သူတို့နဲ့ သူတို့နောက် သံယောင်လိုက် လူတွေရဲ့တောင်ဆိုမှုကြောင့် အနုမြူဓါတ်ပေါင်းဖို တွေကို ပိတ်နေကြပါတယ်။ ၂၀၂၂ မှာ အပြီအစီးပိတ်ရန် စီမံကိန်းရှိပါတယ်။ အဲဒိအတွက် ဂျာမန်ပြည်သူတို့ ရတဲ့ အကျိုးက ဥရောပမှာ လျှပ်စစ်ဓါတ်အား စျေးအကြီးဆုံး နိုင်ငံပါ။ ဒိအပြင် သူတို့ ဖြစ်ချင်သလို CO2 အထွက်လည်း ကျမသွားပါ။ ပိုတောင်များလာပါတယ်။ သူရဲ့ အိမ်နီးချင်းနိုင်ငံ ပြင်သစ်ကတော့ အနုမြူစွမ်းအင်ကို သုံးတဲ့ အကျိုးကို ခံစားရပါတယ်။ လျှပ်စစ်ဓါတ်အား စျေးအနိမ့်ဆုံးနဲ့ CO2 အထွက် အနဲဆုံး တိုင်ပြည်တခု ဖြစ်ပါတယ်။

အမေး - မြန်မာနိုင်ငံရဲ့ ပညာရေးစံနစ်မှာ အားနဲချက်တွေ ရှိပါတယ်။ ဒါကြောင့် အနုမြူစွမ်းအင်ကို လုပ်ဘို့ လိုအပ်သော ပညာရှင်များ၊ ကျွမ်းကျင်သူများ အလုံအလောက် ရှိပါသလား။
အဖြေ - ယခုခေတ်က အနုမြူ ဓါတ်အားပေး စက်ရုံတခုလုံးကို အခကြေးငွေယူပြီး လာဆောက်ပေးမဲ့ ကုမ္ပဏီတွေ ရှိနေပါပြီ။ မြန်မာပြည်အနေနဲ့ ပြည်တွင်း ကျွမ်းကျင်သူ အလုံအလောက် ရှိလျှင်သော်မှ မိမိဖာသာ ပုံစံဆွဲတဲ့ အဆင့်ကစလို တည်ဆောက်ပြီးသည်အထိ လုပ်မယ်ဆိုလျှင်အချိန်လည်း ကြာမယ်။ စျေးလည်း အလွန်ကြီးမယ်။ ဒါကြောင့် ကိုယ့်ရဲ့ လိုအပ်ချက်များနဲ့ ကိုက်ညီတဲ့ ဓါတ်ပေါင်းဖို အမျိုးအစားကို ရွေးပြီး ဝယ်လိုက်တာ အကောင်းဆုံးပါဘဲ (၁၉၈၀ ဆယ်စုနှစ်အတွင်း တောင်ကိုရီးယား လုပ်သွားတဲ့ နမူနာ။ အဲဒိက တတ်သွားတဲ့ ပညာနဲ့ အခုတော့ သူတို့ကိုယ်တိုင် အနုမြူစက်ရုံ ရောင်းနိုင်တဲ့ နိုင်ငံတခု ဖြစ်သွားပါပြီ)။

အမေး - ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အမျိုးအစားကို ရွေးရမယ် ဆိုတော့ အမျိုးအစားတွေ အများအပြား ရှိပါသလား။
အဖြေ - သုံးတဲ့ uranium fuel ပေါ်မူတည်ပြီး အမျိုးအစားတွေ ကွဲပြားသွားပါတယ်။ ထုတ်ပေးနိုင်တဲ့ လျှပ်စစ်ပမာဏ အရ အရွယ် အမျိုးမျိုး ရှိပါတယ်။ ဒိအပြင် အခုနောက်ဆုံးပေါ်က ရေပေါ်မှာ ပေါ်တဲ့ အနုမြူ ဓါတ်အားပေး စက်ရုံပါ။ လိုတဲ့ အရပ်ကို သင်္ဘောနဲ့ဆွဲသွား။ ကမ်းကပ်ပြီး ကုန်းပေါ်က ဓါတ်အားပေးလိုင်းတွေနဲ့ ဆက်လိုက်ရုံဘဲ (ဥပမာ ရန်ကုန်ဆိပ်ကမ်း)။

အမေး - အနုမြူစက်ရုံကို ဝယ်လို့ရတယ် ဆိုတာတော့ ဟုတ်ပါပြီး။ လည်ပတ်ဘို့ အတွက်ကော မြန်မာနိုင်ငံမှာ ကျွမ်းကျင်သူများ အလုံအလောက် ရှိပါရဲ့လား။
အဖြေ - မရှိပါ။ ဒါပေမဲ့ မပူပါနဲ့။ စက်ရုံရောင်းတဲ့ ကုမ္ပဏီက သူတို့ဆောက်ပေးတဲ့ ဓါတ်ပေါင်းဖိုမှာ မတော်တဆ (accident) တခုခုဖြစ်လျှင် နာမည်ပျက်မှာ အလွန်စိုးပါတယ်။ ဝယ်သူရဲ့ ပြည်တွင်း ပညာရှင်တွေကို အလုပ်ခွင်မှာ လက်တွေ့သင်ပြပေးမှာပါ။ သို့သော် သူတို့စစ်တဲ့စာ မေးပွဲကို မအောင်သေးဘဲနဲ့ ဓါတ်ပေါင်းဖိုရဲ့ ထိန်းချုပ်စံနစ်များကို လက်ဖျားနဲ့တောင် တို့ခွင့် မပေးပါဘူး။ ကိုယ့် အလုပ်သမားက ကျိုးစားလျှင် ကျိုးစားသလို တတ်သိနားလည်လာတော့မှ ထိန်းချုပ်ခွင့်ကို လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

အမေး - အနုမြူစက်ရုံ ဝယ်ဘို့ အလွန်စျေးကြီး ပါသလား။
အဖြေ - စျေးက အရွယ်နဲ့ အမျိုးအစားပေါ် မူတည်ပါတယ်။ ဘယ်နည်းနှင့်မဆို ၁ ဘီလယံဒေါ်လာ အထက် ဘတ်ဂျက် လိုပါတယ်။ သို့သော် ရောင်းသူတိုင်းက အကြွေးနဲ့ ရောင်းပါတယ်။ အရစ်ကျ (ဥပမာ နှစ် ၃၀ အတွင်း) ပြန်ဆပ်ရပါမယ်။