Breaking News

မောင်လူပေ - ၂၀၁၈ရဲ့ တော်ဝင်မင်္ဂလာမှ ၂၀၁၉ရဲ့ တော်ဝင်ရင်သွေးဆီသို့


မောင်လူပေ - ၂၀၁၈ရဲ့ တော်ဝင်မင်္ဂလာမှ ၂၀၁၉ရဲ့ တော်ဝင်ရင်သွေးဆီသို့
(မိုးမခ) မေ ၁၀၊ ၂၀၁၉


၂၀၁၈ မေလ(၁၉)ရက်မှာ ကျင်းပခဲ့တဲ့ အင်္ဂလန်ရဲ့ တော်ဝင်မင်းသားလေးဟယ်ရီနဲ့ အမေရိကန်သူ ရုပ်ရှင်မင်းသမီး မေဂင်မာခဲလ် တို့ရဲ့ တော်ဝင်မင်္ဂလာအကြောင်းကို ရေးခဲ့ဖူးပါတယ်။ တစ်နှစ်ခန့်အကြာ အခုအခါမှာတော့ သူတို့စုံတွဲမှာ သားငယ်လေးတစ်ဦး ထွန်းကားခဲ့ပါပြီ။ မေလ(၆)ရက်နေ့က မွေးဖွားခဲ့တဲ့ သားတော်လေးကို ဒီနေ့တော့ နာမည်ပေးကင်ပွန်းတတ်ပွဲလုပ်ပြီး ပြည်သူအများရှေ့ကို ထုတ်ပြခဲ့ကြတယ်။


နာမည်ပေးကင်ပွန်းတတ်ဆိုတာလည်း ရိုးရိုးပါပဲ။ နှစ်ရက်သားပဲရှိသေးတဲ့ သားလေးကို အဖွားတော်ဖြစ်တဲ့ဘုရင်မကြီးနဲ့ခင်ပွန်းတို့ဆီခေါ်သွားပြီး မိတ်ဆက်ပေးလိုက်တယ်။ ဘုရင်မကြီးရဲ့ ရှစ်ယောက်မြောက် မြစ်တော်လေးပေါ့။ ကလေးငယ်လေးကို ချီပြီး သတင်းထောက်တွေနဲ့ တွေ့တယ်။ ပြီးမှ ကလေးငယ်ရဲ့နာမည်ကို သူတို့သုံးတဲ့ အင်စတာဂရမ် ( instagram ) အကောင့်ကနေ ကြေညာလိုက်တယ်။ ကလေးရဲ့နာမည်က Archie Harrison Mountbatten-Windsor (အာချီ ဟာရီဆင် မောင့်ဘက်တန်-ဝင်ဆာ) တဲ့။


မင်းသားဟယ်ရီက ဆူ့ဆက်မြို့စား ( Duke of Sussex) မို့ မေဂင်က (Duchess of Sussex) ပါ။ သားငယ်လေးက ထီနန်းစိုးစံရမဲ့ စာရင်းမှာ ခုနှစ်ဦးမြောက်မို့ နာမည်ရှေ့မှာ မင်းသား( Prince) မဟုတ်ရင်တောင်မှ လော့ဒ် (Lord) လို့ထည့်ခွင့်ရှိတယ်။ ဒါပေမဲ့ မထည့်ခဲ့ဘူး။ နန်းတွင်းအစဉ်အလာကို ရှောင်ခဲ့တဲ့သဘောပေါ့။ ဟယ်ရီရဲ့သားက ဟာရီဆင် ဖြစ်သွားတာကလည်း စိတ်ဝင်စားဖွယ်။ ဘာကြောင့်လို့ မပြောခဲ့ပေမဲ့ ဟယ်ရီရဲ့သား လို့ အဓိပ္ပါယ်ရှိမယ် ထင်ပါတယ်။


အာချီ ဟာရီဆင်လေးကို သူတို့ နေတဲ့ ဝင်ဆာနန်းတော်ရှေ့မှာထွက်ပြီး သတင်းထောက်တွေနဲ့ မိတ်ဆက်ပေးတဲ့ အချိန်မှာ သားလေးရဲ့ နာမည်ကို မကြေညာခဲ့တာကလည်း မေဂင်(၃၇ နှစ်) နဲ့ ဟယ်ရီ (၃၄ နှစ်) တို့ဟာ သူတို့သဘာဝအတိုင်းအေးဆေးစွာပဲ နေချင်လို့ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကနေ မွေးဖွားပြီးချိန်အထိ သူတို့ရဲ့ကိုယ်ရေးကိုယ်တာတွေကို ထုတ်မပြောသလောက် နေခဲ့ကြတယ်။


သတင်းထောက်တွေနဲ့ တွေ့ကြရာမှာ


" ထူးဆန်းမှုပါ။ အရမ်းလည်းဆန်းကြယ်ပါတယ်။ ကမ႓ာပေါ်က အကောင်းဆုံးလူနှစ်ယောက်ကို ကျွန်မ ရရှိခဲ့ပြီ။ ဒါကြောင့်မို့ ကျွန်မ အရမ်းဝမ်းသာနေတယ်။" လို့ မေဂင်ကပြောခဲ့တယ်။ သားငယ်လေးကို ချီထားတဲ့ ဟယ်ရီကတော့ " ကလေးက မျက်နှာအမွေးလေးတွေ ပါသေးတယ်။" လို့သတင်းထောက်တွေကို လှမ်းနောက်လိုက်တယ်။ ချစ်မွေးပါတယ်ပေါ့။ “ အရမ်းချစ်ဖို့ကောင်းတယ်။ကလေးက အေးလည်းအေးတယ်။ ကျွန်မကတော့ ဒီတစ်ရက်နှစ်ရက်မှာ အိမ်မက်တွေ မက်နေရသလိုပဲ ခံစားရတယ်။" လို့ မေဂင်က ဝင်ပြောလိုက်တယ်။


ကြည်နူးနေကြတဲ့ မိဘနှစ်ပါးနဲ့ သားငယ်လေးရဲ့ပုံလေးတွေ ကြည့်ပြီး ကြည်နူးမိတယ်။ ဒီကလေးဟာ အမေရိကန်တွေရဲ့ ပထမဆုံး တော်ဝင်ရင်သွေးလေးဆိုလည်းမမှားဘူး။ ဒါကြောင့် အမေရိကန်တွေလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြတယ်။ ဒီကလေးဟာ ပထမဆုံးသော အင်္ဂလန်နဲ့ အမေရိကန်သွေး တစ်ဝက်စီပါတဲ့ တော်ဝင်ရင်သွေးလေးဖြစ်သွားပါပြီ။ ဟယ်ရီနဲ့ မေဂင်တို့စုံတွဲရဲ့ကလေးဆိုပေမဲ့ အမေကသာ အဓိက ထိန်းကျောင်းရမှာမို့ မေဂင်ကတော့ တော်ဝင်စတိုင် ကိန်းကြီးခန်းကြီးတွေကို မနှစ်သက်သူပီပီ အမေရိကန်စတိုင် လွတ်လွတ်လပ်လပ်ပဲ ကလေးကို ကြီးပြင်းလာအောင် ထိန်းကျောင်းမယ်လို့ခန့်မှန်းကြတယ်။ ဟယ်ရီကလည်း လွတ်လပ်မှုကို ုမတ်နိုးသူမို့ ကန့်ကွက်မယ်မထင်။ ဒါဆိုရင်တော့ ကလေးငယ်ဟာ အမေရိကန်စတိုင် တော်ဝင်ရင်သွေးလေးဖြစ်လာမှာ မလွဲပါကြောင်း။


ကမ႓ာသစ်က တော်ဝင်ရင်သွေးလေးကို ကြိုဆို စောင့်ကြည့်ကြပါစို့။


ခ်စ္တဲ့


မောင်လူပေ