Breaking News

မောင်စွမ်းရည် - ပြတင်းပေါက်က မေးထောက်ကြည့်ရာ



မောင်စွမ်းရည် - ပြတင်းပေါက်က မေးထောက်ကြည့်ရာ

(မိုးမခ) ဇွန် ၄၊ ၂၀၁၉


တံခါးကိုလှပ်၊ ကဗျာစပ်မယ်။
ကမ္ဘာကိုပတ်၊ ကဗျာရွတ်မယ်။


ဗိုလ်ချုပ်အောင်ဆန်း
မြို့တော်ခန်းမ၊ ခေါင်မိုးကနေ
ဗမာ့အနာဂတ်၊ နိမိတ်ဖတ်သတဲ့။

“ဗမာပြည်ဟာ၊ နှစ် ၂၀ ကြာ
အနာဂတ်မှာ၊ ‘ဖာ’နိုင်ငံကြီး ဖြစ်မတဲ့”။

ကဗျာဆရာ ငပျင်း၊ ပြတင်းပေါက်က
မေးထောက်မျှော်ကာ၊ နားစွင့်ခါတော့
ကဗျာခေါ်သံ ကြားလိုက်တယ်။

ဒန်အိုးပေါက်တွေ ဖာတယ်၊
ကြေးအိုးပေါက်တွေ ဖာတယ်။
ထီးအို ထီးပေါက် ဖာတယ်၊
ဖိနပ်တို ဖိနပ်ပေါက် ဖာတယ်။

ခေါင်းပေါင်းပေါက်တွေ ဖာတယ်၊
တိုက်ပုံပေါက်တွေ ဖာတယ်။

အလံပေါက်တွေ ဖာတယ်၊
ဆိုင်းဘုတ်ပေါက်တွေ ဖာတယ်။

မြို့ရိုးပေါက်တွေ ဖာတယ်၊
တာရိုးပေါက်တွေ ဖာတယ်။

‘ဖာသယ် ဖာသယ် လာပါဦး။

တပေါက်ဖာ၊ တဖာ ဘယ်လောက်တုံး’။

မောင်စွမ်းရည်
6 April 2018, 2 a.m