Breaking News

လောကဓာတ်ခန်းသာဂိ - မတ်ဇူကဘတ်နဲ့ ဟာရရီတို့ ဘာပြောခဲ့ကြသလဲ (၂)


လောကဓာတ်ခန်းသာဂိ - မတ်ဇူကဘတ်နဲ့ ဟာရရီတို့ ဘာပြောခဲ့ကြသလဲ (၂)

(မိုးမခ ဘာသာပြန်) မေ ၃၁၊ ၂၀၁၉

ယခင်အပတ်က အဆက်

ဇူကဘတ် - ခင်ဗျားပြောတဲ့ သာဓကဆိုတာက လူ့ဘောင်လောကရဲ့  သဘာ၀တရားတခုပါပဲ။ ချမ်းသာတဲ့ လူ့အသိုင်းအဝိုင်းတခုက သူများနယ်ပယ်ကို သွားရောက် ချဲ့ထွင်သိမ်းပိုက်တယ်ဆိုတဲ့ အပြောတခြား အလုပ်တခြား ဆိုးကျိူးထွက်လာတယ်ဆိုတာက တပိုင်းပါ။ အခုကျနော် တုန့်ပြန်ပြောဆိုချင်တာက ခင်ဗျားပြောတဲ့အချက် - လူတွေဟာ အစွန်းရောက်တွေ ဖြစ်လာတဲ့ ကိစ္စ။ ကျနော် ငြင်းချက်ထုတ်ချင်တာက အဲသည်လူတွေဟာ သူတို့အသိုင်းအဝိုင်းမှာ အစွန်းရောက်ဖြစ်လာတာမဟုတ်ပါ။ သမိုင်းကိုကြည့်ပြီး ကျနော်တို့ ရှည်ရှည်ဝေးဝေး စကားရည်လုနေရသလို ဖြစ်နေမယ်။ လူ့အဖွဲ့အစည်းတွေ ရွေးချယ်လိုက်တဲ့ လမ်းကြောင်းကနေ အကောင်းတွေ အဆိုးတွေ ဒါရဲ့ ဂယက်တွေ ခံစားကြရတယ်ဆိုတာ စသည်ဖြင့်ပေါ့။ ဒါပေမယ့် ဒီနေ့ ဒီအချိန်မှာ ကျနော်တို့ ရင်ဆိုင်နေရတဲ့ အရေးအခင်းကို ပြောကြမယ်။ အခု လူတွေဟာ အဖြေရှာတဲ့ဆီမှာ ပိုပြီးအစွန်းရောက်တဲ့ နည်းလမ်းတွေ သုံးလာကြတာ။ ဒါဘာကြောင့်ဖြစ်လာရသလဲဆိုတော့ ကျနော့်အမြင်ကတော့ လူတွေဟာ သူတို့ကိုယ်သူတို့ လွဲချော်နေတယ်လို့ ခံစားနေရလို့ပဲ။ (dislocation)။ လူမှုရေးမှာရော စီးပွားရေးမှာပါ သူတို့တွေနဲ့ အံ့ချော်နေတယ်ပေါ့။ အဲသည်အတွက် ခင်ဗျားဘက်က အမျိုးမျိုး ချည်းကပ်ပြနိုင်တယ်။ ကျနော့်အနေနဲ့ကတော့ အင်တာနက်ပလက်ဖောင်းကို မောင်းနှင်နေသူတဦးအနေနဲ့ကတော့ ကျနော့်မှာ တာဝန်ရှိတယ်။ သည်လိုမျိူး လွဲချော်မှုမဖြစ်လာအောင် ကျနော်တို့ရဲ့ စနစ်ကို ထိန်းကြောင်းနိုင်ရမယ်။

သည်လိုဖြစ်လာဖို့အတွက် အပေါ်ထပ်အဆောက်အအုံအဆင့်ကနေ အဖြေရှာပေးဖို့လိုတယ်။ လူတွေဟာ လူ့ဘောင်အတွက် အဓိပ္ပါယ်ရှိတဲ့သူတွေ ဖြစ်ရမယ်။ အာမခံချက်ရှိရမယ်။ အခွင့်အလမ်းတွေ ရနိုင်ရမယ်။ သည်လိုဆိုရင် သည်လိုမျိုး မလုပ်တော့ဘူး။ ဒါတွေမရှိတဲ့အခါ အဲသည်လူတွေဟာ အစွန်းရောက်တဲ့ အုပ်စုတွေဆီကို ရောက်သွားတယ်။ ဒါကို ရွေးချယ်ကြတယ်။ ဒါက လူမှုရေးဘက်ကအမြင်ပေါ့။ စီးပွားရေးဘက်ကလည်း မြင်ကြည့်လို့ရပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းမှာ အရာရာကို အကောင်းမြင်လွန်းပြီးတော့ ဂလိုဘယ်စီးပွားရေးမှာ လူတွေကို မြှင့်တင်ပေးလိုက်နိုင်ပြီလို့ တပိုင်းက မြင်ကြတယ်။ အိန္ဒိယ၊ အရှေ့တောင်အာရှနဲ့ အာဖရိကားက လူတွေအတွက်ကတော့ အရင်တုန်းကလို နိုင်ငံတကာအဆင့်အလုပ်အကိုင်တွေ လက်လှမ်းမမီခဲ့ရာကနေ အခုဆို ဝင်ဆန့်လာကြပြီ။ ဒါက ဂလိုဘယ်အမြင်ကနေ ကြည့်ရင် သိပ်ကောင်းတာပေါ့။ လူတန်းစားမညီမျှမှုအဆင့်ကို လျော့ချနိုင်ခဲ့တယ်ပေါ့။ လူ သန်းရာချီပြီးတော့ ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်လာကြတယ်။ ဒါက ကောင်းကျိုးပေါ့။ ဒီမှာ ပြသနာက ဘာလဲဆိုတော့ - ဖွံဖြိုးပြီး ချမ်းသာပြီး နိုင်ငံတွေအတွက်ကတော့ ဒီစီးပွားရေးဘ၀ကို ဝင်ရောက် ယှဉ်ပြိုင်လာတဲ့ လူတွေ တိုးလာတော့ သူတို့မှာ အပြိုင်အဆိုင်တွေ များလာတယ်။ အလုပ်အကိုင်တွေက နေရာသစ်တွေဆီကို ရွှေ့ကုန်တယ်။  သည်တော့ ဖွံဖြိုးပြီးနိုင်ငံသားတွေမှာ အလုပ်တွေ ဆုံးရှုံးကုန်ကြတယ်။ တချို့တွေက အလုပ်တွေတော့ မပြုတ်ပါဘူး။ သူတို့အလုပ်တွေကို ဝင်ရောက်ယှဉ်ပြိုင်မှုတွေ ကြီးမားလာတယ်။ နိုင်ငံတကာအဆင့်မှာ လုပ်အားခဟာလည်း အပြိုင်အဆိုင်ဖြစ်လာတယ်။ အဲသည်လုပ်အားခတွေ တိုးရဖို့ထက် ဂလိုဘက်လိုက်စီးပွားရေးက လုပ်အားခတွေ တိုးသင့်သလောက် မတိုးနိုင်ပြန်ဘူး ဖြစ်လာတယ်။ ကျနော့်စစ်တမ်းတွေအဆိုအရကတေ့ာ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် လူတွေထဲက ၅% ကနေ ၁၀% တွေမှာ ဆိုးကျိူးတွေ ခံစားကြရတယ် ဆိုပါတယ်။ ပြောချင်တာက ဂလိုဘယ်လိုက်ဇေးရှင်းက အကောင်းတွေချည်း သယ်လာတယ်လို့ တဖက်သတ် ပြောချင်တာမဟုတ်ပါ။ ဘုံအားဖြင့်တော့ အကောင်းဘက်ကိုတော့ အလေးသာမှု ရှိပါတယ်။ ကျနော်တို့က ဒါကို အတင်းကြီး အကောင်းဘက်ဆွဲပြောလွန်းတယ်လို့ ထောက်ပြချင်တာပါ။ အဆိုးဘက်ကိုလည်း ၁၀% လောက် ရောက်တယ်။ သည်တော့ ကမ္ဘာကြီးမှာ လူ ၇ ဘီလျံရှိတယ်၊ အဲသည်ထဲက သန်း ရာချီပြီးတော့ ဒုက္ခရောက်ကြတယ်လို့ ဆိုနိုင်တယ်။ အဲသည်လူတွေဟာ အမေရိကန်နဲ့ ဥရောပက ချမ်းသာတဲ့ နိုင်ငံက လူတွေ ဖြစ်နေတယ်။ သည်လူတွေကနေပြီး သူတို့အစိုးရတွေကို အသီးသီး နိုင်ငံရေးအရ ဖိအားတွေ ပေးလာကြတယ်။

ဂလိုဘယ်စနစ် အလုပ်ဖြစ်ဖို့အတွက်ဆိုတာက လူတွေက ဂလိုဘယ်အဆင့်မှာ အလုပ်လုပ်နိုင်ရမယ်။ သို့သော်လည်း တဦးချင်းစီအတွက်လည်း သူတို့နိုင်ငံစနစ်အလိုက်၊ သူတို့ နေထိုင်ရာ မြို့ရွာ အသိုင်းအဝိုင်း အဆင့်အတန်းအလိုက် အလုပ်ဖြစ်ရမယ်။ ဂလိုဘယ်စနစ်သည် သူတို့အဆင့်မှာ အကျိုးရှိနေတယ်လို ခံစားရမယ်။ လူမှုရေး စီးပွားရေး ဘ၀ ၂ ခုစလုံးမှာ အလုပ်ဖြစ်နေရမယ်။ သည်တော့ ကျနော်က အဲသည်အခြေအနေမှာ ကျနော်ရဲ့ ဖေ့စ်ဘွတ်မှာရှိနေတဲ့ အစွမ်းကို ကောင်းတဲ့ဘက်ကို ဦးလှည့်နိုင်အောင် အများကြီး ကြိုးစားနေတယ်။ ကျနော်တို့ မူလရည်မှန်းချက်က လူတွေကို ချိတ်ဆက်မိအောင်လို့ ဖြစ်ပါတယ်။ အခုကျတော့ ကျနော်တို့ မစ်ရှင်က ဘာဖြစ်လာသလဲဆိုတော့ - လူတွေကို တဦးနဲ့တဦး ပိုမိုနီးကပ်အောင် လုပ်ပေးဖို့၊ လူတွေအတွက် အသိုင်းအဝိုင်းတွေ ထူထောင်ရာမှာ ကူညီပေးဖို့ ဖြစ်လာပါတယ်။ သည်ကနေ ဂလိုဘယ်အဆင့် ချိတ်ဆက်မှုကို ဆောင်ယူရမှာ ဖြစ်ပါတယ်။ သည်နေရာမှာလည်း သူတို့၏ ပထဝီဒေသအဆင့်မှာလည်း အလုပ်ဖြစ်နေဖို့လည်း ဖြစ်နိုင်ရပါမယ်။ အင်တာနက်ကနေ ဒီလိုဖြစ်အောင် လုပ်နိုင်ပါတယ်။ သည်တော့ သည်လိုဖြစ်အောင်လုပ်ဖို့ ဆိုတာက (စကားခနရပ်)

ဟာရရီ - ဒီလိုဆိုရင် ခင်ဗျားက အမေရိကန်ပြည်က ကုန်းတွင်းပိုင်းက ပြည်သူတွေအတွက် အလုပ်ဖြစ်အောင်လုပ်ဖို့ဆိုတာနဲ့ မက္ကစီကိုတို့ တောင်အမေရိကားတို့ အာဖရိကားတို့ဆီက ပြည်သူတွေအတွက် အလုပ်ဖြစ်အောင်လုပ်ဖို့ဆိုတာကို ဘယ်လိုလုပ်ပြီး ချိန်ခွင်ညှာ ညီနေအာင် လုပ်မှာတုန်း။ ကျနော်ပြောချင်တာက ဟန်ချက်မညီမျှမှုဆိုတာ ရှိတယ်။ အမေရိကန်ကလူတွေ ဒေါသထွက်ရင် လူတိုင်းက ဂရုစိုက်ကြတယ်။ သူတို့မှာ နှိပ်စရာ ခလုပ်တွေ ရှိတယ်။ မက္ကစီကိုနဲ့ ဇမ်ဘီယာက လူတွေ ဒေါသပုန်ထကြပြီဆိုရင်တော့ ဘယ်သူကမှ ဂရုမစိုက်ကြဘူး။ သူတို့မှာ ဩဇာနည်းတယ်။ ကျနော်ပြောချင်တာ သူတို့၏ နာကျင်မှုတွေ။ နာကျင်မှုဆိုတာ တကယ်မဟုတ်ဘူးလို့ ပြောချင်တာ မဟုတ်ဘူး။ နာကျင်မှုသည် အဆင့်အတန်းနဲ့ မျက်နှာလိုက်တယ်လို့ ပြောချင်တာ။ အင်ဒီယာနာက လူတယောက်ရဲ့ နာကျင်မှုက ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်ပေမယ့် ဟူဒူရပ်စ်က လူရဲ့ အနာနဲ့ ဖိလစ်ပိုင်က အနာကိုတော့ အရေးလုပ်ချင်မှ လုပ်လိမ့်မယ်။ ကျနော်ပြောချင်တဲ့ ကမ္ဘာကြီးရဲ့ ဩဇာအာဏာအပေါ် မျက်နှာလိုက်မှု၊ ဘက်မညီမှုပဲ ဖြစ်ပါတယ်။ ကျနော်တို့ ခွဲဖြာထွက်မှုအကြောင်း ပြောခဲ့ကြတယ်။ ကျနော်သိတယ် ခင်ဗျားတို့ ဖေ့စ်ဘွတ်ကို ဝေဖန်ပြစ်တင်နေကြတယ်။ ဖေ့စ်ဘွတ်ကနေ လူတွေဟာ အစွန်းရောက်အုပ်စုတွေဆီကို ရောက်ကုန်ကြတယ်ဆိုပြီး စွပ်စွဲခံနေရတယ်။  ဒါက ပြသနာအကြီးကြီးပဲ။ ဒါပေမယ့် ဒါက ပင်မအရင်းအမြစ်ပြသနာ မဟုတ်သေးပါဘူး။ ကျနော်ထင်ပါတယ် ခင်ဗျား ဒါကို ဖြေရှင်းနိုင်မှာပါ။ ခုချိန်မှာတော့ သည်အရေးက လူတိုင်း အာရုံစိုက်ခံနေရတော့ အရေးကြီးသလို ဖြစ်နေပေမယ့် ခင်ဗျားရဲ့ စွမ်းအင်ကို အဲသည်မှာ လှည့်ပြီး အာရုံစိုက်လိုက်ရင် ဒါကို ဖြေရှင်းလိုက်နိုင်မှာပါ။ ကျနော် ပူပန်နေတာက ဖေ့စ်ဘွတ်ကိစ္စသက်သက် မဟုတ်ပါ။ အခု အရေးကြီးတဲ့ အရေးအခင်းက - အခုအသစ်ပေါ်ထွန်းလာတဲ့ အင်တာနက်စီးပွားရေး၊ အသစ်ဖြစ်ပေါ်လာတဲ့ နည်းပညာစီးပွားရေးတို့ရဲ့ ဦးတည်နေတဲ့ နေရာ။ ပြီးတော့ လူတန်းစားမညီမျှမှုတွေ ကမ္ဘာဒေသအသီးသီးမှာ တိုးပွားလာနေတာ။ ဒါတွေဟာ အစွန်းရောက်အတွေးအခေါ်တွေကြောင့်လို မဆိုနိုင်ပါဘူး။ သို့သော် တချို့သော စီးပွားရေး လူမှုရေး ပုံစံတွေကြောင့် ဖြစ်လာတာ ဖြစ်တယ်။ နောက်တချက်ကတော့ လူ့တန်ဖိုး၊ ဒီမိုကရေစီအတွေးအခေါ် ၊ လွတ်လပ်တဲ့စျေးကွက်စီးပွားရေးစနစ် နဲ့ လူတဦးချင်းစီ၏ လွတ်လပ်ခွင့်တွေအပေါ်မှာ ဖိနင်းလာမှုတွေကြောင့် ဖြစ်တယ်။

သည်တော့ ကျနော်တို့က လူမှုရေးအဆင့်မှာ အစွန်းရောက်အမူအကျင့်ရှိတဲ့ အုပ်စုတွေရဲ့ ပြသနာတွေကို ဖြေရှင်းပေးနိုင်တယ် ဆိုဦးတော့ - နည်းပညာအဆင့်မှာ အေအိုင်တို့ သင်ယူနိုင်တဲ့စက်တို့ (AI & Machine Learning)  ၂ခုကနေ ဖြစ်ပေါ်လာမယ့် အရေးကိစ္စတွေကို ပိုပြီး စိတ်ဝင်စားမိပါတယ်။

ဇူကဘတ် - ဟုတ်တယ်။ ကျနော်လုံး၀ သဘောတူပါတယ်။ အစွန်းရောက်ခြင်းဆိုတာ ပြသနာရဲ့ ရင်းမြစ်မဟုတ်ပါဘူး။ ရောဂါ၏ လက္ခဏာမျှသာ ဖြစ်ပါတယ်။  ကျနော်တို့က သည်ထက်ကြီးမားတဲ့ အရေးကို ဖြေရှင်းရမှာပါ။ ကျနော်တို့အတွက် အဓိကမေးခွန်းက - လူတွေဆီမှာ သူတို့အတွက် ဘ၀အဓိပ္ပါယ်ကိုယ်စီ ရှိစေဖို့။ သူတို့ရဲ့ အခန်းကဏ္ဍက သူတို့စိတ်ဝင်စားတဲ့အကြောင်းအရာမှာ ပါဝင်နိုင်ဖို့။ လူမှုရေးမှာ ချိတ်ဆက်မှုရှိနိုင်ဖို့။ နောက်ဆုံးကျတော့ ကျနော်တို့ဟာ လူမှုရေးရာသတ္တဝါတွေ ဖြစ်ပါတယ်။ ဘယ်လိုပဲ သီအိုရီတွေနဲ့ ပုံဖော်ပြီး ရှင်းရှင်း ကျနော်တို့အတွက် အခြေခံအချက်ကို မေ့ထားလို့ မဖြစ်ပါဘူး။ သည်တော့ ကျနော်တို့ အေအိုင်အကြောင်းကို ဆက်ပြီးပြောကြမလား။ အခုပြောနေတဲ့ဆီမှာ ဆက်ပြီး နည်းနည်း ပြောချင်သေးလား။

ဟာရာရီ  - အေအိုင်နဲ့ကလည်း ဆက်စပ်နေတာပါပဲ။ သိပ္ပံ၀တ္ထုတွေဆီက အဆိုးရလဒ်ကြောင့်လို့ ပြောရမလားတော့ မသိဘူး။ ကျနော်က သိပ္ပံ၀တ္ထုတွေကို ကြိုက်နှစ်သက်သူပါ။ ကျနော့်ကို အထင်မလွဲပါနဲ့။ သိပ္ပံ၀တ္ထုတွေကနေ အဆိုးမြင်မှုကလည်း ပုံဖော်ပေးတယ် ပြောရမယ်။ လူတွေက ထင်မြင်ကြပုံက လွဲမှားတဲ့ အခြေအနေတွေကနေ လွဲမှားတဲ့ အန္တရာယ်တွေ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချကြတယ်။ 'အေအိုင်က အန္တရာယ်ရှိတယ်။ စက်ရုပ်တွေက လူတွေကို သတ်ပစ်ကြမှာ။' သည်လိုမျိုး ပြောကြတာ။ စက်ရုပ်တွေက တော်လှန်ရေးဆင်နွှဲကြလိမ့်မယ်ဆိုတာ အတော်ကို အစွန်းရောက်တဲ့ မဖြစ်နိုင်မှုပါ။ ကျနော်စိုးရိမ်တာက စက်ရုပ်တွေက တော်လှန်ပုန်ကန်ကြတာထက် စက်ရုပ်တွေက အမြဲတမ်း အမိန့်နာခံနေကျ ဖြစ်နေမှာကို ပိုစိုးရိမ်ပါတယ်။ ကျနော့်အမြင်က ပြသနာ ၂ ခုရှိတယ် လို့ ထင်တယ်။ အေအိုင်နဲ့ ပတ်သက်ပြီးတော့။  ကျနော်တို့ အတွင်းကို စိုက်ကြည့်ကြရမယ်။ ကျနော်ပြောခဲ့သလိုပေါ့။ ပထဝီဒေသကို လိုက်ပြီးတော့ လူအချင်းချင်း မညီမျှမှု (inequality) က ပထမအချက်။ နောက်ဆိုရင် ကျနော်တို့ဆီမှာ တချို့နိုင်ငံတွေဟာ အေအိုင်စီးပွားရေးမှာ အသာစီးရလာကြမယ်၊ လွှမ်းမိုးလာကြမယ်။ အခြားကိစ္စတွေအပေါ်မှာလည်း သူတို့က အများကြီးအပေါ်စီးရလာကြမယ်။ ကဲ ... စက်မှုတော်လှန်ရေးကို ပြန်ကြည့်ကြရအောင်။ စက်မှုအင်အားကြီးနိုင်ငံတွေနဲ့ အခြားသူတွေကြားမှာ ကြီးမားတဲ့ ကွာခြားမှု ဖြစ်ခဲ့တယ်။ ကျန်ရစ်ခဲ့တဲ့သူတွေ အမီလိုက်နိုင်ဖို့ နှစ်ပေါင်း ၁၅၀ လောက် ကြိုးစားယူကြရတယ်။ အခုဆိုရင် ဆယ်စုနှစ်လောက် ကျန်ရစ်နေသေးတဲ့ နိုင်ငံတွေ ရှိနေသေးတယ်။ သူတို့တွေ နောက်က အသဲအသန်လိုက်နေကြရတုန်းပဲ။ အခုဆိုရင် အဲသည် ကွာခြားမှု ခြောက်ကမ္ဘားဟာ အေအိုင်ကြောင့် ပြန်ပေါ်လာပြီ။ ပိုပြီတော့တောင်မှာ ဆိုးဝါးနိုင်သေးတယ်။ အေအိုင်ကို လက်ကိုင်ပြုပြီး အနိုင်ယူမယ့်နိုင်ငံအုပ်စုတွေဟာ လက်တဆုပ်စာပဲ ရှိလာမယ်။ ဒါက ပြသနာတခု။ အေအိုင်ကပေးသောမညီမျှမှု - AI Inequality ပေ့ါ။

နောက်ပြသနာတခုကတော့ အေအိုင်နဲ့ လူတို့၏ အားပြိုင်မှုပဲ။ လူ့ဘ၀၏ အဓိပ္ပါယ်ဆိုတာ ပြဌာန်းချက်တွေ အားလုံးနဲ့ သက်ဆိုင်တဲ့ အချက်ပဲ။ အကယ်၍သာ အေအိုင်က ရင့်ကျက်လာလို့ သူ့မှာ အချက်အလက်အပြည့်အစုံတွေ ရှိလာလို့၊ လူတွေနဲ့ ပတ်သက်တဲ့ အခြေခံအချက်အလက်တွေ အေအိုင်လက်ထက်မှာ ရှိလာလို့ ကျနော့်ကိုယ်ကျနော် သိတာထက် အေအိုင်က ကျနော့်အကြောင်းကို ပိုသိနေတာမျိူး ပြီးတော့ အေအိုင်ကနေ ကျနော့်အတွက် ဆုံးဖြတ်ချက်တွေ ဝင်ချမှတ်ပေးနေတာမျိူး။ ကျနော့် ရွေးချယ်မှုကို သူက ကြိုပြီး ခန့်မှန်းနိုင်တာ၊ ကျနော့်ရွေးချယ်မှုကို ဝင်ပြီး ချယ်လှယ်လာတာ၊ ပြီးတော့ Algorithm ဆိုတဲ့ စက်ဖြင့်တွက်ချက်နည်းစနစ်ဆိုတာက လူတွေထက်ပိုပြီး ဩဇာရှိလာတာမျိူးတွေ။ သည်လိုဆိုတော့ ကျနော် ကြည့်ရမယ့်ရုပ်ရှင်ကို ရွေးချယ်ပေးတာထက် ပိုပြီးတော့ ကျနော် ပူးပေါင်းရမယ့် အသိုင်းအဝိုင်းကို သူက ဝင်ဆုံးဖြတ်ပေးတာမျိူး။ သူက ဘယ်သူနဲ့ သူငယ်ချင်းလုပ်ပါလို့ ၊ ဘယ်သူနဲ့ လက်ထပ်ပါတို့၊ စသည်ဖြင့် အေအိုင်ရဲ့ ထောက်ခံအကြံပေးမှုတွေကို လူတွေက မှီခိုလာရတာမျိူးတွေကို ကျနော်ကတော့ စိုးရိမ်မိတယ်။

ဇူကဘတ် - ဟုတ်ပါပြီ။

ဟာရာရီ - ဒီလိုဆိရင် လူသားတွေအတွက် လူ့အသက်အတွက် ဘယ်လိုလုပ်ကြမလဲ။ ကျနော်ပြောချင်တာကတော့ အေအိုင်က ဆောင်ကျဉ်းလာတဲ့ မညီမျှမှုတွေ နဲ့ အေအိုင်နဲ့ လူတို့၏ အားပြိုင်မှု။ သည် ၂ ခု ဖြစ်ပါတယ်။

ဇူကဘတ် - သည်အရေးကိစ္စ ၂ခု စလုံးက 'ဘာကတန်ဖိုးလဲ' ဆိုတဲ့ မေးခွန်းအပေါ်နဲ့ ဆိုင်မယ် ထင်ပါတယ်။ ဘယ်သူကနေ တည်ဆောက်တာလဲ။ ဘယ်လိုမျိုး စံတွေ တန်ဖိုးတွေ (values) တွေကို ထည့်သွင်းတွက်ချက်ထားသလဲ။ ပြီးတော့ အဲသည်ကနေ ဘယ်လိုမျိူး ရလဒ်တွေ ထွက်လာသလဲ။ အခုမေးခွန်းတွေ အားလုံးက အခြေပြုနေတာက အေအိုင်ကို ပုဂ္ဂိုလ်တဦးအသွင်ပြု စဉ်းစားခြင်းကနေ ပေါ်ထွက်လာတယ်လို့ ကျနော်က ပြောချင်ပါတယ်။ စက်ရုပ်လူသတ်သမားဆိုတာမျိုး ခင်ဗျားပြောတာနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ကျနော်မြင်တာကတော့ အေအိုင်ဆိုတာက နည်းပညာနယ်ပယ်နဲ့ ယေဘူယကျကျ ချိတ်ဆက်နေတယ်၊ ပတ်သက်တယ်။ အခုဆိုရင် နည်းပညာပါတဲ့ ထုတ်ကုန်တွေ အားလုံးနည်းပါး (technology products) တွေ၊ နည်းပညာမပါဝင်ဘူးလို့ ဆိုချင်ဆိုနိုင်တဲ့ ထုတ်ကုန်တွေအပါအဝင်တွေမှာလည်း အေအိုင်ဆိုတာက ပါဝင်နေတယ်။ ပိုပြီး အဲသည်ပစ္စည်းတွေက ကောင်းကောင်းလာတယ်။ အေအိုင်ဆိုတာ သူတဦးတည်းသီးသန့် တည်ဆောက်လုပ်ရတဲ့ အရာ မဟုတ်ဘူး။ အေအိုင်ကနေ ထုတ်ကုန်တွေကို အစွမ်းထက်စေတယ်၊ စီးပွားရေးကို ပိုတိုးတက်စေတယ်။ အဲသည်ကနေ သူ့အခွင့်အလမ်းတွေ ဖြန့်ချိမှုတွေက ခင်ဗျားမေးခွန်းထုတ်နေတဲ့ ကိစ္စတွေဆီကိုလည်း ဦးတည်ပါတယ်။ သည်တော့ ကျနော်တို့အတွက် အရေးပါတဲ့ လူမှုစံနှုန်းဆိုင်ရာမေးခွန်းတွေဖြစ်တဲ့ အချက်အလက်တွေ (data) ၊ ပုဂ္ဂိုလ်ရေးသီးသန့်ဆိုတာတွေ (privacy)၊ ဘယ်လို သုံးစွဲကြမလဲ၊ ဘယ်လို ပေါ်လစီတွေနဲ့ ကိုင်တွယ်မလဲ၊ ဂလိုဘယ်မူဘောင်ကို ဘယ်လို ချမှတ်မလဲဆိုတာတွေနဲ့ အားလုံး ယှက်နွယ် ချိတ်ဆက်နေပါတယ်။

အဲသည်ထဲက မေးခွန်းတခုကတော့ ... ။ ကျနော်က ခင်ဗျားပြောတာတွေကို အတော်များများ သဘောတူပါတယ်။ နိုင်ငံတော်တော်များများဟာ အနာဂတ်နည်းပညာကို ရင်းနှီးမြုပ်နှံနိုင်စွမ်းတွေ ရှိကြတယ်။ အနာဂတ်နည်းပညာဆိုတာကလည်း ဒေတာတွေ၊ အေအိုင်တွေ၊ အနာဂတ်အင်တာနက်စနစ်တွေ အကုန်ပါတယ်။ သူတို့ ကိုယ်ပိုင်ကုမ္မဏီတွေဟာ အနာဂတ်အတွက် ခြေလှမ်းတွေ ဦးနေပြီ။ အဲသည်အတွက် ကမ္ဘာကြီးဆီကို တင်ပို့ဖို့ ဝန်ဆောင်မှုတွေ စွမ်းရည်တွေလည်း ရှိနိုင်အောင် နေရာယူထားကြပါပြီ။ အခုချိန်မှာ ကျနော်တွေးမိတာကတော့ - အမေရိကားဆိုရင်လည်း ဂလိုဘယ်နည်းပညာပလက်ဖောင်းမှာ ရှေ့တန်းကရောက်နေပြီးသား ဖြစ်ပါတယ်။ အမေရိကန်၏ စံတန်ဖိုးတွေဆိုတာကိုလည်း အဲသည်ထုတ်ကုန်တွေ ဝန်ဆောင်မှုတွေအတွင်းမှာ ထည့်သွင်းထားကြပါတယ်။ သူတို့ချည်းတင် မဟုတ်ပါဘူး။ ကျနော်တို့ ဖေ့စ်ဘွတ်ဆိုလို့ရှိရင်လည်း ကမ္ဘာတဝှမ်းက လူတွေအတွက် ဝန်ဆောင်မှုပေးနေပါတယ်။ ကျနော်တို့ ဒါကို အလေးအနက်ထားပါတယ်။ ဥပမာတခုဆိုရင် လူတိုင်းမှာ ပြောရေးဆိုခွင့်ရှိရမယ်ဆိုတဲ့ သဘောထားဆိုတာ အမေရိကန်စံတန်ဖိုးလို့ ပြောချင်ပြောပါ၊ လွတ်လပ်စွာပြောဆိုထုတ်ဖော်ခွင့်ပေါ့။ ဒါကို ကျနော်တို့ လိုက်နာတယ်၊ ပုံဖော်တယ်။  သည်လိုမျိုး နိုင်ငံတွေ ကုမ္မဏီတွေက အနာဂတ်ကို တွန်းရွှေ့နိုင်တဲ့ စီးပွားရေးဆိုင်ရာ လူမှုရေးဆိုင်ရာ အားသာချက်တွေ ရှိနိုင်မယ် ထင်ပါတယ်။ အခြားနိုင်ငံတွေကလည်း သည်လို အလုပ်လုပ်နိုင်မယ် ထင်ပါတယ်။ ဒါတွေက စီးပွားရေးသာယာမှုတို့ မညီမျှမှုတို့ ဆိုင်သလား မဆိုင်ဘူးလား ... (သူ့စကားကို ဟာရာရီက ဖြတ်)

ဟာရာရီ -  သူတို့အားလုံး အခွင့်အရေးတွေ အတူတူရကြလိမ့်မယ်လို့ ခင်ဗျားက ထင်နေသလား။ ဟွန်ဒူးရပ်စ်တို့၊ ယူကရိမ်းတို့၊ ယီမင်တို့ စတဲ့နိုင်ငံတွေက အေအိုင်ပြိုင်ပွဲထဲမှာ သူတို့လည်း တန်းတူအခွင့်အရေးရကြလိမ့်မယ်လို့ ခင်ဗျားက တကယ်ထင်နေလို့လား။ ဒါမှမဟုတ် သည်လိုနိုင်ငံတွေအတွက်က အခုကတည်းက ပွဲထဲကနေ ထွက်သွားပြီလား။ ကျနော်ပြောချင်တာက ခင်ဗျားပြောသလိုမျိူး ယီမင်မှာ မဖြစ်နိုင်တော့ဘူး။ ဟွန်ဒူးရပ်စ်မှာ မဖြစ်တော့ဘူး။ သူတို့တွေ နောင် အနှစ် ၂၀ အနှစ် ၅၀ ကျရင် ဘယ်လိုဖြစ်နေမယ်လို့ ခင်ဗျားက ထင်နေသလဲ။

ဇူကာဘတ် - ဒါကတော့ စံတန်ဖိုးတွေပေါ်မူတည်ပြီး ဘယ်လိုတည်ဆောက်ကြသလဲဆိုတာနဲ့ ဆိုင်ပါတယ်။ ယေဘူယျအားဖြင့် တက္ကသိုလ်တွေ လုပ်ငန်းကြီးတွေ ရင်းနှီးမြုပ်နှံမှုတွေရဲ့ အစုလိုက်အပုံလိုက် ရွေ့လျားမှုတွေကနေ သွားကြတာဆိုတော့ လူဦးရေများတဲ့ နိုင်ငံကြီးတွေမှာ အားသာချက်ရှိကြတာပဲပေါ့။ သည်နေရာမှာ ဖေ့စ်ဘွတ်အပါအဝင် အခြားပညာရေးဆိုင်ရာအဖွဲ့အစည်းတွေရဲ့ တန်ဖိုးထားမှုက open research လို့ ခေါ်တဲ့ ပွင့်လင်းတဲ့သုတေသနပြုလုပ်ခြင်း ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုကို တန်ဖိုးထားတဲ့ သုတေသနလုပ်ငန်းတွေဟာ ရင်းနှီးမြုပ်နှံမှုတွေ တိုးပွားလာတယ်၊ ရှေ့ကို တိုးတက်လာတယ်။ တခါးတွေ ဖွင့်ထားတယ်။ အဲသည်မှာ ခင်ဗျားပြောတဲ့နိုင်ငံတွေက စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကိုပါ ကြိုဆိုလာနိုင်ပါတယ်။ ဒါက စက်မှုလုပ်ငန်းတွေအားလုံးတပြိုင်နက်တည်း ဖြစ်မယ်လို့ မဆိုပါဘူး။ ခုနင်က နိုင်ငံအသေးတွေဆီကိုလည်း အနာဂတ်မှာ အေအိုင်ထည့်သွင်းထားတဲ့ အလုပ်တွေ ကုမ္မဏီတွေ ရှိလာနိုင်ပါတယ်။ ဒါက လက်လှမ်းမမီတဲ့ ခန့်မှန်းချက် မဟုတ်ပါဘူး။ နိုင်ငံငယ်ကလုပ်ငန်းရှင်တွေဟာ အမေဇုံအွန်လိုင်းက ကွန်ပြူတာတွက်ချက်မှုစနစ်ကို လှမ်းပြီး စက်နှိုးပြီး အလုပ်လုပ်နိုင်ပါတယ်။ ဂလိုဘယ်စီးပွားရေးစနစ်ထဲက လူတွေကို ငှားယမ်းနိုင်မယ်။ ဒါက ဥရောပတို့ ယူအက်စ်တို့ဆိုတဲ့ ပထဝီဒေသတွင်းမှာ ကန့်သတ်ထားတယ်ဆိုတာကို စိန်ခေါ်နိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သုတေသနတွေ ရှာဖွေတွေ့ရှိမှုတွေဟာလည်း ပွင့်လင်းသုတေသနလမ်းကြောင်းကနေ အားလုံးလက်လှမ်းမီအောင် ဖြန့်ချိထားတာတွေ တိုးတိုးလာနေလို့ ဖြစ်ပါတယ်။

သည်တော့ မေးခွန်းက ဘာဖြစ်လာသလဲဆိုတော့။ ကျနော်တို့ အနာဂတ်ကို ဘယ်လိုဖြစ်စေချင်တာလဲ။ ကျနော်တို့ လိုချင်တဲ့ အနာဂတ်ကို ဘယ်လိုမျိူး သွားကြမှာလဲ။ ကျနော်တို့က ပွင့်လင်းမြင်သာမှုကို ဖြစ်စေချင်ယ်။ သုတေသနအလုပ်တွေကို ဖွင့်ပေးထားချင်တယ်။ အင်တာနက်ဆိုတာကို တက်လျောက်စရာ ပလက်ဖောင်းဖြစ်လာစေချင်တယ်။  သည်နေရာမှာ ခင်ဗျားမေးထားတဲ့ မေးခွန်း ... ဒါတွေက ခွဲဖြာမှုလား ပေါင်းစုမှုလား ဆိုတဲ့ မေးခွန်း။ ဒီနေရာမှာ ကြီးမားတဲ့ အန္တရာယ်ကတော့ နိုင်ငံတခုစီက အင်တာနက်ပေါ်လစီတွေကို သူတို့ဖာသာသူတို့ ချမှတ်နေကြတာတွေဟာ အချင်းချင်း မညီညွတ်ကြတဲ့အတွက် ခွဲဖြာမှုကို ဦးတည်နေတယ်။ တကွဲတပြားဖြစ်မှုကို ဦးတည်လာနိုင်တယ်။ သည်လိုဆိုရင် ခင်ဗျားပြောသလို ဟွန်ဒူးရပ်စ်မှာရှိတဲ့ လုပ်ငန်းရှင်အတွက်ဟာ သည်လိုကန့်သတ်ချက်တွေကြောင့် အခြားအခွင့်ထူးခံနိုင်ငံတွေက လုပ်ငန်းတွေလို အခွင့်အလမ်းမရနိုင်တော့ဘူး ဖြစ်လာနိုင်တယ်။ အင်တာနက်ဆိုတာ တခုတည်းအဖြစ် ရှိနေရင် သုတေသနတွေကလည်း လမ်းဖွင့်ထားသေးမယ်ဆိုရင်တော့ သူတို့အတွက် မျှော်လင့်ချက်တွေ ရှိနေပါသေးတယ်။

သည်တော့ ကျနော် စိုးရိမ်တဲ့အချက်ကတော့ ကျနော်တင်ပြတဲ့ တန်ဖိုးတွေ ဆိုတာဟာ အခြားနိုင်ငံတွေက သတ်မှတ်ထားတဲ့ တန်ဖိုးတွေနဲ့ ခြားနားနေတယ်ဆိုတဲ့ အခြေအနေဆိုတာ ဖြစ်ပါတယ်။ အာဏာရှင်နိုင်ငံတွေကို ကြည့်လိုက်ရင်၊ သူတို့ ဒေတာပေါ်လစီတွေကို ကြည့်လိုက်ရင် သူတို့စီမံမှု မူဘောင်တွေဟာ ဥရောပတို့ အခြားဒေသတွေ လူတွေက ချမှတ်ထားတာနဲ့ အများကြီး ကွဲပြားမှု ရှိနေတယ်။ ကျနော်ပြောချင်တာကတော့ အခု ဥရောပသမဂ္ဂက ချမှတ်လိုက်တဲ့ GDRP ဆိုတဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံသားများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ အကာအကွယ်ပေးမှု အာမခံချက်ရှိမှုဆိုင်တာ မူဘောင်ဆိုတာကို အခြားနိုင်ငံတွေကလည်း လက်ခံကြသင့်တယ်။ ဒါကို ကျနော်ထောက်ခံပါတယ်။ ဒါကို လူတွေက မျက်စိလည်နေကြတယ်။ သူတို့က မေးချင်ကြမယ်။ ဘာဖြစ်လို့ ကိုယ်ရေးကိုယ်တာဆိုင်ရာကို ကန့်သတ်မှုတွေ လုပ်ချင်ကြရတာလဲလို့ မေးခွန်းထုတ်ချင်ကြမယ်။ ကျနော်ဆိုလိုတာက ဂလိုဘယ်အတိုင်းအတာနဲ့ ဒေတာတွေ အေအိုင်တွေ နည်းပညာတွေအပေါ်ကို လွှမ်းချူံနေတဲ့ မေးခွန်းတွေ သံသယတွေအတွက် နိုင်ငံတိုင်းမှာ ဘုံမူဘောင်တခု ရှိစေချင်တဲ့ သဘောဖြစ်ပါတယ်။ ဒါက ပိုပြီး ထိန်းချုပ်တာကို ဆိုလိုတာမဟုတ်ဘူး။ GDRP  မူဘောင်မှာ လွတ်လပ်မှုတို့ အခွင့်အရေးတို့ဆိုတဲ့ တန်ဖိုးတွေကို ထည့်သွင်းပြီး ရေးဆွဲထားတယ်။ အဲသည်မှာ အခြား အာဏာရှင်တွေရဲ့ မူဘောင်တခု အပြိုင်ပေါ်လာရင် ဘယ်လိုလုပ်ကြမလဲ။ အခုလက်ရှိမှာ သည်လို အပြိုင်မူဘောင်တွေ ထွက်လာနေပြီ။ သဘောတခုကတော့ ကုမ္မဏီတွေဟာ လူတွေရဲ့ ဒေတာတွေကို သိမ်းဆည်းရာမှာ သက်ဆိုင်ရာနိုင်ငံအလိုက် ဒေတာစင်တာတွေမှာသာ ထားရှိရန် ဆိုတာမျိုး ။ သည်လိုဆိုရင် ကျနော်က အစိုးရတခုသာ ဆိုရင် - အခြားနိုင်ငံမှာရှိနေတဲ့ ဘယ်ဒေတာကို မဆို ကျနော့်စစ်တပ်ကိုလွှတ်ပြီး သွားသိမ်းပိုက်နိုင်လာတယ် ဆိုတာမျိူး။ အဲသည်ဒေတာတွေအသုံးချပြီး လူတွေကို စောင့်ကြည့်စစ်ဆေးတာတွေ လုပ်နိုင်တယ်။ အသုံးချအမြတ်ထုတ်နိုင်တယ် ဆိုတာမျိုး။ ဒါဆိုရင်တော့ ဒီအနာဂတ်ဟာ ဆိုးဝါးတဲ့ အနာဂတ်ပဲ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းကို ကျနော်တို့ မသွားချင်ပါဘူး။ ကျနော့်လို အင်တာနက်ဝန်ဆောင်မှု တည်ဆောက်နေကြသူတွေကော၊ သာမန်နိုင်ငံသားတွေအားလုံးကကော သည်လမ်းကို မသွားချင်ကြဘူးဆိုတာ သေချာပါတယ်။

(ဆက်လက်ဖော်ပြပါမည်)