Breaking News

ဒေါက်ထက်(ယူကေ) - "ဒေါက်ထက်နှင့် မျဉ်းလုံး ရာဇဝင်"

ဒေါက်ထက်(ယူကေ) - "ဒေါက်ထက်နှင့် မျဉ်းလုံး ရာဇဝင်"

(မိုးမခ) ဇွန် ၇၊ ၂၀၁၉

ဒေါက်ထက်တယောက် အင်္ဂလန်တွင်ခြေချသည်မှာ နှစ်အစိတ်ခန့် ရှိပြီဖြစ်သည်။ ဒေါက်ထက်အလုပ်လုပ်သော ဆန်းဒါးလန်းတော်ဝင်ဆေးရုံ (Sunderland Royal Hospital)သည်ကား ဆေးရုံကြီးများအဆင့်တွင်ပါဝင်သည်မို့ ကွန်ပြူတာဌာနကြီးပါရှိသည်။ ယခုဆိုလျှင် အနီးနားမှ ဆေးရုံလေးတခုနှင့် ပေါင်းလိုက်သည့်အတွက် ဝန်ထမ်း ၅၀ဝ၀ ကျော်ရှိပါသည်။

ဒေါက်ထက်တယောက် မကြာသေးမီက ဌာနဆိုင်ရာအောဒစ်(Audit) တခုလုပ်သည်တွင် ရွာလည်ပြီး ဒုက္ခရောက်တော့သည်။ ကွန်ပြူတာမှတ်တမ်းများကကောင်းသော်လည်း ကွန်ပြူတာစံနစ်က အကန့်အသတ်ရှိသည်။ အောဒစ်လုပ်သည်တွင် မမျှော်လင့်ထားမိသော အခက်အခဲများ တွေ့ရသည်။ ဒေါက်ထက်က နှလုံးအထူးကုဌာနအတွက် ရေဒီယိုနှလုံးဓာတ်မှန်ရိုက်ခြင်းကို ဦးစီးဦးဆောင်လုပ်ရသည်မို့ အောဒစ်အတွက်တာဝန်ယူရသည်။ ဌာနမှူး အင်ဒီကား ဒေါက်ထက်ကိုမြင်လျှင် သူ့ကွန်ပြူတာထဲက ဒေတာမှတ်တမ်းတွေကို တောင်းလွန်းသဖြင့် ရှောင်ပြေးနေတော့သည်။

တလောကလည်း နှလုံးပြင်ပလူနာဌာနတွင် ကွန်ပြူတာက အရမ်းနှေးနေသဖြင့် ဒေါက်ထက်တယောက် လူနာကြည့်ရင်း တိုင်ပတ်တော့သည်။ ကွန်ပြူတာဌာနက စစ္စတမ်အပ်ဒိတ် (System update)အဆင့်မြှင့်သည်တွင် ကွန်ပြူတာကလည်း ဒေါက်ထက်ကဲ့သို့ပင် အသက်ရလာသည်မို့ထင်သည်။ ကွန်ပြူတာက ဝိုင်းဝိုင်းကလေးလည်ပြီး ဆန့်ငင်ဆန့်ငင် ဖြစ်တော့သည်။ကွန်ပြူတာဝိုင်းဝိုင်းကလေးလည်နေသည်ကိုကြည့်ပြီး ဒေါက်ထက်တယောက်ဇာတိချက်ကြွေမွေးရပ်မြေကိုတမ်းတမိသည်။ မြန်မာပြည်မှာကား ကွန်ပြူတာ ဝိုင်းဝိုင်းလည်သည်မှာ ဝိုင်းပေါင်းများလို့ ရိုးနေပါပြီ။

ထိုနေ့က ကြည့်ရသောလူနာတိုင်းကို တောင်းပန်ရင်းဖြင့် ဖတ်ဖတ်ကိုမော ရင်ပတ်နောက်ကကျောဖြစ်ရသည်။ ၁၀ မိနစ်လောက် နောက်ကျလည်း တောင်းပန်ရသည်မို့ လူနာတိုင်းကို တောင်းပန်ကိန်း ဆိုက်တော့သည်။ ပထမလူနာက နောက်ကျလျှင်ကား ရထားတွဲကြီးကဲ့သို့ပင် တမနက်လုံး နောက်ကျတော့သည်။ ကွန်ပြူတာဌာနကို ဖုန်းဆက်တော့လည်း ဆက်သွယ်မရ။ ကွန်ပြူတာဌာနမှလူကြီးမင်းများ ဆက်သွယ်ရေးဧရိယာပြင်ပသို့ လ္ဘက်ရည်သွားသောက်နေကြသလားမသိ၊ တွေးမိတွေးရာ တွေးမိသည်။ မိမိနှင့်အတူအလုပ်လုပ်နေသော အင်္ဂလိပ်သူနာပြုဆရာမကို"ကျနော်တို့တော့ ဇွမ်မ်ဘီ ဖုတ်ကောင်တွေလို မကြာခင်ဖြစ်တော့မယ်၊ ကွန်ပြူတာမရှိရင် ဘာမှမလုပ်နိုင်တော့ဘူး" ဟူ၍ ပြောမိသည်။ ထိုနေ့က ဆေးရုံတရုံလုံးမှကွန်ပြူတာအားလုံး အလုပ်ကောင်းကောင်းမလုပ်ဟု သိရသည်။ ကွန်ပြူတာ အလုပ်မလုပ်၍ မိမိလည်းအလုပ်အားသည်မို့ ပျော်ကြသော ဝန်ထမ်းများလည်း ရှိသည်။ ဒေါက်ထက်မှာကား သူများပျော်လို့မပျော်နိုင်။ ယနေ့အလုပ်မလုပ်လျှင် နောက်တနေ့ အလုပ်တွေက ပုံနေတော့မည်။

အရင်တလောကလည်းပြင်ပလူနာဌာနတွင် နှလုံးရောဂါသည်လူနာတယောက်ကလည်း ဒေါက်ထက်တယောက် ကွန်ပြူတာဖြင့် ရွာလည်နေသည်ကိုမြင်ပြီး ပညာပို့ချသွားဘူးသည်။ လူနာက အင်္ဂလန်တွင် အကြီးဆုံးဘဏ်ကြီးတခုဖြစ်သော ဘာကလေဘဏ်တွင် အလုပ်လုပ်လုပ်နေသည်မှာကြာပြီဖြစ်သည်။ "ထွပ်စ်မီ(Trust me) ကျုပ်ပြောတာကို ယုံပါ၊ ဒေါက်တာတို့ စာရွက်မှတ်တမ်းတွေကို နောက်ဆယ်နှစ်လောက်အထိ သုံးနေရဦးမှာပဲ" ဟု ပြောဘူးသည်။ ကွန်ပြူတာက ဒုက္ခပေးတိုင်း ထိုလူနာပညာရှိကို သတိရမိသည်။

ဒေါက်ထက်တို့ ဆရာဝန်များ ပြင်ပလူနာကြည့်လျှင် မှတ်တမ်းစာအုပ်အထူကြီးများကို လူနာမှတ်တမ်းဌာနမှ အဆင်သင့်ပို့ထားရသည်။ ယခုကား ထိုမှတ်တမ်းစာအုပ်များလည်းမကြာမှီ ပင်စင်အပေးခံရတော့မည် ထင်သည်။ မှတ်တမ်းအသစ်များကို ကွန်ပြူတာထဲထည့်ပြီးလျှင် မှတ်တမ်းစာအုပ်ထဲ ဖိုင်မတွဲကြတော့သည်မို့ မှတ်တမ်းစာအုပ်များကား အသုံးမဝင်တော့ချေ။

အောဒစ်လုပ်သည်တွင် အသုံးအဝင်ဆုံးက ရေဒီယိုနှလုံးဓာတ်မှန်ဌာနမှ ဒေါက်ထက်၏ တီထွင်မှု စာရင်းစာအုပ်ထူထူပင်ဖြစ်သည်။ ဒေါက်ထက်က ရှေးရိုးဆန်သည်ပြောပြော မှတ်တမ်းစာအုပ်ထားသည်ကို သဘောကျသည်။ လက်ရေးနှင့်ရေးထားသော မှတ်တမ်းများကို တကမ္ဘာလုံးရှိ ဟက်ကာများက ဟက်လုပ်နိုင်စရာမရှိ။ လွန်ခဲ့သည့် ၂နှစ်ကျော်ခန့်က NHS ဆေးရုံများကို အနုကြမ်း ပြန်ပေးဆွဲ ကွန်ပြူတာဗိုင်းရပ်စ် Ransomwear ဒုက္ခပေးသည်ကြောင့် ဆေးရုံကွန်ပြူတာများကို ပြင်ပကမ္ဘာနှင့် ဆက်သွယ်ခွင့် ခနရပ်သွားခဲ့သည်။ တချို့ဌာနများလည်း စက်များကို အသုံးမပြုပဲ ရပ်ထားရသည်။

ဒေါက်ထက်က ဌာန၏ မှတ်တမ်းစာအုပ်ကို မျဉ်းတားရင်း ဌာနမှ သူနာပြုအကူ ဂျန်းနစ်စ်ကို မျဉ်းလုံးတွေ တွေးဘူးလား မေးမိသည်။ ဒေါက်ထက်ကို မားစ်ဂြိုဟ်မှလာသည်အလား ကြည့်သည့်အကြည့်ကို တွေ့လိုက်ရသည်။ ဒေါက်ထက်လည်း ဌာနတွင်းအများသုံးအခန်းတွင် ချထားလေ့ရှိသော အခမဲ့ မက်ထရို Metro သတင်းစာကို အလိပ် လိပ်ပြီး မျဉ်းလုံးဖြစ်အောင် လုပ်လိုက်သည်။ မိတ်အင်ဒီတင်မျဉ်းလုံးဖြင့် ဌာနရှိ မှတ်စုစာအုပ်ထဲတွင် မျဉ်းများကိုလှလှပပ တားပြလိုက်သည်။ ဂျန်းနစ်က ပါးစပ်အဟောင်းသားဖြင့် မိမိကို လှမ်းကြည့်လိုက်သည်။"ဒီလူကတော့ မားစ်ကလာတာပဲနေမှာ"ဟု မှတ်ချက်ချင်လည်းချနေပါလိမ့်မည်။

ဒေါက်ထက်ငယ်ငယ်တုန်းက ရုံးအတော်များများကိ့ ကိစ္စအမျိုးမျိုးနှင့် ရောက်ဘူးစဉ်က မျဉ်းလုံးကလေးများကို စတင် တွေ့ဘူးခြင်း ဖြစ်ပါသည်။ ပျဉ်းမနားမြို့၊ အဖွားဒေါ်မြသန်း၏ မွေးစားသားဖြစ်သူ ဦးငွေထွန်းက ဘူတာဝင်းအရှေ့ဘက်တွင် သစ်တောရောင်းစက်တွင် စာရေးအလုပ် လုပ်ပါသည်။ သူ၏ရုံးခန်းသို့ရောက်လျှင် စာရင်းစာအုပ်ကို မျဉ်းတားသည်ကို မကြာခန တွေ့ရပါသည်။ မျဉ်းလုံးကလေးများကို ၁၉၇၀ ဝန်းကျင်က ရုံးအတော်များတွင် သုံးလေ့ရှိခဲ့သည်။ အဆော့သန်ခဲ့သော ဒေါက်ထက်ကမျဉ်းလုံးများကိုတွေ့လျှင်မနေနိုင်၊ မထိုင်နိုင် ခိုးပြီးကိုင်ကြည့်မိလေ့ရှိသည်။

မျဉ်းလုံးဆိုသည်မှာ တတောင်ခန့်ရှိ စက္ကူများကိုကျစ်နေအောင် လိပ်ထားပြီး ကော်နှင့်ကပ်ထားသည့် စက္ကူလိပ်အထူဖြစ်သည်။ထိပ်အဝက တလက္မလျော့လျော့ခန့်ရှိပြီး လက်ဖြင့် အသာဆကြည့်လျှင် လေးလေးပင်ပင်ရှိသည်။ ထိုခေတ်အခါက ပေတံဆိုသည်မှာ ရှားပါးပစ္စည်း ဖြစ်သည်။ ဒေါက်ထက်တို့ကျောင်းနေသည့်အရွယ်တွင်ကား သစ်သားပေတံများ စတင်ပေါ်လာသည်။ ပျဉ်းမနားမြို့၊ခေမာသီဝံကျောင်းအတွင်းတွင် သစ်သားပေတံစက်ရုံရှိခဲ့သည်။ နောက်ပိုင်တော့ ပလပ်စတစ်ပေတံတွေက အစားထိုးလာသည်။ အရင်ခေတ်က လယ်ဂျာစာရင်းစာအုပ်များမှာ တပေမက ရှည်သည်။ထို့ကြောင့် တပေခွဲခန့်ရှိသော မျဉ်းလုံးများက အသုံးဝင်သည်။ လယ်ဂျာစာအုပ်ကို အပေါ်အောက် မျဉ်းများဆွဲလျှင် လှိမ့်၍ဆွဲရသောကြောင့် အတော်ပင်လွယ်ကူပေသည်။

မကြာသေးမီက ဒေါက်ထက်တို့မိသားစုခရီးထွက်ကြရင်း ကယ်လီဖိုးနီးယားမှ ဘစ်ဂ်ဆား (Big Sur ) အမျိုးသားဥယျာဉ်ထဲက သစ်တောအုပ်ထဲတွင် တည်းခိုကြသည်။ ဖုန်းများသုံးမရ၊ အင်တာနက်လည်း မရှိသည်မို့ ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်သွားသည်။ သားတို့က သစ်သားမီးဖြင့် အသားကင်ရန် ထင်းတုံးတွေဝယ်ပြီးမီးမွှေးကြသည်။ သူတို့ကြိုးစားကြသော်လည်း မီးက အတော်နှင့် မွှေးမရ။ သူတို့က ထင်းမီးဆိုသည်မှာ မြင်ရုံမြင်ဘူးသည်မို့ အပြစ်ပြော၍တော့မရပါ။ ယခုခေတ်လူငယ်များက ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင် ကြီးလာကြရသည်ကိုး။ ငယ်ငယ်က အမေထမင်းဟင်းချက်လျှင် မီးမွှေးရင်း လုပ်ကူနေကျ ဒေါက်ထက်အတွက်က မီးမွှေးခြင်းသည် ထမင်းစားရေသောက်မို့ တောထဲမှ သစ်ကိုင်းခြောက်များကိုသုံး၍ သူတို့ဝယ်လာသော ထင်းများကို မီးမွှေးပေးလိုက်သည်။ ဆရာမြသန်းတင့်၏ "ဒါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်"ဝတ္ထုထဲမှ ဇာတ်ကောင် "သံချောင်း" ကိုသတိရမိသည်။ တောထဲတောင်ထဲတွင် ဒေါက်ထက်လည်း “ခေတ္တ သံချောင်း” လုပ်ခဲ့ရသည်။

ယခုခေတ်အခါတွင် ကွန်ပြူတာများကြောင့် အလုပ်လုပ်ရာတွင်၎င်း၊ ဆက်သွယ်ရာတွင်၎င်း အလွန်ပင် လျှင်မြန်လာပါသည်။ လူကြီးများက လူငယ်များကို ကွန်ပြူတာ၊ ခေတ်ပေါ်စမတ်ဖုန်းများနှင့်ပါတ်သက်လျှင် ဆရာတင်ရသောခေတ် ဖြစ်သည်။ ဒေါက်ထက်ထက် အသက်အနည်းငယ်ပိုကြီးသောဆရာဝန်တချို့ပင် ကွန်ပြူတာဖိုးဘီယား ကွန်ပြူတာကြောက်ရောဂါကြောင့် ပင်စင်စောစော ယူကြသည်။ ကွန်ပြူတာခေတ် စံနစ်အသစ်သည် ကောင်းသည့်အချက်များစွာရှိပါသည်။သို့သော်လည်း စံနစ်အဟောင်းကို အထင်သေးပြီး အဟောင်းအားလုံးကို လုံးဝမပစ်ပယ်သင့်ပါ။ဟောင်းသော်လည်း လက်တွေ့ အသုံးကျသည်များကိုလည်း ထိန်းသိမ်းစောင့်ရှောက်သင့်ကြပါသည်။ ရှေးထုံးလည်း မပယ်သင့်ပါ။ ကမ္ဘာကြီး၏ ကွန်ပြူတာကွန်ယက်သည်လည်း တချိန်တွင် မသမာသူ ဟက်ကာများ၏ အန္တရာယ်ကြောင့် တကမ္ဘာလုံး ဒုက္ခလှလှရင်ဆိုင်ကြုံတွေ့ရနိုင်သည်။ တခါက သံချောင်းတဘဝဒေါက်ထက်သည်ကား ကွန်ပြူတာသုံးရတိုင်း မျဉ်းလုံးလေးများကို သတိရနေပါဦးမည်။ ။

ဒေါက်ထက်(ယူကေ)