Breaking News

အေးငြိမ်း ● "မြန်မာပြည်သည် အလွန်အံ့သြစရာကောင်းသည့် တိုင်းပြည်တစ်ပြည်ဖြစ်သည်" ဆိုခြင်းအကြောင်း

အေးငြိမ်း ● "မြန်မာပြည်သည် အလွန်အံ့သြစရာကောင်းသည့် တိုင်းပြည်တစ်ပြည်ဖြစ်သည်" ဆိုခြင်းအကြောင်း
(မိုးမခ) ဇူလိုင် ၇၊ ၂၀၁၉

(၁)
တခါတခါ ကျွနု်ပ် အတော်စိတ်ပျက်မိ၏။ လူတို့သည် အဘယ်ကြောင့် ဤမျှပျက်စီးသွားကြရသနည်းဟုလည်း အဖန်ဖန် တွေးနေမိ၏။ ဤသည်မှာ နိုင်ငံကို စိတ်ကြိုက်ဖျက်ဆီးသွားခဲ့သော စစ်ခေါင်းဆောင်များကြောင့်လော။ ဤသည်မှာ အ ကြောင်းတစ်ခုဖြစ်ပါလိမ့်မည်။ သို့သော် ၎င်းတို့ကိုချည်း အပြစ်ပုံချလို့လည်း မရပါ။ ကိုယ်ကောင်းလျှင် ခေါင်းဘယ်မရွေ့ဟူ သော မြန်မာစကားပုံရှိ၏။ အလားတူပင် လူတင်ပါလို့ နွားကျားကိုက်တာဟုလည်း ရှိသေး၏။ ဆိုလိုသည်မှာ ဤကိစ္စများ၌ ကာယကံရှင်ကိုယ်နှိုက်က မကောင်း၍ ဤပြစ်မှုများကို ကျူးလွန်တာ ဖြစ်လေသည်။

ပို၍စိတ်ပျက်စရာကောင်းသည်မှာ ဤမျှဆိုးရွားလှသော ပြစ်မှုများကို ကျူးလွန်နေပါလျက် ထိုငရဲကောင်များကို မှတ်လောက် သားလောက်အောင် အပြစ်ပေးအရေးယူသည့် ဥပဒေ မြန်မာပြည်တွင် မပေါ်ထွန်းသေးတာ ဖြစ်ပါသည်။ ပိုဆိုးသည်မှာကား ဥပဒေရှိသည့်တိုင် ကျူးလွန်ဖောက်ဖျက်သူကို မည်ကဲ့သို့ အပြစ်ပေးသည်ဟူသည်မှာ ဤသူသည် မည်သူဖြစ်သနည်း ဆို သည့်အပေါ် မူတည်နေတာဖြစ်၏။ ဤသည်ကပင် ထိုမကောင်းဆိုးရွားများကို ဒုစရိုက်မှုများ ဆက်လက်ကျူးလွန်နေရန် အခွင့်အလမ်းတစ်ခု ဖန်တီးပေးထားသလို ဖြစ်နေလေသည်။

သေဒဏ်ကို ၅ ခါလောက်ပြန်ချတာ ဤကမ္ဘာပေါ်တွင် မြန်မာပြည်တစ်ခုတည်းသာ ရှိ၏။ ကျွနု်ပ်တို့ မြန်မာပြည်ကြီးသည်ကား ကမ္ဘာ့အကြင်နာတရား အပြည့်ဝဆုံးနိုင်ငံကြီး ဖြစ်လေသည်။ လူလားမမြောက်သေးသည့် ကလေးငယ်များကို မုဒိန်းကျင့်ခြင်း အား သြော် ... သူတို့ခမျာ၊ စိတ်မထိန်းနိုင်လို့ အလွယ်တကူရတဲ့ ကလေးတွေကို လုပ်ရပေတာပဲဟု ခွင့်လွှတ်ထားလေသည်။ အံ့သြဘွယ်ကောင်းလေစွ၊ စိတ်ပျက်ဘွယ်ကောင်းလေစွ။ ရင်နာစရာ ကောင်းလေစွတကား။

(၂)
သက်ငယ်မုဒိန်းမှုတွေကို သေဒဏ်ပေးဘို့အဆိုကို ကျွနု်ပ်က ၇၀၀ % သဘောတူပါသည်။ ၎င်းတို့ကို တစ်ခါသာမဟုတ်၊ ခုနစ်ခါပြန် သတ်သင့်သည်ဟု ဆိုလိုခြင်းဖြစ်သတည်း။

ဤအမှုများ အဘယ်ကြောင့် ဤမျှများနေရဘိသနည်း။ အဘယ်ကြောင့် မကြာခဏဖြစ်နေရဘိသနည်း။ အဖြေမှာရှင်းပါသည်။ အမှုများကို နိုင်နိုင်နင်းနင်း မကိုင်တွယ်သောကြောင့်။ ကျူးလွန်သူများကို မှတ်လောက်သားလောက်အောင် အပြစ်ပေး အ ရေးယူတာတွေ မလုပ်သောကြောင့်ဖြစ်၏။ ပူးတွဲပါ သတင်းများကို ကြည့်ပါ။

အံ့သြစရာကောင်းသည်မှာ လူတို့၏ ပျက်စီးယိုယွင်းနေသည့်စိတ်ဓာတ်များ ဖြစ်၏။ ကျွနု်ပ်သာ ဤကျောင်း၏ ကျောင်းအုပ်ဖြစ် လျှင် ထိုအမှုကို မပေါ်ပေါ်အောင် ကျွနု်ပ်ကိုယ်တိုင် ငွေအင်အား၊ လူအင်အား အပြည့်သုံးကာ ဖော်ထုတ်ပါမည်။ ကျူးလွန်သူ ကိုလည်း ကျွနု်ပ်ကိုယ်တိုင် တရားစွဲပါမည်။ ထောင်ချပါမည်။

ယခုတော့ ပြောင်းပြန်ဖြစ်၏။ ကိုယ့်ကျောင်းမှာ မုဒိန်းမှုဖြစ်သွားတာတောင် ငါတို့ကျောင်းကို ဂုဏ်သရေညှိုးနွမ်းအောင်လုပ်သူများကို တရားစွဲမည်ဟု ခြိမ်းခြောက်လိုက်သေး၏။ သူခိုးကလူဟစ်၊ မည်မျှ တရားမဲ့လိုက်ပါသနည်း။ မိမိတို့ကျောင်း တွင်ဖြစ်ခဲ့သည့် အမှုအတွက် မိမိတို့ဂုဏ်သရေကိုဆယ်ရန် မိမိတို့ကိုယ်တိုင် ကြိုးစားအားထုတ်ရမည့်အစား ဆရာမ ဆိုသူ ကစ၍ ဖုံးဖိရန်ကြိုးစားသည်။ ၎င်းတို့ကို လူအစစ်မှဟုတ်ပါလေစဟု ကျွနု်ပ်ကတော့ သံသယရှိ၏။

အစိုးရမင်းများမှာလည်း မည်မျှ အလုပ်ကြိုးစားလိုက်ကြသနည်းဟူမူ သည်မျှ ဟိုးလေးတကျော်ကျော် ဖွင့်ထားသည့် ကျောင်းကြီးကို လိုင်စင်ရှိမှန်းမသိ၊ မရှိမှန်းမသိ။ ကလေးကို မုဒိန်းကျင့်ခံရတော့မှ ဟဲ့၊ လုပ်ကြပါအုံးဟဲ့။ အဲဒီကျောင်းက တရားမဝင်ဖွင့်ထားတဲ့ ကျောင်းဆိုပါလားဟု တရေးနိုးဖော်ရသည်။ ၎င်းတို့အား ပေးထားရသည့်လခများကို ကျွနု်ပ် နှမြော လိုက်ပါဘိ။

ဖေ့စ်ဘုတ်အစိုးရဟု စွပ်စွဲပြန်လျှင်လည်း ၆၆ (ဃ) ဆိုကာ တရားကစွဲဦးမည်။ ဖေ့စ်ဘုတ်သာမရှိပါက မြန်မာပြည်သားတို့၏ ဘဝမှာ တွေးရဲစရာတောင်မရှိ။ ဖေ့စ်ဘုတ်က အော်လို့သာ ကျွနု်ပ်တို့ ထိုအကြောင်းများကို သိခွင့်ရသည်။ ဖေ့စ်ဘုတ်သာ မရှိပါက ထိုအမှုများမှာ လူမသိသူမသိ သည်အတိုင်း တိုးတိုးတိတ်တိတ် ပြီးသွားနိုင်စရာရှိလေသည်။

သည်လိုအမှုမျိုးဆိုတာ နောက်ကြောင်းမအေးသည့် အမှုဖြစ်၏။ သည်ကလေးမလေး တစ်ဘဝလုံးစာကို ထိခိုက်နိုင်သည် ဆိုတာ သိထားကြရမည်။ အားနည်းသူကို ဝိုင်းနှိမ်ကြ၊ ကဲ့ရဲ့လှောင်ပြောင်ကြ၊ နှုတ်ခမ်းမဲ့ကြ၊ ချောက်တွန်းကြ၊ ကဲ့ရဲ့သြင်္ဂိုဟ် အတင်းဆိုတတ်ကြသည့် မြန်မာ့ လူဘောင်မှာ ထိုကလေးမကလေး ဘဝတစ်လျှောက်လုံး သိမ်ငယ်စွာ နေသွားရနိုင်သည်။
အခွင့်ရတိုင်း . . အဲဒီကောင်မလေ . . ငယ်ငယ်တုံးက . . . ဆိုသည့် မကြားဝံ့မနာသာတွေကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တမျိုး ကြားရနိုင်သည်။

ကျွနု်ပ်တို့ပြည်သူများကတော့ တာဝန်ကျေပါသည်။ ရသမျှသတင်းတွေ တင်ကြသည်။ ကာတွန်းတွေ ရေးကြသည်။ ပို့စ်တွေ ရေးကြသည်။ ဆန္ဒပြပွဲတွေလုပ်ကြသည်။ ကျွနု်ပ်ကတော့ ကျွနု်ပ်တို့ပြည်သူများကို အားရပါသည်။ ကိုယ်နှင့်မဆိုင်သလို ဘာသိဘာသာနေရက်အားသည့် အစိုးရမင်းဆိုသူများကိုသာ ဖနောင့်နှင့် ပေါက်ချင်မိလေ၏။

ကိုင်း ကိုင်း ဒီလောက်နဲ့ ဘရိတ်အုပ်ထားမှ။ အခုတောင် ၆၆ စော်နံလာပြီ။ ရုံးတို့ဂါတ်တို့ဆိုတာ အလည်အပတ်တောင် သွားဖို့ကောင်းသည့်နေရာများမဟုတ်။

ကျွနု်ပ်တို့ မြန်မာပြည်သူပြည်သားများသည် ဤဒုက္ခများမှ ကင်းဝေးကြပါစေ ဟု လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါသည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၆ ဇူလိုင်၊ ၂၀၁၉

စာကြွင်း
ပထမ ထိုသူများကို Blood Eagle နည်းဖြင့် အပြစ်ပေးစေချင်သည်ဟု ရေးထားတာကို ပြန်ဖြုတ်လိုက်ပါသည်။ မိတ်ဆွေတို့ ဗဟုသုတရအောင် Viking တို့၏ Blood Eagle အကြောင်း မိတ်ဆက်ပေးလိုက်ပါသည်။

Vikings ဇာတ်ကားထဲ၌ Blood Eagle ဆိုတာပါသည်။ လူကို ရက်ရက်စက်စက် သတ်ပစ်ခြင်း ဖြစ်၏။ လူကို အရှင်လတ်လတ် ကားကျက်ကာ နောက်ဘက်မှနေ၍ နံရိုးများအားလုံးကို ခုတ်ဖြတ်သည်။ ထို့နောက် အဆုတ်စသည့် ကိုယ်တွင်းကလီစာများကို ထုတ်ကာ ထိုနံရိုးများအား လင်းယုန်အတောင်ပံများဖြန့်သကဲ့သို့ ဖြန့်ပြီး မချိမဆန့် ဝေဒနာ ခံစားရစေလျက် ဖြည်းဖြည်းချင်း သေစေတာ ဖြစ်ပါသည်။

Ragnar Lothbrok က ၎င်းအားသစ္စာဖောက်သူ Jarl Borg ကို ဤနည်းဖြင့် သတ်သည်။ ရဂ်နာကို ရက်ရက်စက်စက် သတ်ပစ်သူ အင်္ဂလိပ်ဘုရင် King Aelle မှာလည်း ရဂ်နာ၏သားများက Blood Eagle နည်းဖြင့် သတ်ခြင်းကို ခံရလေသည်။