Breaking News

မောင်လူပေ - ကုန်သွယ်ရေးစစ်ပွဲကြောင့် ဗီယက်နမ်တွင်လုပ်သည်ဆိုတဲ့ အိုင်ဖုန်းတွေ မြင်ရတော့မယ်


မောင်လူပေ  - ကုန်သွယ်ရေးစစ်ပွဲကြောင့် ဗီယက်နမ်တွင်လုပ်သည်ဆိုတဲ့ အိုင်ဖုန်းတွေ မြင်ရတော့မယ်
မိုးမခ၊ ဩဂုတ် ၁၊ ၂၀၁၉


ဆမ်ဆောင်း (Samsung) ဟာ သူ့ရဲ့လက်ကိုင်ဖုန်းတစ်ဝက်လောက်ကို ဗီယက်နမ်မှာ ထုတ်လုပ်နေတာမို့ တရုတ်ကုန်ပစ္စည်းတွေကို ချမှတ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ကုန်သွယ်မှုအထူးအခွန်ကိုရှောင်ရှားနိုင်တယ်။ အခုတော့ ပန်းသီး (Apple)ကုမ္ပဏီလည်း သူ့နောက်ကို လိုက်တော့မယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ချိုင်းနားကြီးတို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲမှာ ကြားကနေ အမြတ်ထွက်သွားတာ ဗီယက်နမ်ပါ။ အမေရိကန်ပြည်ထောင်စုရဲ့ အထူးအခွန်ကိုရှောင်ဖို့ ချိုင်းနားကြီးထဲကစက်ရုံတွေ ဗီယက်နမ်ဆီ ရွှေ့ခဲ့ကြတယ်။ ရွှေ့နေကြဆဲ။

ကမ္ဘာ့အကြီးမားဆုံးဖုန်းကုမ္ပဏြီဖစ်တဲ့ ဆမ်ဆောင်း( Samsung)ဟာ သူ့ရဲ့ လက်ကိုင်ဖုန်းထက်ဝက်ကို ဗီယက်နမ်မှာ ထုတ်လုပ်နေတာမို့ အလုပ်သမား တစ်သိန်းကို အလုပ်ပေးထားပြီး နိုင်ငံရဲ့လစာသုံးပုံတစ်ပုံနီးပါးဖြစ်တဲ့ အမေရိကန်ဒေါ်လာ(၂၂၀)ဘီလီယံကို ပေးနေလေရဲ့။

ဆမ်ဆောင်းက ဗီယက်နမ်ကို မရွှေ့မီ မြန်မာပြည်ကို လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်က လာဆွေးနွေးခဲ့တယ်လို့ အဲဒီအချိန်က ကြားသိခဲ့ရဖူးတယ်။ ဗိုလ်ချုပ်ကြီးတွေနဲ့ ခရိုနီမိသားစုတွေ လက်ဝါးကြီးအုပ်ထားတဲ့ စက်မှုဇုံတွေက မိုးထိုးနေတဲ့ မြေငှားခတွေ၊ လျှပ်စစ်မီး မလုံလောက်မှုတွေ၊ မတည်ငြိမ်တဲ့ ဥပဒေတွေ၊ အကျင့်ပျက်မှုတွေတွေ့ပြီး လန်ထွက်သွားခဲ့သတဲ့။ ဒီလိုနဲ့ မြန်မာပြည်ဟာ အခွင့်အရေးကောင်းကြီးတစ်ခု လက်လွတ်ခဲ့ရတယ်။

အခု သူ့ရဲ့နောက်ကိုလိုက်ဖို့ ကမ္ဘာကျော်ပန်းသီး( Apple )ကုမ္ပဏီကလည်း ကြိုးစားနေပြီ။ မြေငှားပြီးနေပြီဖြစ်တယ်။ Apple ဖုန်းတွေကို အိန္ဒိယနဲ့ ဗီယက်နမ်မှာ ခွဲပြီးထုတ်လုပ်မယ်တဲ့။

သူတို့အပြင် အခြားကုမ္ပဏီတွေအများကြီး ဗီယက်နမ်မှာ ပစ္စည်းတွေထုတ်လုပ်နေတယ်။ ဂိမ်းကစားပစ္စည်းတွေထုတ်တဲ့ ဂျပန်က နီတန်းဒိုး( Nintendo)ကုမ္ပဏီလည်း သူ့ထုတ်လုပ်မှုကို ဗီယက်နမ်ဆီ အမြန်ရွှေ့နေကြတယ်။ ကမ္ဘာကျော် နိုက်ကီ(Nike)၊ အက်ဒီဒက်(Adidas) စတဲ့ ဖိနပ်ကုမ္ပဏီတွေဆိုရင်လည်း သူတို့ရဲ့ ထုတ်ကုန်ထက်ဝက်ကို ဗီယက်နမ်မှာ ထုတ်လုပ်နေတယ်။

စက်ရုံအလုပ်ရုံတွေများလာတဲ့အတွက် လမ်းတွေ၊ ဆိပ်ကမ်းတွေ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးေတွကို အစိုးရက တိုးချဲ့ခြင်းတွေ လုပ်နေတဲ့အပြင် ကမ္ဘာ့နိုင်ငံတွေနဲ့ အခွန်လျှော့ချရေးအတွက်ဆွေးနွေးေနတယ်။ ဥရောပသမဂ္ဂနဲ့ အရင်လကပဲ အခွန်လျှော့ဖို့ သဘောတူညီချက် ရခဲ့ကြတယ်။

အမေရိကန်သမတထရန့်က ဗီယက်နမ်ကိုပါ အထူးအခွန်ကောက်မယ်လို့ ချိမ်းခြောက်ထားပေမဲ့ တကယ်လုပ်မဲ့ပုံ မရှိသေး။ တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်ပြင်းထန်တဲ့ ဗီယက်နမ်ကို သူ့မဟာမိတ်အဖြစ် သဘောထားတာ သိသာပါတယ်။ အရင်ကရန်သူတွေဟာ အခု မိတ်ဆွေကောင်းတွေ ဖြစ်နေပြီ။ ဗီယက်နမ်ဟာ အရှေ့တောင်အာရှရဲ့ အီလက်ထရောနစ်စင်တာ ဖြစ်လာနေတာအမှန်ပဲ။ စက်ရုံသစ်ငှားဖို့ မလုံလောက်လို့ စျေးတွေအဆမတန်ကြီးနေပေမဲ့၊ ကျွမ်းကျင်အလုပ်သမားများ ရှားပါးနေသေးပေမဲ့၊ စက်ရုံသစ်တွေ အများကြီး တိုးလာနေတာ တွေ့နေရတယ်။

၁၉၇ဝပြည့်နှစ်တွေမှာ လှေစီးဒုက္ခသည်တွေနဲ့ ပြည့်နေတဲ့ စစ်ဒါဏ်ခံနိုင်ငံဟာ ပြာပုံဘဝက ရုန်းထပြီး စက်မှုနိုင်ငံသစ်ဆီ ချီတက်နေလေရဲ့။

ကျွန်တော်တို့ မြန်မာပြည်ရော ဘာတွေတိုးတက်လာပြီလဲ။ ပြည်သူ့အစိုးရနဲ့ တပ်မတော် အစီးမကပ်သေး။ ထင်ရာစိုင်းနေတဲ့ သူတို့ကြောင့် နာမည်ဆိုးထဲက ရုန်းမထွက်နိုင်သေး။ အစိုးရဝန်ထမ်းအရေခြုံထားတဲ့ အသွင်ပြောင်းအချို့နဲ့ အရိုးအရင်းကိုက်တွေကလည်း အရင်လိုလုပ်စားမရကြတာမို့ အစိုးရကို ကန့်လန့်တိုက်နေကြဆဲ။ ဒီလိုနဲ့ သာမန်ပြည်သူတွေမှာ ဆင်းရဲတွင်းထဲက ရုန်းမထွက်နိုင်ကြတော့။ ရင်းနှီးမြှုပ်နှံမှုတွေက မြန်မာပြည်ရဲ့ နာမည်ဆိုးကြောင့် မရောက်လာကြတဲ့အခါ တရုတ်အားထား၊ တရားအားထုတ်ဘဝကို ဆက်လက်၍ လျှောက်နေကြဆဲပါပဲ။

အရှေ့တောင်အာရှ အဖွဲ့ဝင်နိုင်ငံခြင်းတူပေမဲ့၊ အရင်က ဆင်းရဲခဲ့တာခြင်း တူပေမဲ့ ဗီယက်နမ်ကတော့ မြန်မာပြည်ရဲ့ရှေ့ကို အများကြီး ရောက်နေပြီ။ မြန်မာတွေ ဘာလုပ်ကြမလဲ။ ပြည်သူ့အစိုးရလုပ်သမျှကို ဆက်လက်ဆန့်ကျင်နေကြမှာလား။ တိုင်းရင်းသားတွေ အချင်းချင်း ဆက်ပြီး  ရန်ဖြစ်နေကြဦးမှာလား။ ထင်ရာစိုင်းနေကြဦးမယ်ဆိုရင်တော့ နိုင်ငံထဲမှာအလုပ်မရှိတဲ့အတွက် သခင်မျိုးတွေ မျိုးချစ်ကြီးတွေ ဗီယက်နမ်မှာ အလုပ်သမား သွားလုပ်ကြတာပေါ့လေ။ ပျော်ပျော်ပါးပါးပေါ့။

ချစ်တဲ့ မောင်လူပေ
ကိုးကား
https://www.google.com/amp/s/www.nytimes.com/2019/07/30/technology/trump-trade-war-vietnam.amp.html