Breaking News

ဦးသက်လယ်နှင့်မောင်မိုးသူ




ဦးသက်လယ်နှင့်မောင်မိုးသူ

(မိုးမခ) ဩဂုတ် ၁၇၊ ၂၀၁၉

ဦးသက်လယ်ဆိုတာ ရုပ်ရှင်ဒါရိ်ုက်တာ ဦးသက်လယ်ဖြစ်ပါတယ်၊ ရုပ်ရှင်လောကမှာ အောင်မြင်ပြီး ဒါရိုက်တာတစ်ဦးဖြစ်ပါတယ်၊ ဦးသက်လယ်ဟာ ဒါရိ်ုက်တာအဖြစ် လူတော်လူတတ်တစ်ဦးအဖြစ်နာမည်ကြီး သူတစ်ဦးဖြစ်ပါတယ်၊ မောင်မိုးသူထက် အများကြီးစောစီးသောကာလက ရုပ်ရှင်လောကမှာအောင်မြင်နေသော ဒါရိ်ုက်တာတစ်ဦးဖြစ်ပါတယ်၊ မောင်မိုးသူရုပ်ရှင်လောကကို ရောက်ရှိလာတဲ့အခါမှာ ရုပ်ရှင်လောကသားများနှင့် သိကျွမ်းခင်မင်ခဲ့ရပါတယ်၊ အဲဒီထဲမှာ ဦးသက်လယ်တစ်ယောက်လည်းအပါအဝင်ဖြစ်ပါတယ်၊ ဦးသက်လယ်ကို လူပုဂိုလ်အရ ရင်းနှီးခင်မင်သိကျွမ်းရသူတစ်ဦးဖြစ်ရာက ရုပ်ရှင်အလုပ်နဲပတ်သက်ပြီး သိကျွမ်းခင်မင်လာခဲ့ရတဲ့ အကြောင်းကတော့ ဒါရိ်ုက်တာဦးသက်လယ်ရိ်ုက်ကူးတဲ့ “သီတာပြုံး” ဇာတ်ကားရဲ့ နောက်ဆုံးဇာတ်သိမ်းခန်း ရိ်ုက်ကူးစဉ်မှာ ဆုံကြရတာကို မောင်မိုးသူမှတ်မိသလိုလိုပဲ၊ သီတာပြုံး ရုပ်ရှင်ဇာတ်ကားက နာမည်ကြီး စာရေး ဆရာကြီးသိန်းဖေမြင့်ရဲ့ ကျော်ကြားတဲ့ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်၊ မောင်မိုးသူဖတ်ဖူးပါတယ်၊ 

သီတာပြုံး ဇာတ် ကားရဲ့ နောက်ဆုံးဇာတ်သိမ်းခန်းကို အင်လျားလမ်းက အိမ်တစ်အိမ်မှာ ရိ်ုက်ကူးရတာကို မှတ်မိပါတယ်၊ ပါဝင် သူများကတော့ ကောလိပ်ဂျင်နေဝင်း၊ ခင်သန်းနု၊ ဗိုလ်မှူးဘကိုတို့ဖြစ်ပါတယ်၊ ဒါရိ်ုက်တာက ဦးသက်လယ်၊ ကင်မရာမန်းက မောင်မောင်မြင့်ဖြစ်ပါတယ်၊ အားလုံးအားလုံးသော ပညာသည်များဟာ ခင်မင်ရင်းနှီးနေသူများ ဖြစ်တဲ့အတွက် ဦးသက်လယ်က မောင်မိုးသူကို ရိုက်ကွင်းကိုလိုက်ဖို့ ခေါ်တဲ့အခါမှာ မောင်မိုးသူလည်း အလွယ် တကူပဲလိုက်သွားမိပါတယ်၊ ရိုက်ကွင်းမှာပါတဲ့ ဒါရိုက်တာ မင်းသားမင်းသမီး၊ ကင်မရာမန်းကအစ အားလုံးနဲ့ ခင်မင်ပြီးသားဖြစ်နေပါတယ်၊ 

ရိုက်ကွင်းကတော့ “သီတာပြုံး” ရဲ့ဇာတ်ကားရဲ့ အထွတ်အထိပ် အခန်းဖြစ်ပါ တယ်၊ သီတာပြုံး ဇာတ်ကားမှာ သုဘရာဇာကြီးအခန်းက ပါဝင်သရုပ်ဆောင်ရသူက ဗိုလ်မှူးဘကိုဖြစ်ပါတယ်၊ တကယ်တော့ သုဘရာဇာကြီး ဗိုလ်မှူးဘကိုဟာ သေကောင်ပေါင်းလဲ အိပ်ရာထဲမှာနေရတဲ့အချိန်ဖြစ်ပါတယ်၊ သူ့သမီးအရင်းဖြစ်သူက ခင်သန်းနုဖြစ်ပါတယ်၊ ခင်သန်းနုဟာ ယခုမှ သုဘရာဇာကြီး ဗိုလ်ဘကိုကို သူမရဲ့ ဖခင်အဖြစ်သိရသူဖြစ်ပြီး မကွယ်လွန်မီ နံဘေးမှ ပုဂိုလ်များအရတိုက်တွန်းချက်အရ ဖေဖေလို့ သုံးခွန်းခေါ်ရ တဲ့အခန်းဖြစ်ပါတယ်၊ ဦးသက်လယ်ဟာ အင်မတိအင်မတန် ဇီဇာကြောင်တဲ့ ဒါရိုက်တာတစ်ဦးဖြစ်လေတော့ အဲဒီ ဖေဖေလို့ သုံးခွန်းခေါ်ရတဲ့အခန်းကို မောင်မိုးသူတို့တတွေ မိုးထိန်ထိန်လင်းအောင် ရိ်ုက်ကူးရပါတယ်၊ အားလုံး ပင်ပန်းကြီးစွာဖြတ်သန်းကြရပါတယ်၊ 

အဲဒီလိုနဲ့ ဦးသက်လယ်နှင့်သိကျွမ်းရာက နောက်တဆင့်တိုး ပြီးပတ်သက်ဖို့ဖြစ်လာတာက ဦးသက်လယ်ဟာ ဒါရိုက်တာကြီး ဦးဉာဏရဲ့ တပည့်တစ်ဦးဖြစ်ပြီး ဒါရိ်ုက်တာ ကြီးဦးဉာဏက လူငယ်များကို ဇာတ်ညွှန်းနှင့်ဒါရိ်ုက်တာသင်တန်းပေးသူတစ်ဦးဖြစ်ပါတယ်၊ ဦးဉာဏကွယ်လွန် သွားတဲ့အခါမှာ အဲဒီသင်တန်းကို ဦးသက်လယ်က တာဝန်ယူဖို့ဖြစ်လာပါတယ်၊ ဦးသက်လယ်က ရုပ်ရှင်စာအုပ် စာတန်းများ ဖတ်ရှုလေ့လာရာမှာ အသိအမြင် အတွေ့အကြုံများတဲ့ မောင်မိုးသူကို အဲဒီသင်တန်းမှာ သင်ကြား ပေးဖို့ ချောဆွဲပါတယ်၊ 

အကြောင်းတိုက်ဆို်ုင်စွာပဲ မောင်မိုးသူအိမ်မှာ ဟောလိဝုဒ်က ထုတ်တဲ့ ဇာတ်ညွှန်း ရေးသားနည်း( SCREEN PLAY WRITTING) ရှိနေတာ ဦးသက်လယ်ကတွေ့သွားပါတယ်၊ အဲဒီဇာတ် ညွှန်းရေးနည်းစာအုပ်ဟာ ဇာတ်ညွှန်းနဲ့ပတ်သက်ပြီး တော့ အခြေခံအတတ်ပညာများကို ပို့ချပေးတဲ့စာအုပ်ဖြစ်ပါ တယ်။ ဇာတ်ညွှန်းအမျိုးအစားများ ဘယ်လိုဘယ်ပုံရှိတယ် ဘယ်လိုဘယ်ပုံရေးသားရတယ်ဆိုတာကို ညွှန်ကြား တဲ့စာအုပ်ပဲ၊ အခြေခံ သဘောတရားကို တင်ပြတာဖြစ်ပြီး အနုပညာမြောက်အောင် စွမ်းဆောင်နိုင်မှုကတော့ သင်ကြားသူရဲ့ အရည်အသွေးဖန်တီးမှုအပေါ် ဆက်လက်တည်မီမှာဖြစ်ပါတယ်၊ ဦးသက်လယ်တာဝန်ပေးထား တဲ့ မောင်မိုးသူရဲ့ အဲဒီဒါရိုက်တာသင်တန်းက မောင်မိုးသူနဲ့ အသက်အရွယ်မတိမ်းမယိမ်းရှိတဲ့ လူငယ်များကို ခပ်တည်တည်သွားရောက်ပို့ချရပါတယ်၊ လက်ကိ်ုင်စာအုပ်ရှိပြီးဖြစ်လေတော့ သင်ကြားပို့ချရာမှာ အခက်အခဲမ ရှိလှပါဘူး၊ အဲဒီလို အဲဒီလို ဒါရိုက်တာဦးသက်လယ်ရဲ့ “သီတာပြုံး” ဇာတ်ကားရဲ့ ဇာတ်သိမ်းကို မိုးလင်းပေါက် လိုက်လံရိုက်ကူးပေးရာက ဦးသက်လယ်ရဲ့ ဇာတ်ညွှန်းသင်တန်းမှာ ခပ်တည်တည်နဲ့ သင်တန်းလက်ထောက် ဆရာဆိုပြီး သွားရောက်သင်တန်းပေးမိရာက ဦးသက်လယ်နဲ့ ပိုမိုရင်းနှီးပတ်သက်လာရတာဖြစ်ပါတယ်၊ 

 အဲဒီ အချိန်က မောင်မိုးသူဟာ အမှတ် (၉၃)အိစ္ဆာသရ လမ်း မြေဆိုက်နှစ်ခန်းတွဲအိမ်လေးရဲ့ တခြမ်းမှာ နေထိုင်သူ ဖြစ် ပါတယ်၊ အဲဒီအိမ်လေးမှာ တယ်လီဖုန်းလည်းရှိလေတော့ ရုပ်ရှင်လောကသားများနဲ့ဆက်သွယ်ရတာအ ဆင်ပြေ ပါတယ်၊ အဲဒီအချိန်က ဦးသက်လယ်က ဂွတ္တလစ် ရပ်ကွက်ထဲမှာ နေထိုင်နေတယ်လို့ မှတ်သားရဖူး ပါတယ်၊ တနေ့တော့ ဦးသက်လယ် မောင်မိုးသူအိမ်ကိုရောက်လာပါတယ်၊ ဦးသက်လယ်ဟာ မောင်မိုးသူကို ချစ်စနိုး မောင်မိုး ငမိုးလို့ ချစ်စနိုးခေါ်လေ့ရှိပါတယ်၊ 

မောင်မိုးသူအိမ်ကိုရောက်လာတဲ့ ဦးသက်လယ်ရဲ့ လာရင်း အ ကြောင်းအရင်းကဒီလိုပါ၊ ဦးသက်လယ်က မန္တလေးက စာရေးဆရာကြီး မြမျိုးလွင်ရဲ့ တစ်လိမ်နှစ်လိမ် ဝတ္ထု ကို ရုပ်ရှင်ရိုက်ကူးဖို့ လိုချင်တာတဲ့၊ လိုချင်ပုံကလည်း အခုချက်ချင်းကို မြမျိုးလွင်ဆီက ခွင့်ပြုတောင် ခွင့်ပြချက် လို ချင်တာတဲ့၊ မောင်မိုးသူဟာ ဆရာကြီး မြမျိုးလွင်နဲ့ ခင်မင်ရင်းနှီးသူဖြစ်ပါတယ်၊ ဆရာကြီးမြမျိုးလွင်ဟာ မောင်မိုး သူရဲ့ဖခင်နဲ့ သူငယ်ချင်းဖြစ်ပါတယ်၊ ဆရာကြီးမြမျိုးလွင်ဟာ လီဇူစာ ဆေးကုမဏီရဲ့ ဆေးကိုယ်စား လှယ်တစ်ဦး ဖြစ်ပြီး ဆရာကြီးမြမျိုးလွင်တို့ဇနီးမောင်နှံဟာ အဲဒီဆေးကို ရောင်းချနေကြသူဖြစ်ပါတယ်၊ မန္တလေး စာပေလော ကမှာ မောင်မိုးသူ ကျင်လည်စဉ်ကပင် မောင်မိုးသူနဲ့ ခင်မင်ခဲ့သူတစ်ဦးဖြစ်ပါတယ်၊ ဦးသက်လယ် က ဆရာကြီး ရဲ့ တစ်လိမ်နှစ်လိမ် ဝတ္ထုကို ချက်ချင်း ရချင်တယ် လိုချင်တယ်ဆိုလို့ မောင်မိုးသူက မန္တလေးဥ ယျာဉ်တန်းက အိမ်မှာရှိတဲ့ အမဆီကိုဖုန်းဆက်ရပါတယ်၊ ဖုန်းဆက်ပြီး မောင်မိုးသူအမက ဆရာလွင်ဆီကိုသွား ဆရာလွင်ရဲ့ တစ်လိမ်နှစ်လိမ် ဝတ္ထုကို မောင်မိုးသူဇာတ်ညွှန်းရေးရဖို့ခွင့်တောင်း၊ ဒါရိုက်တာက ဦးသက်လယ် ရိုက်ကူးမှာဖြစ် တဲ့အကြောင်း သွားရောက်ခွင့်တောင်းစေပါတယ်၊ မောင်မိုးသူရဲ့အမ မမစိန်က ဆရာလွင်ဆီ သွားရောက်ပြိီခွင့် တောင်းတဲ့အခါ ဆရာလွင်က ချောချောချည်ချည်ခွင့်ပေးတဲ့အကြောင်း ပြန်ကြားပါတယ်၊ ဒါနဲ့ပဲ ဆရာမြမျိုးလွင် ရဲ့ တစ်လိမ်နှစ်လိမ် ဝတ္ထုကို မောင်မိုးသူက ဇာတ်ညွှန်းရေးသားဖို့ဖြစ်လာပါတယ်၊

 မြမျိုး လွင်ရဲ့ တစ်လိမ်နှစ်လိမ် ဝတ္ထုဟာ နေ့စဉ်သတင်းစာမှာ ဆရာလွင်အခန်းဆက်ရေးသားခဲ့တဲ့ ဝတ္ထုဖြစ်ပါတယ်၊ ဆရာလွင်ရဲ့ အခန်းဆက် ဝတ္ထုဟာ ဘယ်လောက်ပဲစွဲဆောင်ချက်ရှိသလဲဆိုရင် မန္တလေးကနေပြီး တနေ့တနေ့ ေ၇းသားပေးပို့လိုက်တဲ့ တစ်ရက်စာ တစ်လိမ်နှစ်လိမ် ဝတ္ထုဇာတ်လမ်းများကို သတင်းစာစာစီသမားများက သူထက်ငါအရင်ဦးအောင် စာမူရဖို့ကြိုးစားကြသတဲ့ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဝတ္ထုရဲ့ တစ်ရစ်ချင်းဆက်လက် ဖြစ်ပေါ်နေသည်ကို သိချင်စိတ်ကဲနေကြလို့ဖြစ်ပါတယ်၊ မြမျိုးလွင်ရဲ့ တစ်လိမ်နှစ်လိမ် မူရင်းဝတ္ထုကို စာပလွေကိုဦးကို ရှာခိုင်းရပါတယ်၊ မောင်မိုးသူတို့ခေတ်မှာ စာပလွေကိုဦးဆိုတာ စာအုပ်စာပေများကို စုဆောင်း နိုင်တဲ့သူ အရောင်းအဝယ်လုပ်သူတစ်ဦးဖြစ်ပါတယ်၊ ကိုဦးရဲ့ ထံမှ တစ်လိမ်နှစ်လိမ် သတင်းစာမှာ ပါဝင်ခဲ့တဲ့ ဇာတ် လမ်းအစအဆုံးရရှိပါတယ်၊ 

အဲဒီ တစ်လိမ်နှစ်လိမ် ဝတ္ထုစာအုပ် နန္ဒဝန်စာအုပ်တိုက်က ကိုခင်မောင်ကို ပေးထုတ်ဖို့မောင်မိုးသူကပေးပါတယ်၊ စာအုပ်ထွက်လာတော့ ရုပ်ရှင်မင်းသားမင်းသမီးပုံများနှင့်ဖြစ်ပါတယ်၊ တစ်လိမ်နှစ်လိမ် ဇာတ်ကားကို ဦးသက်လယ်ရဲ့ မိုးကောင်းရုပ်ရှင်မှ ရိ်ုက်ကူးမှာဖြစ်ပြီး အဲဒီဇာတ်ကားရဲ့ ထုတ် လုပ်သူကတော့ မခင်မာလာ(ကောလိပ်ဂျင်နေဝင်းဇနီး)က ထုတ်လုပ်မှာဖြစ်ပါတယ်၊ ပါဝင်သူများကတော့ ကောလိပ်ဂျင်နေဝင်းနှစ်ကိုယ်ခွဲ၊ ခင်သန်းနုတို့ပါဝင်ကြမှာဖြစ်ပါတယ်၊ ရှေးယခင်က တစ်လိမ်နှစ်လိမ် ရုပ်ရှင် ဇာတ်ကားကို အေဝမ်းဦးတင်မောင်က မင်းသားအဖြစ်နဲ့ ပါဝင်ခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်၊ အဲဒီခေတ် ကလည်း တစ်လိမ်နှစ်လိမ် ဇာတ်ကားဟာ အလွန်အောင်မြင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်၊ 

မောင်မိုး သူဟာ ဆရာလွင်ရဲ့ ခွင့်ပြုချက်နဲ့ တစ်လိမ်နှစ်လိမ် ဝတ္ထုကိုဖတ်ပြီး ဇာတ်ညွှန်းခွဲရပါတယ်၊ တစ်လိမ်နှစ်လိမ် ဝတ္ထုကို ထုတ်လုပ်သူအဖြစ် ရိ်ုက်ကူးမည့် ကောလိပ်ဂျင်နေဝင်း ဒေါ်ခင်မာလာတို့အိမ်မှာ ဆရာဒဂုန်တာရာ ကနေထိုင်သူဖြစ်ပါတယ်၊ ကိုနေဝင်း မခင်မာလာနဲ့ ကလေးတွေအားလုံးက ဆရာဒဂုန်တာရာကို ဦးလေးလို့ ခေါ်ကြပါတယ်၊ ယခင်က မောင်မိုးသူလည်း ဆရာ့ကို ဆရာလို့ခေါ်ခဲ့ရာက အဲဒီအိမ်ကိုရောက်ပြီး ဆရာဒဂုန် တာရာကို ကိုနေဝင်းတို့မိသားစုနဲ့အတူ ဦးလေးလို့ခေါ်ဖြစ်သွားပါတယ်၊ တစ်လိမ်နှစ်လိမ် ဝတ္ထုကို မောင်မိုးသူ ဇာတ်ညွှန်းရေးခွဲရတာဖြစ်ပေမယ် ဇာတ်ကားရဲ့နာမည်ကိုတော့ “စိန်ခဲ ကျောက်ခဲ ပတ္တမြားခဲ” လို့ ဦးလေးဒဂုန်တာရာက ပေးပါတယ်၊ အဲဒီ စိန်ခဲ ကျောက်ခဲ ပတ္တမြားခဲ ကို ဇာတ်ညွှန်းရေးသားရာက ကိုနေဝင်း မခင်မာ လာတို့ အိမ်မှာ အိမ်သားတစ်ဦးပမာ မောင်မိုးသူရောက်ရှိသွားပါတော့တယ်၊ 

စိန်ခဲ ရုပ်ရှင်ဇာတ်ကားကို မခင်မာ လာ မူပိုင်ရိုက်ကူးတာဖြစ်ပေမယ့် အဲဒီအချိန်က မခင်မာလာရဲ့ မိုးမြင့်သော်တာ ရုပ်ရှင်ထုတ်လုပ်ရေးက ခွင့်ပြု ချက်မရသေးပါဘူး၊ ဒါကြောင့် ဦးသက်လယ်ရဲ့ မိုးကောင်းကုမဏီမှတဆင့်ရိုက်ကူးရတာဖြစ်ပါတယ်၊ 

ဦးသက် လယ်ရဲ့ မိုးကောင်းရုပ်ရှင်မှ မခင်မာလာက တစ်လိမ်နှစ်လိမ် ကို မောင်မိုးသူဇာတ်ညွှန်းရေးသားစေပြီး ဒါရိုက် တာဦးသက်လယ်နဲ့ရိုက်ကူးဖို့ စီစဉ်ချိန်မှာ အဲဒီအချိန် မောင်မိုးသူလက်ထဲမှာရှိနေတဲ့ “မှုန်နံ့သာချယ်ကာသပါလို့” ဇာတ်လမ်းကို ဇာတ်ညွှန်းနှင့်ဒါရိုက်တာအဖြစ် မောင်မိုးသူကပဲ ရိ်ုက်ကူးဖို့ ဦးသက်လယ်က မြှောက်ပေးတာနဲ့ မောင်မိုးသူလည်း မှုန်နံ့သာကို ဦးသက်လယ်ရဲ့ မိုးကောင်းရုပ်ရှင်ကပဲ ဇာတ်လမ်းတင်ခဲ့မိခြင်းဖြစ်ပါတယ်၊ စိန်ခဲကို ကောလိပ်ဂျင်နေဝင်း၊ ခင်သန်းနုနဲ့ ရိုက်ကူးကြတာ ဖြစ်ပေမယ့် မှုန်နံ့သာကိုတော့ ဦးသက်လယ်ရဲ့ တိုက်တွန်းမှုနဲ့အတူ တွံတေးသိန်းတန်၊ တင်တင်ညိုတို့နဲ့ မောင်မိုးသူက ဇာတ်လမ်းတင်ခဲ့ပါတယ်၊ တွံတေး သိန်း တန်နဲ့ မောင်မိုးသူတို့ဟာ ငပလီမှာ တစ်ဆင့်တက်သော် ရိုက်ကူးခဲ့စဉ်က ရင်းနှီးခဲ့သူဖြစ်ပြီး မောင်မောင် စိုးရုပ် ရှင်အတွက် စစ်ကိုင်းတောင်ရိုးအနောက်ဘက်မှာ တွံတေးသိန်းတန်၊ စိုးနိ်ုင်၊ ခင်သန်းနုတို့နှင့် ဒါရိုက်တာ မောင် မောင်မြင့်ရိုက်ကူးစဉ် လိုက်ပါရိုက်ကူးခဲ့လို့ တွံတေးသိန်းတန်နှင့်ရင်းနှီးခဲ့သူဖြစ်ပါတယ၊်၊ မောင်မိုးသူဒါရိ်ုက် တာ အဖြစ်ရိုက်ကူးမယ်ဆိုတော့ တွံတေးသိန်းတန်က အလွယ်တကူပဲလက်ခံပါတယ်၊ မင်းသမီးကတော့ မြန်မာ ဆန်တဲ့ မိန်းကလေးဖြစ်တဲ့ တင်တင်ညိုကို မောင်မိုးသူ သုံးဖြစ်ပါတယ်၊ 

မောင်မိုးသူဟာ မှုန်နံ့သာနဲ့အတူ ကျ နော့်နာမည်ကျော်ကျော် ဇာတ်ကားကို မောင်မိုးသူက ဒါရိုက်တာအဖြစ် ရိုက်ကူးရသူဖြစ်ပါတယ်၊ မောင်မိုးသူရဲ့ ပထမဆုံး ဒါရိုက်တာအဖြစ်ရိုက်ကူးရတဲ့ ဇာတ်ကားနှစ်ကားဟာ မှုန်နံ့သာနှင့် ကျော်ကျော် ဇာတ်ကားများဖြစ်ပါ တယ်၊ 

ယခုရေးသားနေတဲ့ဆောင်းပါးကတော့ ဦးသက်လယ်နဲ့မောင်မိုးသူတို့ဖြစ်လေတော့ မိုးကောင်းရုပ်ရှင်အ တွက် ဒေါ်ခင်မာလာ ကိုယ်ပိုင်ထုတ်လုပ်ပြီး ကောလိပ်ဂျင်နေဝင်းနှစ်ကိုယ်ခွဲ၊ ခင်သန်းနုတို့ပါဝင်ပြီး ဝတ္ထု မြမျိုး လွင် ၊ ဇာတ်ညွှန်းမောင်မိုးသူ၊ ဒါရိုက်တာဦးသက်လယ်ရိုက်ကူးတဲ့ “စိန်ခဲ ကျောက်ခဲ ပတ္တမြားခဲ” ဇာတ်ကားကို မန္တလေးကျောက်ဆည်နှင့် ရန်ကုန်မြို့တွေမှာ အဖွဲ့သားများသွားရောက်ရိုက်ကူးကြပါတယ်၊ မောင်မိုးသူလည်း အစအဆုံးလိုက်ပါရိုက်ကူးဖြစ်ပါတယ်။