Breaking News

မောင်လူပေ ● အိုဘဲ့ ဆိုရှယ်မီဒီယာ

မောင်လူပေ ● အိုဘဲ့ ဆိုရှယ်မီဒီယာ
(မိုးမခ) သြဂုတ် ၅၊ ၂၀၁၉

ခေတ်သစ်ကြီးမှာ ဆိုရှယ်မီဒီယာရဲ့ ရိုက်ခတ်မှုက မသေးလှ။ ကောင်းကင်ကြီးတစ်ခုလို လွှမ်းမိုးထားသည်။

မြန်မာပြည်အပါအဝင် ကမ္ဘာကိုလွှမ်းမိုးထားသော ဆိုရှယ်မီဒီယာများတွင် ဖေ့ဘွတ်က ထိပ်ဆုံးမှာရှိ၏။ မနက်ကနေ ညအိပ် ရာဝင်သည်အထိ သူနှင့်ပတ်သက်ရသည်။ သူမပါလျှင် မနေတတ်တော့ပြီ။

ဂရေဟမ်ဘဲလ်က ဝေးဝေးကလူ နီးနီးဖြစ်အောင် တီထွင်ပေးခဲ့သလို မခ် ဇူဂါဘတ်ကလည်း ကွဲကွာနေကြသူတွေ ပြန်ခုံခွင့် ရအောင် လုပ်ပေးခဲ့၏။ ကမ္ဘာ့အနှံ့သွားပြီးတွေ့စရာမလိုတော့။ အွန်လိုင်းပေါ်တွင် ဆုံကြရုံသာ။

ငယ်ပေါင်းရောင်းရင်းကြီးများကို ဖေ့ဘွတ်မှာ ပြန်လည်ဆုံတွေ့ရတော့ ဘဝ၏ထုဆစ်မှုများကြောင့် ပုံစံမျိုးစုံနှင့်။ အလုပ် အကိုင်မျိုးစုံနှင့်။ ရာထူးဌာနန္တရမျိုးစုံနှင့်။ ကြီးကျယ်သူလည်းရှိသည်။ နှိမ်ချသူလည်း ရှိသည်။ အသွင်တွေ ဘယ်လိုပြောင်း ပြောင်း ငယ်သံယောဇဉ်တွေတော့ မပြတ်ကြ။ နှစ်ပေါင်းများစွာက တည်ဆောက်ခဲ့သည့် ခင်မင်မှုတွေကို ပြန်၍ရရှိသလို ခံစားရသဖြင့် ဆိုရှယ်မီဒီယာကို ကျေးဇူးတင်ရသည်။

သူငယ်ချင်းရောင်းရင်းတွေအပြင် ဆိုရှယ်မီဒီယာတန်ခိုးကြောင့် လူခြင်းမဆုံဖူးကြပဲ မိတ်ဆွေဖြစ်ကြသူတွေလည်း ရှိသည်။ တူရာတူရာပေါင်းတတ်ကြသော လူ့သဘောသဘာဝအရ စိတ်ခြင်းတူကြသူတွေ၊ အတွေးအခေါ်မကွာခြားလှသူတွေဖြစ်သည်။ ဒီလိုမိတ်ဆွေအသစ်များကိုလည်း ခင်မင်ခွင့်ရ၍ ဝမ်းမြောက်ဝမ်းသာဖြစ်ရသလို အခွင့်ကြုံလျှင် အပြင်မှာ ဆုံခြင်ပါသေး ၏။

လူသားတွေပီပီ အတွေးအခေါ်အယူအဆများ မတူတာရှိသလို တူတာလည်း ရှိမည်သာ။ မတူတာ မေ့ထားပြီး တူတွေ ပြော ဆို ဆွေးနွေးခြင်းဖြင့် ခင်မင်မှုတွေ တိုးတက်နိုင်မည်မဟုတ်လား။ ငြင်းခုံဆွေးနွေးခြင်း ယဉ်ကျေးမှု အားနည်းနေသည့် အ သိုက်အဝန်းတွင် ငါနဲ့မတူ ငါ့ရန်သူအယူအဆတွေ ထွန်းကားနေသည်ကိုတော့ စိတ်မကောင်းစရာ တွေ့ရပါ၏။ ဒိုင်ယာလော့ခ်ဆိုသည်မှာထိုင်နားထောင်ခြင်းမျိုးမဟုတ်ပါ။ ဆွေးနွေးပွဲများတွင် ရင့်သီးစွာဝင်ရောက်ပြောဆို ရေးသားခြင်းမှအပ ကိုယ့်အမြင် ကိုယ့်အယူအဆကို တင်ပြခွင့် ရှိပါ၏။ ကိုယ့်စကားကို ကိုယ်က တာဝန်ခံနိုင်ဖို့သာ လိုအပ်သည်။ ဆွေးနွေးခြင်း မဟုတ်ပဲ နှောက်ယှက်နေခြင်းဖြစ်ပါက ပြန်လည်ဖြေရှင်းနေရန် မလိုပါ။

ဆိုရှယ်မီဒီယာ ဆိုသည့်အတိုင်း တစ်နေ့တာ ဖြတ်သန်းမှုတွေကို အပေါင်းအသင်းတို့အား မျှဝေကြရာတွင် အကြောင်းခြင်း ရာမျိုးစုံပင်။ ဘာသာမျိုးစုံ၊ သက်ဝင်ယုံကြည်ရာမျိုးစုံကို မျှဝေသူ၊ အစားအသောက်တွေကို သွားရည်ကျစရာ ဝေမျှသူ၊ ပိုင် ဆိုင်မှုတွေကို ဝေမျှတတ်သူ၊ ပျှော်ရွှင်ရာ ဝါသနာကို ဝေမျှသူ၊ ဈေးဝယ်ထွက်သည်ကို ဝေမျှသူ၊ ခရီးသွားအတွေ့အကြုံကို ဝေမျှသူ မျိုးစုံ ရှိမည်။ ကြိုက်နှစ်သက်သည်ကို ကြည့်၍ မကြိုက်လျှင် ကျော်၍သွားယုံပင်။

နိုင်ငံရေးယုံကြည်ချက်တွေ ဝေမျှရာတွင်လည်း ထိုနည်းအတိုင်းပေါ့။ အစိမ်းနှစ်သက်သူက အစိမ်း။ အနီနှစ်သက်သူက အနီ။ သူယုံကြည်ရာ သူမှန်သည်ထင်ရာကို ဝေမျှနိုင်သော ဆိုရှယ်မီဒီယာ။ ဒီမီဒီယာမှာ သတင်းအမှားတွေပေးပြီးလည်း လူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ဆောင်နိုင်သောကြောင့် အမှန်အမှား ခွဲခြားနိုင်ဖို့သာ လိုမည်။

မောင်ပေကတော့ မတူကွဲပြားမှုကို လက်ခံသူပါ။ ကိုယ်တိုင်လည်း မတူကွဲပြားမှုများပေါင်းဆုံရာဒေသမှာ နေထိုင်ပါ၏။ ထို့ ကြောင့် မောင်ပေ၏ သူငယ်ချင်းများတွင် ငယ်စဉ်ကစ၍ ယခုအချိန်အထိ လူမျိုးစုံ၊ ဘာသာမျိုးစုံ၊ အယူအဆမျိုးစုံ တွေ့ နိုင်ပါလိမ့်မည်။ လူကို လူဟုသာ မြင်တတ်ဖို့ လိုသည်။ မတူတာ တူအောင်လုပ်ဖို့က လက်ငါးချောင်းပင် ညှိဖို့မလွယ်လှ။ အမုန်းတွေ ဝေမျှသည်ဟု ထင်လျှင်၊ အမြင်ကပ်လာလျှင် မမြင်ချင်လျှင် ဘလော့ခ်လိုက်ယုံမျှသာ။

ဆိုရှယ်မီဒီယာကျေးဇူးကားပြော၍ကုန်မည်မထင်။ အရင်က မြန်မာပြည်ကို ဖုန်းဆက်လျှင် ဒေါ်လာနှစ်ဆယ်ဖိုးကို ငါးမိနစ်ခန့် သာ ပြောရခဲ့ရာမှ ယခုဆို ဗိုင်ဘာတို့ မက်ဆင်ဂျာတို့မှ အခမဲ့ ပြောဆိုခွင့်ရပြီမဟုတ်လား။ ဒေတာဖွင့်ထားရုံသာ။ ကုန်ကျ စရိတ်ကလည်း အလွန်သက်သာပါ၏။ သတင်းတစ်ခုဖြစ်လျှင် မိနစ်ပိုင်းအတွင်း သိနိုင်ကြပြီ။ ညရှစ်နာရီသတင်းကို စောင့်နား ထောင်ဖို့မလိုတော့ပါ။ ကင်မရာဖွင့်ပြီး အဝေးကလူကို အနီးခေါ်လျှက် မျက်နှာခြင်းဆိုင်စကားပြောနိုင်သောခေတ်။

ထို ဆိုရှယ်မီဒီယာပေါ်မှာ မောင်ပေကို တွေ့နိုင်ကြပါမည်။ နှုတ်ဆက်သူများကို အထူးကျေးဇူးတင်ပါသည်။ နှုတ်မဆက်နိုင် သူများကိုလည်း စိတ်မဆိုးပါ။ မီးလေးစိမ်းလျှက် မြင်လိုက်ရသည်ကိုပင် ကျေနပ်ပါ၏။ မီးမစိမ်းနိုင်တော့ပဲ ကျောခိုင်းသွား သူများအတွက်တော့ စိတ်မကောင်း။ တချိန်တွင်တော့ မောင်လူပေ၏ မီးစိမ်းလေးလည်း ပျောက်ကွယ်သွားမှာပါ။ ဖြစ်ပြီးပျက် သည့် သဘာဝအတိုင်းပေါ့ခင်ဗျာ။ မီးမမှိတ်ခင်လေးတော့ သူငယ်ချင်းရောင်းရင်း မိတ်ဆွေတွေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ပျော် ပျော်ပါးပါး နေထိုင်ခွင့်ပြုပါဦးနော်။

ချစ်တဲ့
မောင်လူပေ