Breaking News

မောင်လူပေ ● အနုပညာရှင်နဲ့ နိုင်ငံရေး

မောင်လူပေ ● အနုပညာရှင်နဲ့ နိုင်ငံရေး
(မိုးမခ) သြဂုတ် ၁၉၊ ၂၀၁၉

နိုင်ငံရဲ့အရေးဟာ နိုင်ငံရေးမို့ လူတိုင်းနဲ့ သက်ဆိုင်တယ်။ ဒါဟာ အမှန်တရား။ အခုဖြစ်နေတဲ့ ဟောင်ကောင်ပြသနာမှာ ဒီအရာကို ရှင်းလင်းစွာ မြင်ရတယ်။

ဟောင်ကောင်ကို အင်္ဂလိပ်လက်အောက်က ပြန်ရစဉ်မှာ နှစ်ငါးဆယ်အထိ ဒီမိုကရေစီစနစ်ပေးဖို့ တရုတ်ပြည်က သဘောတူ ခဲ့တယ်။ ဒါပေမဲ့ ဟောင်ကောင်သားတွေမှာ တရုတ်ကခန့်တဲ့ ခေါင်းဆောင်တွေနဲ့သာ စခန်းသွားနေရတဲ့အဖြစ်။ ဒါကို မကျေနပ်တဲ့အတွက် ဆန္ဒပြမှုတွေ အခုတိုင် ကြာရှည်နေတာပဲ။ ကျောင်းသားတွေဦးဆောင်မှုကို ပြည်သူတွေ ထောက်ခံကြ တယ်။ သူတို့ကို ပေးထားတဲ့ဂတိပြန်လိုချင်တယ်။ ဟောင်ကောင်ဟာ တရုတ်ပြည်ပိုင်တယ်။ ဒါကို အငြင်းပွားနေတာ မဟုတ်။ ခွဲထွက်ဖို့ တောင်းဆိုနေတာမဟုတ်။

တရုတ်ပြည်ကတော့ အာဏာရှင်ပီပီ အရာရာကို မယုံကြည်။ အမျိုးသားရေးအမြင်နဲ့စဉ်းစားတယ်။ ငြိမ်သက်နေတာပဲ လိုချင် တယ်။ တရုတ်ပြည်ပုံရိပ်ကျဆင်းတယ်လို့ယူဆတယ်။ ဒါကြောင့် အားလုံးဟာ သူ့ကိုထောက်ခံနေပါတယ်လို့ ချပြဖို့ ကြိုးစားပါတော့တယ်။

တရုတ်ပြည်မကြီးဟာ လူဦးရေ သန်းပေါင်း တစ်ထောင့်လေးရာရှိတာမို့ အလွန်ကြီးမားတဲ့ ဈေးကွက်။ ဒီဈေးကွက်ကို စီးပွားရေးသမားတွေ အပျက်မခံနိုင်ဘူး။ ဒါကြောင့် တရုတ်နွယ်ဖွား အနုပညာရှင်တွေကို တရုတ်ပြည်ထောက်ခံရေးတွေ ပြသစေဖို့ ဖိအားပေးပါတော့တယ်။ ပထမဆုံး ကိုးရီးယားက ကေပေါ့ မှာရောက်နေတဲ့ တရုတ်အနုပညာရှင်တွေကို သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ တရုတ်ပြည်ထောက်ခံရေးကြေညာချက်တွေ ထုတ်စေတယ်။ ဟောင်ကောင်၊တိုင်ဝမ် ထောက်ခံတဲ့ အနုပညာရှင်တွေကို ဆိုရှယ်မီဒီယာနဲ့အပြင်းအထန်တိုက်ခိုက်ကြတယ်။ အနုပညာရှင်တွေ ဒူးထောက်ကြရတဲ့အထိပါပဲ။

ဟောင်ကောင်အနုပညာရှင်တွေထဲက နာမည်အကြီးဆုံးဖြစ်တဲ့ ဂျက်ကီချမ်းလည်း ဒီပြသနာကြားထဲက မလွတ်။ တရုတ် ပြည်မကြီးရဲ့ တီဗီတွေ့ဆုံခန်းတစ်ခုမှာ "ဟောင်ကောင်ဟာ မွေးရပ်မြေမို့ ငါ့အိမ်၊ တရုတ်ပြည်က ငါ့နိုင်ငံ၊ ငါ့နိုင်ငံနဲ့ ငါ့အိမ်ကို ချစ်တယ်။ ဟောင်ကောင်ဟာ မကြာခင်ငြိမ်းချမ်းလာမယ်လို့ ထင်တယ်" စတဲ့ တရုတ်ပြည်အကြိုက်စကားတွေ ပြောပေးခဲ့ရ တယ်။ အဲဒီအတွက် တရုတ်အာဏာရှင် ဆန့်ကျင်ရေးသမားဟောင်ကောင်သားတွေရဲ့ အမုန်းကို သူခံစားခဲ့ရပါတယ်။

အခုနောက်ဆုံး ဒီပြသနာဟာကိုခံရတဲ့ အနုပညာရှင်ကတော့ မကြာခင် ဒစ္စနေက ပြသတော့မဲ့ မူလန် Mulan ရုပ်ရှင်ကားထဲက မူလန်အဖြစ်သရုပ်ဆောင်ထားတဲ့ တရုတ်နွယ်ဖွား အမေရိကန်မင်းသမီးလေး လူယီဖီး။ သူမက ဟောင်ကောင်ရဲတွေကို ထောက်ခံတဲ့ ပို့စ်တစ်ခုကို တရုတ်ပြည်ဆိုရှယ်မီဒီယာဝေဘိုမှာ ရေးသားခဲ့တဲ့အတွက် ဟောင်ကောင်သားတွေရဲ့ ဆန့်ကျင်မှု အပြင်းအထန်ခံနေရလေရဲ့။

မူလန်ရုပ်ရှင်ဟာ နာမည်ကြီးကာတွန်းရုပ်ရှင်ကို ဒေါ်လာသန်းပေါင်းရာချီအကုန်ခံပြီး ပြန်ရိုက်ထားခဲ့တဲ့ ရုပ်ရှင်ကားသစ်။ ရုံတောင်မတင်ရသေးဘူး။ မူလန်ကို သပိတ်မှောက်ကြ #BoycottMulan ကမ်ပိန်းကို ဟောင်ကောင်သားတွေဦးဆောင်ပြီး အမေရိကန်ပြည်ထောင်စုအနှံ့ တွီတာ (အမေရိကန်တွေက တွီတာ Tweeter ပိုသုံးကြပါတယ်။) ကနေ လှုံ့ဆော်နေလေရဲ့။

"ဟောင်ကောင်သားတွေက သူတို့မွေးရပ်မြေလွတ်မြောက်ရေးအတွက် မူလန်လို တိုက်ပွဲဝင်နေကြတယ်။ မူလန်မင်းသမီးက ရဲတွေကို ထောက်ခံတာဟာ ဟောင်ကောင်သားတွေကို ဆန့်ကျင်တာပဲ။" စတဲ့ ရေးသားမှုတွေနဲ့ မူလန်ရုပ်ရှင်ကို သပိတ် မှောက်ဖို့ ရေးသားနေကြပါတယ်။

အနုပညာရှင်တွေဟာ နိုင်ငံရေးမှာ ဘက်ရွေးမမှားဖို့လိုပါတယ်။ ဘက်ရွေးမှားရင်တော့ လူမသေပေမဲ့ မျိုးဆက်တစ်ခု စာလောက် နာမည်သေပြီး ကျန်ရစ်ခဲ့တာ မြန်မာပြည်မှာလည်းတွေ့ရမြင်ရတယ်။ မြန်မာအနုပညာရှင်တွေ ဘက်ရွေးမမှားပဲ ပြည်သူ့ဖက်က ရပ်တည်နိုင်ကြပါစေ။
ချစ်တဲ့
မောင်လူပေ