Breaking News

နောင်ကျော် - ငြိမ်းချမ်းရေးအိပ်မက်မှာ ယမ်းနံ့တွေရွာ


Than Htay Maung's art

နောင်ကျော် - ငြိမ်းချမ်းရေးအိပ်မက်မှာ ယမ်းနံ့တွေရွာ

(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၉

‘တိုက်ပွဲတွေ ထပ်ဖြစ်မှာ မဟုတ်တော့ဘူး’တဲ့
သူ လာပြောတုန်းကပေါ့
ဝမ်းသာလွန်းလို့
‘တကယ်လား… တကယ်လား’ ဆိုပြီး
မယုံမရဲစိတ်နဲ့
နှစ်ခါတောင် ထပ်ပြီး မေးမိလိုက်သေး
‘ဒါဆို… ငြိမ်းချမ်းရေး ရပြီပေါ့နော်’လို့ ဆိုတော့
အင်း… တဲ့၊ သူက။

ပျော်လိုက်တာကွယ်
မျက်ရည်လည်အောင် ဝမ်းသာမိ
စစ်ရှောင်လမ်းမှာ သေဆုံးခဲ့တဲ့
အမ့ကိုလည်း သတိရရင်းနဲ့။

ဒီနေ့ကစပြီး
တိုက်ပွဲသတင်းတွေ မကြားရတော့ဘူး
ဒီနေ့ကစပြီး
ရွာသား ဘယ်နှယောက် အဖမ်းခံရတာ
စစ်ဆေးရင်းနဲ့ ဘယ်နှယောက် သေသွားတာ
ရွာလုံးကျွတ် ထွက်ပြေးပြီး
ရွာပုန်း ရွာရှောင်ဘဝနဲ့ တောထဲ ရောက်သွားတာ
စစ်ဘေးဒုက္ခသည် ဖြစ်သွားတာ
မိုင်းနင်းမိပြီး ဒုက္ခိတ ဖြစ်သွားကြတာ
ဟိုဘက်နိုင်ငံရဲ့ ဒုက္ခသည်စခန်းမှာ နေကြရတာ
အဲဒီလို အနိဋ္ဌာရုံသတင်းတွေ
ဒီနေ့ကစပြီး မကြားရတော့ဘူး။

ငါက
ယူနီဖောင်းဝတ်တချို့ကို ချစ်ပြီး
ယူနီဖောင်းဝတ်တချို့ကို ကြောက်တတ်သူပါ။
စစ်ပွဲတွေ ပျောက်သွားတဲ့အခါဆို
ဘယ်သူ့ကိုမှ ကြောက်စရာ မလိုတော့ဘူး။
စစ်သားတွေ လာနေကြပြီ ဆိုတာနဲ့
အဘိုး အဘွားနဲ့ ကလေးတွေကလွဲလို့
ရွာထဲ မနေရဲခဲ့ကြတဲ့ ဘဝမျိုး
အပျိုပေါက်စလေး မိနွေး
မုဒိမ်းဘေး သင့်ခဲ့ရတဲ့ အဖြစ်ဆိုးမျိုး
အတိတ်မှာ ထားရစ်ခဲ့ရတော့မယ်
နေရစ်တော့ ခေတ်ဟောင်းရေ… ။

ငြိမ်းချမ်းသွားရင်
ရွာက စာသင်ကျောင်း ကောင်းလာတော့မယ်
ဆေးပေးခန်းအသစ် ရွာမှာ ဖြစ်လာမယ်။
မြို့ကိုတက်တဲ့ လမ်းကလေးမှာ
ပန်းနံ့သင်းသင်း မွှေးမြလာမယ်၊
တို့ ပိုင်တဲ့ လယ်ယာ‌မြေမှာ
အသီးအနှံတွေ ဝေဆာလာတော့မယ်။

တောစိမ်းစိမ်း တောင်စိမ်းစိမ်းကြားက
သာယာလှပတဲ့ ရွာဟောင်းလိုမျိုး
ပြန်နိုးထ ရှင်သန်လာတော့မယ်
ဝမ်းသာလိုက်တာကွယ်။

ရွာထဲ ဝင်လာတတ်တဲ့
ဟို… ယူနီဖောင်းဝတ် နှစ်ဖွဲ့လည်း
အရင်လို စစ်တိုက်ကြတော့မှာ မဟုတ်ဘူး
သကာပြုံးကိုယ်စီနဲ့ လက်ဆွဲ နှုတ်ဆက်ကြ
ယမကာခွက်ချင်း တိုက်တိုက်ပြီး
‘ငြိမ်းချမ်းပါစေ တို့တိုင်းပြည်’တဲ့
ချီးယားစ်လုပ်ရင်း ရယ်သံတွေ ပူးကပ်သွားကြ
စိတ်ကူးနဲ့ ကြည်နူးနေတုန်းမှာ
ပီတိပြုံးက ငါ့မျက်နှာပေါ် လင်းလက်လာ။

‘ဟေ့ကောင် ငနောင်
မိုးလင်းနေပြီ၊ ထတော့’
အဘရဲ့ နှိုးသံ ကြားရတယ်။

‘ပစ္စည်းတွေ စုသိမ်းထား
ဟိုဘက်ရွာနားမှာ
တိုက်ပွဲဖြစ်သံ ကြားရတယ်’တဲ့။

ဆတ်ခနဲ ထထိုင်မိလိုက်တယ်
သေနတ်သံတွေ… သေနတ်သံတွေ…
ရွာနား နီးကပ်လာပြီလား
အထုပ်အပိုး ပြင်ထားရဦးမယ်
စစ်ရှောင်လမ်းမှာ ယမ်းနံ့တွေ မြင်ရဦးမယ်
စစ်ရှောင်တော့မှာ အမေ့လို မောပြီး လဲကျ
ဘယ်သူမှ မသေကြပါစေနဲ့ဗျာ။

နောင်ကျော်