Breaking News

ကိုစိမ်းလန်း (သုံးခွ) • ကလေးရယ် ...

ကိုစိမ်းလန်း (သုံးခွ) • ကလေးရယ် ...
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၉


ည ညဆို
ဝင်းကနဲ လက်ကနဲ
ဂျိုးဂျိန်းသံမစဲ၊
တောင်ထိပ်ကိုကြည့်တော့လည်း
မိုးရိပ်ကိုမမြင်..။

အိပ်ချင်မူးတူးနဲ့
အမေဆွဲခေါ်ရာနောက်
ဂမူးရှူးထိုးလိုက်ရ..
လွယ်ထားတဲ့အိပ်ထဲမှာ
စောင်အဟောင်းလေးတစ်ထည်
ကောက်ညှင်းခြောက်လေးနည်းနည်း
မဖတ်တတ်သေးတဲ့စာလုံးတွေနဲ့
စုတ်ပြဲနေတဲ့ ကျောင်းစာအုပ်အချို့
အိပ်ရေးလည်းမဝ..
အစားလည်းမဝ
တစ်ညလည်းမက.
နှစ်ညလည်းမက
ဘယ်လိုဘဝမှန်းမသိ
ညီမလေးကနို့ဆာတဲ့အခါ
အမေက
သူ့နို့ပိန်လေးကိုအတင်းထိုးထည့်
အဖေမရှိကတည်းက
နေ့စဉ်ယောက်ယက်ခတ်နေရအမေ
ညစဉ်ထိတ်လန့်နေရရှာတဲ့အမေ
အိမ်ပြန်ချင်တယ်ဆိုတော့
အမေ့မျက်နှာညှိုးငယ်သွား..
ကျောင်းကလည်း ဘယ်တော့နေရမှာလဲဆိုတော့
အမေမျက်ရည်ဝေ့တယ် ။

မိုးမဟုတ်တဲ့မိုးခြိမ်းသံတွေကို ကြောက်တယ်။
အလင်းရောင်မဟုတ်တဲ့ လျှပ်ပြက်တာတွေကိုမုန်းတယ်။

အဲဒီလိုအချိန်မျိုးပေါ့
အဖေပြန်မလာတာ ဘယ်လောက်ကြာပြီလဲ..။

ညှိုးငယ်နေတဲ့မျက်ဝန်းနဲ့
အနာဂတ်ပျောက်နေတဲ့သားလေးကို
စိမ့်စိမ့်ကြည့်ရင်း
တောင်ထိပ်ကဂျိုးဂျိန်းသံတွေဟာ
ငြိမ်းချမ်းရေးစည်တော်သံတွေလို့
အမေဆက်ညာရမှာ ရင်မချိပါဘူး သားရယ်..။ ။

ကိုစိမ်းလန်း (သုံးခွ)