Breaking News

အမေရိကန်ကို ကျောင်းဆရာတွေ တင်သွင်းနေတဲ့ ဖိလစ်ပိုင်ဆိုပါလား

အမေရိကန်ကို ကျောင်းဆရာတွေ တင်သွင်းနေတဲ့ ဖိလစ်ပိုင်ဆိုပါလား

နိုင်ငံတကာသာဂိ၊ (မိုးမခ)။ စက်တင်ဘာ ၁၁၊ ၂၀၁၉

Outsource လုပ်တယ်လို့ အမေရိကန်အင်္ဂလိပ်အသုံးရှိတယ်။ ပြည်တွင်းမှာ အလုပ်သမားမရှိတဲ့အခါ ပြည်ပက အလုပ်သမားငှားပြီးသုံးတာကို ပြောကြတယ်။ နောက်တမျိူးကတော့ အလုပ်တွေကို ပြည်ပပို့ပြီး ခိုင်းတယ်။ အမေရိကားမှာ သူများတွေ မလုပ်နိုင်တာ မလုပ်ချင်တဲ့အလုပ်တွေ အများကြီးရှိတယ်။ လယ်သမား၊ သားသတ်ရုံလုပ်သမား၊ အိမ်တွင်းလုပ်သား၊ ထမင်းချက်၊ လူနာပြုစုသူ စသည်ဖြင့် အများကြီးပဲ။ ဒါပေမယ့် သည်တခါတော့ဖြင့် ကျောင်းဆရာတွေကိုပါ outsource လုပ်တဲ့အထဲ ပါလာကုန်ပြီတဲ့။ အမေရိကန်မှာ မူလတန်းပြကျောင်းဆရာတွေ ရှားပါးကုန်လို့ နိုင်ငံခြားကနေ တင်သွင်းနေကြရပြီ ဆိုပဲ။ မြန်မာပြည်က မူလတန်းပြများ ဝမ်းမြောက်ဖွယ်ပေါ့။

တကယ်တမ်းကတော့ မူလတန်းပြဆရာတွေ ရှားပါးကုန်တာမဟုတ်ပါ။ အမေရိကန်က မူလတန်းပြဆရာ လစာက နည်းလွန်းလို့ လုပ်ချင်တဲ့သူ မရှိလို့ ကျဆင်းလာလို့ ပြည်ပထွက်ရှာကြရတယ် ဆိုပါတော့။ တဖက်ကပြန်တွေးရင် အရင်းရှင်အမေရိကန်ကြီးက ကျောင်းဆရာတွေကို သင့်တင့်တဲ့ လစာရိက္ခာ မပေးချင် တွန့်တိုတော့ စျေးပေါသော ဆရာတွေ ရှာလာတဲ့သဘောလားလို့ တွေးချင်စရပါ။

အမေရိကန်က စာသင်ခန်းတွေ ကျောင်းသားဦးရေ အလွန်များပြားလာတယ်။ ကျောင်းဆရာတွေက နည်းလှတယ်။ ရှိတဲ့ကျောင်းဆရာတွေကလည်း လစာတိုးတောင်းပြီး ဆန္ဒပြနေကြတယ်။ ပြည်နယ်တိုင်းမှာ ကျောင်းဆရာအလုပ်ခေါ်စာတွေ တန်းစီနေတယ်။ လျောက်တဲ့သူ နည်းလှတယ်ဆိုပဲ။ ၄၆ ပြည်နယ်မှာ ဆရာဦးရေ မလုံလောက်မှု ဖြစ်နေပြီလို့ စစ်တမ်းတွေက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၀နှစ်ခန့်ကစပြီး အချို့ပြည်နယ်တွေက ကျောင်းကောင်စီတွေဟာ ပြည်ပက ဆရာတွေ ခေါ်ယူဖို့ ကြိုးစားခဲ့ကြပြီး ဖြစ်ပါတယ်။ အဲသည်အတွက် အမေရိကန်ဗီဇာထဲက J1 ဗီဇာကို သုံးပြီး ပြည်ပကဆရာတွေကို ခေါ်ယူပါတယ်။ J1 ဆိုတာက နိုင်ငံတကာနဲ့ ယဉ်ကျေးမှုဖလှယ်မှု အစီအစဉ်အတွက် အသုံးပြုတာဖြစ်ပါတယ်။ ၃ နှစ် သက်တမ်း ရှိပါတယ်။ အဲသည်ကို အသုံးချပြီးတော့ ပြည်ပကနေ မူလတန်းပြဆရာတွေကို ခေါ်ယူတာဖြစ်ပါတယ်။ အဲသည်ပြည်ပကကျောင်းဆရာတွေထဲမှာ အာရှတိုင်းပြည်တခုဖြစ်တဲ့ ဖိလစ်ပိုင်က ကျောင်းဆရာတွေက အတော် များများ ရောက်ရှိလာနေပြီလို့ သိရပါတယ်။ ၂၀၀၉ ခုနှစ်ကတည်းက ပြည်ပကနေ ဖိလစ်ပိုင်ကျောင်းဆရာတွေ တင်သွင်းနေခဲ့ရာမှာ ပြည်နယ် ၁၉ ခုမှာ ပြည်ပက မူလတန်းပြကျောင်းဆရာပေါင်း ၅၀၀ ကျော် ရှိနေပြီလို့ အစိုးရစာရင်များက ဆိုပါတယ်။

အဲသည်သတင်းကို HBO ၏  VICE သတင်းဌာနက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်က မူလတန်းကျောင်းဆရာ ကျောင်းဆရာမများ အမေရိကန်အရောက်တင်ပို့ပေးနေတဲ့ ပြင်ဆင်ရေးအေးဂျင့်စင်တာတခုကို သွားရောက်ပြီး တင်ဆက်ခဲ့ပါတယ်။ သူတို့စင်တာကနေ အမေရိကားက ချီကာကိုမြို့တော်ကို မူလတန်းပြကျောင်းဆရာ ဆရာမ ၂၇ ဦးကို တင်ပို့ဖို့ လုပ်နေတာကို တွေ့နိုင်ပါတယ်။

https://www.youtube.com/watch?v=Eit4PzABDoI