Breaking News

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၃) အပိုင်း (၂၀)

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၃) အပိုင်း (၂၀)
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၉

● ရှုပ်ထွေးလာသော ရှမ်းပြည်နိုင်ငံရေး
ဤသို့သောအခြေအနေတွင် ဖဆပလအစိုးရသည် ရှမ်းပြည်ရှိ စော်ဘွားများကိုရော ရပလ၊ ပအမဖ အင်အားစုများကိုရော အသုံးချပြီး မိမိသြဇာအာဏာတည်ဆောက်နေသည်ဟူသော စွပ်စွဲချက်များပေါ်လာသည်။ ရှမ်းပြည်နယ်ကောင်စီဥက္ကဌ ရွေးချယ်ရာတွင် ဝန်ကြီးချုပ်က သဘောမတူလျင် အပယ်ခံရရာ ပြည်နယ်အမတ်များစု၏ ရွေးကောက်တင်မြှောက်မှုထက် ပြည်မဝန်ကြီးချုပ်၏ သဘောဆန္ဒက ပိုအရေးကြီးနေပေရာ ဒီမိုကရေစီနည်းလမ်းမကျဟု ဝေဖန်မှုများရှိလာသည်။ ပြည်မ အစိုးရဝန်ကြီးချုပ်သည် ပြည်နယ်ကောင်စီတခုလုံးအား မိမိအလိုကျ ဖြစ်အောင်ဆောင်ရွက်နေသည်ဟု ဝေဖန်သုံးသပ်မှုများ ရှိလာသည်။

တဖက်ကလည်း ပဒေသရာဇ်စနစ်ဆန့်ကျင်ရေး ရှမ်းစော်ဘွားများ၏ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများကို ဖဆပလက ဆောင်ရွက်ခြင်းမပြု နိုင်သည့်အပေါ် ပဒေသရာဇ်ဆန့်ကျင်ရေးအင်အားစုများက ပြင်းပြင်းထန်ထန် ဆန့်ကျင်လာကြသည်။ အထူးသဖြင့် ပအမဖက ပိုမိုပြင်းထန်စွာဆန့်ကျင်လာသည်။ ထို့ုပြင် ၁၉၅၂ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့တွင် အင်းလေးညီညွတ် ရေးအသင်း (The United Inlay Association- UIA) ကိုဖွဲ့စည်းခဲ့ပြီး ပဒေသရာဇ်စနစ်မှ ဒီမိုကရေစီပြောင်းလဲသည့်ဖြစ်စဉ်အား အင်းသားများက စိတ်ရောကိုယ်ပါကူညီမည်ဟု ကြေညာခဲ့သည်ကို တွေ့ရသည်။ ထို့ုပြင် ပဒေသရာဇ်ဆန့်ကျင်ရေးကို ဦးဆောင်ခဲ့သည့် ရပလသည်လည်း နောက်ပိုင်းတွင် အကွဲကွဲအပြားပြားဖြစ်လာသည်။ ၁၉၅၂ ခုနှစ်မေလ တောင်ကြီး၌ ဦးမြင့်သိန်းခေါင်းဆောင်သည့် ရှမ်းပြည်နယ်စုံစမ်းရေးကော်မရှင်ကို ကန့်ကွက်သည့် ဆန္ဒပြပွဲအပြီး ထိုဆန္ဒပြပွဲပါခေါင်းဆောင် များသည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ရှမ်းပြည်) "ပလရ" ကို နမ့်ခမ်းအမတ် ဦးထွန်းမြင့် ဥက္ကဌတာဝန်ယူ၍ စတင်ဖွဲ့စည်း ခဲ့သည်။

ရှမ်းပြည်နယ်ရှိ အကွဲကွဲအပြားပြားဖြစ်နေသော ထိုအဖွဲ့များကို ပြည်မအစိုးရကို သစ္စာရှိသည့်အဖွဲ့အစည်းဖြစ်ရန် ၁၉၅၃ ခုနှစ် စက်တင်ဘာလတွင် ဖဆပလအစိုးရ ကာကွယ်ရေးဝန်ကြီးဦးဗဆွေက ရှမ်းစော်ဘွားများဦးစီးသည် တစညဖ (တောင် တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့) အပါ ရှမ်းပြည်နိုင်ငံရေးအသင်းအဖွဲ့များအား ရန်ကုန်သို့ခေါ်ယူတွေ့ဆုံသည်။ ထို့ုမှတစညဖ၊ ပလရ၊ ပအမဖတို့ပါဝင်သည့် ရှမ်းပြည်လုံးဆိုင်ရာအဖွဲ့ချုပ် "ရပလဖ" ပေါ်ပေါက်လာသည်။ ပထမဆုံးဥက္ကဌ စဝ်ခွန်ချို၊ အတွင်းရေးမှူး ဦးထွန်းအေးတို့က တာဝန်ယူသည်။

သို့သော် ရှမ်းစော်ဘွားများ၏ "တစညဖ" ပါဝင်ခြင်းနှင့် "ရပလဖ" ဖွဲ့စည်းရာတွင် ညှိနှိုင်းမှု မလုံလောက်ခြင်းအပြင် မတူ သောနိုင်ငံရေးသဘောထားများကြောင့် "ပအမဖ" က "ရပလဖ" ဖွဲ့စဉ်ကပင် အဖွဲ့ချုပ်က နှုတ်ထွက်သည်။ ၁၉၅၅ ခုနှစ်တွင် စော်ဘွားများကို ဖယ်ရှားပစ်ရန်သာမက စော်ဘွားများကြီးစိုးနေသော ရှမ်ပြည်နယ်ကောင်စီအား ပြောင်းလဲပစ်ရန်တောင်းဆိုလာခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် စော်ဘွားများနှင့်ခံယူချက်မတူသည့် " ပလရ" အဖွဲ့ဝင်များသည် "ရပလဖ" မှ ခွဲထွက်၍ ရှမ်း ပြည်တောင်တန်းသားများစည်းလုံးညီညွတ်ရေးအဖွဲ့"ရတစညဖ" ကို ဖွဲ့စည်းခဲ့သည်။

တချိန်တည်းတွင် ၁၉၅၂ ခုနှစ်ကထဲက ကြေညာခဲ့သော ရှမ်းစော်ဘွားများ အာဏာစွန့်လွှတ်ရေးနှင့်ပန်သက်၍လည်း ကွဲလွဲ မှု များဖြစ်ပေါ်လာသည်။ ရှမ်းစော်ဘွားများဘက်မှထောက်ပြသည်မှာ ရှမ်းပြည်နယ်အစိုးရအတွက် အခြေခံဥပဒေစည်းမျဉ်း မရေးဆွဲရသေးသဖြင့် မည်သူ့အား တရားဝင်အုပ်ချုပ်မှု အာဏာလွှဲပြောင်းပေးရမည်မသိ၍ ရှမ်းပြည်အခြေခံဥပဒေစည်းမျဉ်း ရေးဆွဲပြီးသည်အထိ စော်ဘွားများက အာဏာထိမ်းသိမ်းရန်လိုအပ်သည်ဟု ထောက်ပြသည်။ တဖက်ကလည်း စော်ဘွား များအာဏာ မစွန့်လွှတ်လို၍ အကြောင်းပြသည် အချိန်ဆွဲသည်ဟု စွပ်စွဲကြသည်။ သို့သော်လက်တွေ့တွင် ရှမ်းပြည်နယ် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲရေးအတွက် စည်းမျဉ်းဥဒေတရပ် ရေးဆွဲနိုင်ခြင်းမရှိခဲ့။ ရေးဆွဲနိုင်ရန်လည်း ညီညွတ်မှု မရှိခဲ့ ပေ။

ဤသို့ မကြေလည်မှုများနှင့် လိပ်ခဲတင်းတင်းဖြစ်နေချိန်တွင် မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အခန်း ၁၀ ၌ ခွင့်ပြု ထားသည့်အတိုင်း မြန်မာနိုင်ငံမှ ရှမ်းပြည်နယ်သီးသန့်ခွဲထွက်ရန် စဉ်းစားဆောင်ရွကမှုများ ပေါ်လာသည်။ ဤစဉ်းစားမှု များသည် ၁၉၅၄ ခုနှစ် စော်ဘွားများကွန်ဖရင့်မှ စတင်ခဲ့သည်ဟု ဆိုသည်။ ၁၉၅၆ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ရှမ်းပြည်နယ်
ညီညွတ်ရေးပါတီ (SSUP) အစည်းအဝေးကျင်းပသည်။ ထိုအစည်းအဝေးတွင် ပြည်ထောင်စုမှ ရှမ်းပြည်နယ် ခွဲထွက်ရေးအ ဆိုကို ဆုံးဖြတ်ကြေညာခဲ့ကြသည်။ SSUP သည် မိုင်းရယ်စော်ဘွားနှင့် မိုင်းရှူးစော်ဘွား၏ လူရင်းများက ဖွဲ့စည်းထားသော ပါတီဟုဆိုကြပါသည်။

သို့သော် ၁၉၅၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် မိုးနဲတွင်ကျင်းပသော "ရတစညဖ" နယ်လုံးညီလာခံတွင် လဲချားစော်ဘွားက ရှမ်း ပြည်သည် ပြည်မမှခွဲထွက်မည်ဆိုသည်မှာ မမှန်ကြောင်း၊ ရှမ်းပြည်နှင့်ပြည်မ ပူးတွဲညီညွတ်ရန်သာ လိုအပ်ကြောင်းပြော ဆိုခဲ့သည်။ မိုင်းရယ်အစည်းအဝေးမှ ခွဲထွက်ရေးအဆို သတင်းစာတွင်ပါလာပြီး နောက်တွင်လည်း ၎င်းကြေညာချက်သည် "ရတစညဖ" နှင့် မဆိုင်ကြောင်း"ရတစညဖ" ကြေညာချက်ထုတ်ပြန်ရှင်းလင်းခဲ့ပါသည်။

၁၉၅၇ ခုနှစ်တွင် လားရှိုးမြို့တွင် ညောင်ရွှေမဟာဒေဝီ စဝ်ဟိန်ခမ်း၊ မိုင်းရှူးစော်ဘွားစဝ်မန်ဖ၊ တောင်ပိုင်းသိန္နီစော်ဘွားစဝ်ဆေးဟုန်၊ ကျေးသီး မန်စံစော်ဘွား စဝ်ရွှေမှုံတို့တွေ့ဆုံပြီး ရှမ်းပြည်ညီညွတ်ရေးအဖွဲ့ ဖွဲ့စည်းရေးကော်မတီ "ရပညဖ" ကို ဖွဲ့စည်းခဲ့ကြသည်။ ထိုအစည်းအဝေးတွင်လည်းခွဲထွက်ရေးကို ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုပါသည်။ ၁၉၅၇ ခုနှစ် ဖေဖဝါရီလလားရှိုးမြို့လူထုဆန္ဒပြပွဲတွင် လူတသောင်းကျော် ကားအစီး ၁၀၀ ကျော်ပါဝင်ပြီး ရှမ်းလူထု စော်ဘွားများ အာဏာစွန့်ရန် မလိုလားကြောင်း အချက် ၈ ချက်ဖြင့် ဆန္ဒပြခဲ့ကြသည်။ ရှမ်းပြည်နယ်အရေး ဖဆပလ ကိုင်တွယ်ပုံ မကြေနပ်သူများလာ ကြောင်း၊ ရှမ်းပြည်နယ်ခွဲထွက်ရေးကြွေးကြော်သံများနှင့်အတူ အမတ်စုစုပေါင်း ၅၀ ဦးအနက် ပြည်ထောင်စုမှ ခွဲထွက်ရန် ဆန္ဒရှိသူ အမတ် ၁၆ ဦးထိရှိလာကြောင်း ဦးလောရုံက နေရှင်းသတင်းစာတွင် ရေးသားခဲ့သည်။

ဤသို့ ရှမ်းပြည်နယ်၌ အမြင်အမျိုးမျိုးကွဲပြားပြီး နိုင်ငံရေးအုပ်စုများကွဲပြားနေချိန် ၁၉၅၈ ခုနှစ်တွင်ပြည်မရှိ အစိုးရအဖွဲ့ကို ခေါင်းဆောင်နေသည့် ဖဆပလ ၂ ခြမ်းကွဲသည်။ ထိုအကွဲအပြဲဂယက်သည် ရှမ်းပြည်အပေါ်တွင်လည်း သက်ရောက်မှု ရှိ သည်။ စော်ဘွားများနှင့် စဝ်ခွန်ချို ဥက္ကဌအဖြစ်ဆောင်ရွက်သော "ရတစညဖ" က ဦးနု၏ သန်ရှင်းဆပလအား ထောက်ခံ သည်။ နမ့်ခမ်းဦးထွန်းအေးခေါင်းဆောင်သော "ရပလဖ" က ပဒေသရာဇ်ဆန့်ကျင်ရေး၊ စော်ဘွားအုပ်ချုပ်မှု စနစ်ဆန့်ကျင် ရေးအား ပြင်းပြင်းထန်ထန်ဆက်လှုပ်ရှားပြီး ဦးဗဆွေ၊ ဦးကျော်ငြိမ်း၏ တည်မြဲဖဆပလကို ထောက်ခံသည်။ မိုင်းရှူးစော်ဘွား စဝ်မန်ဖခေါင်းဆောင်သည့် "ရပညဖ" ကသူတို့၏မူအတိုင်း ရှမ်းပြည်နယ်ခွဲထွက်ရေးကို ဆက်လက်လှုပ်ရှားသည်။

သို့နှင့် ၁၉၅၈ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့တွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်နေဝင်းခေါင်းဆောင်သည့် အိမ်စောင့်အစိုးရတက်လာခဲ့တော့သည်။ အိမ်စောင့်အစိုးရလက်ထက်တွင် ရှမ်းပြည်နယ်ကောင်စီဥက္ကဌအဖြစ် သိန္နီစော်ဘွား စဝ်ဟုန်ဖ ပြောင်းလဲတာဝန်ယူခဲ့သည်။

သို့ဖြစ်ရာ လွတ်လပ်ရေးခေတ်ရှမ်းပြည်နယ်တွင် တွေ့မြင်ရသည်မှာ အစဉ်အလာ ရှမ်းစော်ဘွားများနှင့် ပဒေသရာဇ်ဆန့်ကျင် သည့် ရှမ်းလူငယ်များ၏ ပဋိပက္ခသည် ရှမ်းပြည်နယ်တွင်း၏ အဓိကပဋိပက္ခအဖြစ်ပုံပေါ်လာခဲ့သည်။ နှစ်ဖက်အယူအဆကိုထောက်ခံသည့်အင်အားလည်း မတိမ်းမယိမ်းရှိခဲ့သည်။ ရှမ်းမဟုတ်သည့် ပအို့ဝ်နှင့် အင်းသားစသည့် အခြားတိုင်းရင်းသား များသည် ရှမ်းပဒေသရာဇ်ဆန့်ကျင်ရေးတွင် အားဖြည့်ပါဝင်လာခဲ့သည်။ အဆိုပါအင်အားစုများသည် မိမိရည်မှန်းချက်အား ပုံဖေါ်နိုင်ရန် ပြည်ဖဆပလအားကို ယူကြရာမှ၎င်း၊ KNDO နှင့် တရုတ်ဖြူတပ်များ ရှမ်းပြည်တွင်းဝင်ရောက်လာမှု များကြောင့် ၎င်း ရှမ်းပြည်နယ်အရေးတွင် ပြည်မအစိုးရ၏ပါဝင်မှု မြင့်တက်လာခဲ့သည်။

ရှမ်းပြည်အုပ်ချုပ်ရေးပြု ပြင်ပြောင်းလဲမည်ဟု ရည်ရွယ်ချက်ထားရှိသော် ရှမ်းပြည်အစိုးရသစ်အတွက် အခြေခံဥပဒေစည်းမျ ဉ်းများရေးဆွဲနိုင်ခြင်းမရှိခဲ့ပေ။ ထို့ုအတူ ပြည်မအစိုးရသည် ရှမ်းပြည်နယ်နှင့်ပတ်သက်၍ မှန်ကန်စွာဖြေရှင်းနိုင်ခြင်းမရှိခဲ့ပေ။ ထိုအခြေအနေအောက်တွင် ရှမ်းပြည် စော်ဘွားများအာဏာစွန့်ရေးနှင့်အတူ ရှမ်းပြည်နယ် ပြည်ထောင်စုမှ ခွဲထွက်ရေး သို့မဟုတ် ဆက်လက်ပေါင်းစည်းရေးအတွက် မတူညီသောအမြင်နှင့် လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည်။ ထိုအတော အတွင်း ၁၉၅၈ ခုနှစ်တွင် ပြည်မအစိုးရတာဝန်ယူနေသော ဖဆပလ ၂ ခြမ်းကွဲရာမှ ထိုအကွဲအပြဲသည် ရှမ်းပြည်နယ်သို့ပါ ဂယက်ရိုက်လာပြီး ပိုမိုရှုပ်ထွေးလာတော့သည်။

လွတ်လပ်ရေးရပြီး ရှမ်းပြည်နယ်အနှံအပြားတွင် ဖက်ဒရယ်ပြဿနာနှင့် ပဒေသရာဇ်ဆန်ကျင်ရေးလှုပ်ရှားမှုများ၊ တန်ပြန် လှုပ်ရှားမှုများ ရှုပ်ထွေးနေစဉ်မှာပင် ရှမ်းအရှေ့သည်လည်း သီးခြားပြဿနာတခုကြုံတွေ့ရသည်။ ၎င်းပြဿနာမှာ ကူမင် တန် တရုတ်ဖြူတပ်ဖွဲ့များ ကျူးကျော်ဝင်ရောက်လာသည့် ပြဿနာ ဖြစ်ပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး