Breaking News

မြင့်ကျော် ● မွေးစာရင်း၊ သေစာရင်း၊ မဲစာရင်း

မြင့်ကျော် ● မွေးစာရင်း၊ သေစာရင်း၊ မဲစာရင်း
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၉

မြန်မာနိုင်ငံရဲ့ ရုံးလုပ်ငန်းတွေမှာ ငွေမပေးရင် ကြန့်ကြာတာ၊ လုပ်ထုံးလုပ်နည်းတွေ အဆင့်ဆင့်ခံထားတာ၊ ကွန်ပျူတာစာရင်း သွင်းစနစ် မရှိသေးတဲ့ဌာနတွေထဲ လူဝင်မှုကြီးကြပ်ရေးလိုဌာနမျိုးက ထိပ်ဆုံးမှာ ဖြစ်လိမ့်မယ်ထင်တယ်။

ကလေးမွေးလို့ ဆေးရုံက မွးစာရင်းရပြီးနောက် သန်းခေါင်စာရင်းလို့လည်းခေါ်ကြတဲ့ အိမ်ထောင်စုစာရင်းထဲ ထည့်သွင်းဖို့ဆို လည်း လဝကရုံးကို တခေါက်မက သွားရတယ်။ သွေးနှောဖြစ်တယ်ဆို ခရိုင်ထိတင်ရတယ်ဆိုတာမျိုးနဲ့ လာဘ်ငွေ သောင်း ဂဏန်းနဲ့ ပေးရလေ့ရှိတယ်။

မွေးတာတင်မက သေတယ်ဆိုလည်း သုဿာန်လက်မှတ်ရလို့ သြင်္ဂိုဟ်ပြီးနောက်မှာ သေစာရင်းဆိုတာကို လဝကလိုမျိုး ကျန်းမာရေးဌာနလိုမျိုးမှာ သွားလုပ်ဖို့ လိုအပ်ပါတယ်။ အဲဒီသေစာရင်းလိုရပြီးနောက်မှာမှ အထက်က သန်းခေါင်စာရင်းလို မျိုးမှာ ပယ်ဖျက်ဖို့ လဝက ကိုသွားရမှာဖြစ်ပါတယ်။

သို့ပေမယ့် သေဆုံးသူက ပင်စင်စားဖြစ်လို့ ပင်စင်နဲ့ သက်ဆိုင်တာတွေလုပ်ဖို့ လိုအပ်လို့ဖြစ်စေ၊ ပိုင်ဆိုင်မှုဆိုင်ရာ ကိစ္စတွေ အတွက် ရုံးမှာ တရားဝင်ဖြစ်အောင်ဖြစ်စေ မလုပ်မဖြစ် လုပ်ဆောင်ကြရပေမယ့် အဲလိုမျိုးမဟုတ်ရင် ရုံးကို ခဏခဏ သွားရ တဲ့ကိစ္စတွေအတွက် အချိန်ကုန်ခံမလုပ်ပဲ ထားရှိတာတွေလည်း အများအပြားရှိပါတယ်။

ကျနော့်မိခင် ဆုံးတာ ၁ နှစ်ကျော်သည့်တိုင် သေစာရင်းတို့ လဝက ဌာနသွားပြီး သန်းခေါင်စာရင်းမှာ ပယ်ဖျက်တာတို့ မလုပ်ဖြစ်သေးပါ။

ရုံးကို အကြိမ်ကြိမ်သွားရမယ့် ကိစ္စဖြစ်လို့ မလုပ်ပဲ ထားလိုက်ကြတာမျိုး မြန်မာနိုင်ငံမှာ အများအပြားရှိကြပါလိမ့်မယ်။

တလောက လာမယ့်နှစ်မှာ လုပ်မယ့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်း လာကောက်တဲ့အခါမှာ အပြင်မှာ တကယ် မရှိတော့ပေမယ့် သန်းခေါင်စာရင်းထဲပါနေတဲ့ သူ ဘယ်သူ ဘယ်ဝါဆိုတာတော့ အသိပေး လိုက်ပါတယ်။ မဲစာရင်း ကောက် သူ အနေနဲ့ ဘယ်လို ဆက်ဆောင်ရွက်မယ်တော့ အတိအကျ မပြောတတ်ပါ။

အထက်ကအချက်တွေကြောင့် မဲစာရင်းထဲ ကွယ်လွန်သူတွေပါနေတာမျိုး အမှန်တကယ် အပြင်မှာနေထိုင်ပေမယ့် မဲစာရင်း ထဲ မပါတာမျိုးတွေ ဖြစ်ပျက်နေတာဖြစ်ပါလိမ့်မယ်။