Breaking News

မိုးမခ- မိုးမင်းသိမ်းဘာသာပြန်- ယစုနရိ ကာဝဘတရဲ့ လက်တစ်ဝါးစာ ဝတ္ထုတိုများ (၁၁)

ယစုနရိ ကာဝဘတရဲ့ လက်တစ်ဝါးစာဝတ္ထုတိုများ (၁၁)
ပန်းဖြူဖြူ
မိုးမင်းသိမ်းဘာသာပြန်ဆိုသည်
မိုးမခ ၁၁၊ စက်တင်ဘာ ၂၀၂၁

မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် သွေးသားတော်စပ်သူတွေနဲ့ချည်း အိမ်ထောင်ပြုလာလိုက်ကြတာ ကောင်မလေးရဲ့ မိသားစု အဆုတ်ကင်ဆာနဲ့ ဆုံးပါးကုန်ကြတဲ့အထိပဲ။ ကောင်မလေးကိုယ်တိုင်ကလည်း အတော့်ကို သေးကွေးကြုံလှီနေပြီ။ ကောင်မလေးကို ပွေ့မိဖက်မိကြတဲ့ ယောက်ျားသားတွေတောင် လန့်ဖျပ်သွားလောက်တယ်။
ဖော်ဖော်ရွေရွေရှိလှတဲ့ အမျိုးသမီးကြီးတစ်ယောက်က ကောင်မလေးကို ပြောပြခဲ့ဖူးတယ်။
" အိမ်ထောင်ပြုတယ်ဆိုတာ သတိထားရတယ်အေ့။ သန်သန်မာမာကြီးဆိုပြီးတော့လည်း အိမ်ထောင်မပြုသင့်ဘူး။ အားနဲ့ခွန်နဲ့မဟုတ်ပေတဲ့ ရောဂါဘယကင်းပြီး ကြည့်ပျော်ရှုပျော်ရှိတဲ့လူဆိုရင် အဆင်ပြေပြီ။ အဆုတ်ရောဂါမဖြစ်ဖူးတဲ့သမိုင်းကြောင်းတော့ ရှိရမှာပေါ့လေ။ သင့်တင့်လျောက်ပတ်တဲ့ အလုပ်ရှိရမယ်၊ အသောက်အစားကင်းပြီး ရယ်ရယ်ပြုံးပြုံးနေတတ်တဲ့သူမျိုးပေါ့အေ။"
ဘယ်လိုပဲဖြစ်ဖြစ် ကောင်မလေးကတော့ သန်သန်မာမာယောက်ျားသားတယောက်ရဲ့လက်မောင်းအိုးတွေကို စိတ်ကူးယဉ်အိပ်မက်မက်ရင်း ပျော်မွေ့နေတယ်။ သန်မာပြည့်ဖြိုးတဲ့လက်မောင်းအိုးကြီးတွေကပိုက်ထွေးလိုက်ရင် သူ့နံရိုးတွေ ကျိုးကြေသွားလေမလားပေါ့။ 
အဲသလိုတွေးနေမိတုန်းများ ကောင်မလေးကိုကြည့်လိုက်ရင် သူ့မျက်နှာက နူးညံ့သိမ်မွေ့နေတယ်။ အလိုဆန္ဒလွန်ကဲပြင်းပြမှုကိုခံစားနေရတယ်။ မျက်လုံးအစုံမှိတ်ထားလိုက်ချိန်မှာလည်း ဘဝပင်လယ်ပြင်ပေါ် ပေါလောမျောပါနေတဲ့ သူ့ခန္ဓာကိုယ်ကိုတွေ့လိုက်ရတယ်။ လှိုင်းရဲ့ဆောင်ယူရာ ဘယ်နေရာဖြစ်ဖြစ် အလိုက်သင့်မျောနေတော့တာပဲ။ ဒီလိုစိတ်ကူးယဉ်မှုကကောင်မလေးကို ပြင်းပြတဲ့ပီတိတမျိုးဖြစ်စေတယ်။
ကောင်မလေးရဲ့မောင်ဝမ်းကွဲဆီကနေ စာတစ်စောင်ရောက်လာတယ်။ " ကျွန်တော့်ရဲ့ ရင်ဘတ်ကလည်း နောက်ဆုံးတော့ ဒုက္ခပေးနေပြီဗျာ။ ကိုယ့်ကံလို့ပဲ ပြောရတော့မှာပေါ့လေ။ ဖြစ်လာပြီလို့ ကိုယ့်ဘာသာကိုယ်လက်ခံလိုက်ပါတယ်။ ကျွန်တော် စိတ်မလှုပ်ရှားမိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ထပ်ခါတလဲလဲ ဖိစီးနှိပ်စက်နေတာတခုတော့ရှိသဗျ။ ကျွန်တော်ကျန်းကျန်းမာမာရှိနေတုန်းက တကြိမ်တခါနမ်းခွင့်ပေးဖို့ မမကို ဘာလို့များမတောင်းဆိုဖြစ်တာပါလိမ့်။ ဒီရောဂါပိုးကြောင့် မမရဲ့နှုတ်ခမ်းတွေကိုစွန်းထင်းညစ်ထေးမသွားစေချင်ဘူးဗျာ။"
ကောင်မလေးလည်း သူ့ဝမ်းကွဲမောင်နှမရဲ့အိမ်ကိုသုတ်သီးသုတ်ပျာထွက်လာခဲ့တယ်။ သိပ်မကြာခင်မှာပဲ ပင်လယ်ကမ်းခြေနားက အဆုတ်ရောဂါလိုသီး သန့်ရောဂါမျိုး‌တွေကုပေးတဲ့ဆေးရုံမှာ ကောင်မလေးကို တင်လိုက်ကြတယ်။
သူ့ရဲ့တယောက်တည်းသောလူနာအနေအထားမျိုးနဲ့ ဆရာဝန်လေးက ကောင်မလေးကို ပြုစုစောင့်ရှောက်ပေးတယ်။ ဆေးရုံအပြင်ဘက် အငူစွန်းဆီကိုလည်း ပုခက်လိုဘီးတပ်ကုလားထိုင်မျိုးနဲ့ ကောင်မလေးကို နေ့တိုင်းခေါ်သွားလေ့ရှိတယ်။ အဲဒီနေရာမှာက ဝါးပင်အုပ်ဟာ နေရောင်မှာ အမြဲတစေရွှန်းလဲ့တောက်ပနေလေ့ရှိတယ်။
နေထွက်လာပြီ။
" အား။ ကောင်းကောင်းကြီး နာလန်ထနေပါပေါ့လား။ လုံးဝနာလန်ထလာပြီ။ ကျွန်တော်လည်း ဒီလိုနေ့ရောက်လာဖို့ စောင့်နေတာ။ " ဆရာဝန်လေးဟာ ကောင်မလေးကို ဘီးတပ်ကုလားထိုင်ပေါ်ကနေပွေ့ချီပြီး ကျောက်တုံးပေါ်မှာ ချထားပေးလိုက်တယ်။ " မင်းဘဝက တက်သစ်စနေဝန်းလိုပဲ။ မင်းအတွက် ပန်းနုရောင်ရွက်တပ်ထားတဲ့သ‌င်္ဘောတွေ ဘာလို့ရောက်မလာကြသေးပါလိမ့်။ ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ။ နှလုံးသားနှစ်ခုနဲ့ ဒီရက်ကိုရောက်ဖို့ စောင့်နေမိတာပါ။ နှလုံးသားတခုက မင်းကိုကုသပေးခဲ့တဲ့ ဆရာဝန်အနေနဲ့ပေါ့။ နောက်နှလုံးသားတခုက ကိုယ်ရေးကိုယ်တာပေါ့။ ဒီရက်ကိုရောက်ဖို့ ဘယ်လောက်တောင့်တမိပါလိမ့်။ ဘယ်လောက်တောင် နာကျင်လိုက်သလဲဆိုရင် ဆရာဝန်တယောက်ရဲ့ အသိတရားကနေတောင် လမ်းလွဲသွားနိုင်တဲ့ အနေအထားမျိုးပဲ။ မင်းက ကောင်းကောင်းကြီး ကျန်းမာသွားပြီ။ မင်းရဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို့အတွက် ခန္ဓာကိုယ်ကို အသုံးပြုနိုင်လောက်အောင် ကျန်းကျန်းမာမာဖြစ်နေပြီ။ ကျွန်တော်တို့အတွက် ပင်လယ်ကြီးက ဘာဖြစ်လို့များ ပန်းနုရောင်မသန်းသေးပါလိမ့်။"

ကျေးဇူးတင်စိတ်အပြည့်နဲ့ ကောင်မလေးဟာ ဆရာဝန်လေးကို မော့ကြည့်လိုက်တယ်။ ပြီးတော့ကာ သူ့မျက်လုံးအစုံကို ပင်လယ်ဆီ အကြည့်လွဲလိုက်ပြီး မျှော်လင့်စောင့်စားနေတယ်။
ဒါပေတဲ့ နားလည်သဘောပေါက်လိုက်မိတာကြောင့် ရုတ်တရက်လန့်ဖျပ်သွားမိတယ်။ မေထုန်မမှီဝဲတော့ပါဘူး‌လေဆိုတဲ့အတွေးမျိုး ပေါ်မလာလို့ပဲ။ သေခြင်းတရားကို သူငယ်စဉ်ကတည်းက ကြိုမြင်ထားပြီးသား။ ဒါကြောင့်မို့လည်း နရီစည်းဝါးကိုက်ကိစ္စမျိုးတွေကို သူမယုံဘူး။ အပြတ်အတောက်မရှိ အချိန်ကိုက်ဖြစ်နေတဲ့ကိစ္စမျိုးတွေကို ကောင်မလေး မယုံဘူး။ ဒါကြောင့်လည်း ကာမေသုမိစ္ဆာစာရကို ရှောင်ကြဉ်ဖို့ဆိုတာလည်း ဘယ်ဖြစ်နိုင်မှာတဲ့တုံး။
" တခါတလေကျတော့လည်း စိတ်လှုပ်ရှားခံစားရမှုနဲ့ မင်းရဲ့ ခန္ဓာကိုယ်လေးကိုငေးကြည့်ခဲ့ဖူးတယ်။ ဒါပေတဲ့ ဆင်ခြင်တုံတရားနဲ့လည်း မင်းရဲ့ခန္ဓာကိုယ်လေးကို ငေးကြည့်ဖူးပြန်တာပဲ။ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့ကတော့ မင်းရဲ့ ကိုယ်ခန္ဓာလေးဟာ  ဓာတ်ခွဲခန်းတခုပါပဲ။"
" ဘာရယ်ရှင့် "
" လှလှပပ ဓာတ်ခွဲခန်းတခုပေါ့။ ဆေးဝါးကုသမှုဟာ ကောင်းကင်ဘုံကဖန်ဆင်းပေးလိုက်တဲ့ အသက်မွေးဝမ်းကျောင်းမဟုတ်လို့ကတော့ ကျွန်တော့်အာသာ ဆန္ဒအရ မင်းလေးကို ခုပဲသတ်ပစ် လိုက်မိမှာ။" 
ကောင်မလေးဟာ ဆရာဝန်လေးကို ကြည့်နေရင်း မုန်းတီးစိတ်တွေပေါ်လာတယ်။ ဆရာဝန်လေးရဲ့ အကြည့်ကိုရှောင်တိမ်းဖို့အတွက် နေရာပြောင်းပြီးထိုင်လိုက်တယ်။
ဝတ္ထုရှည်တွေရေးတဲ့ လူငယ်စာရေးဆရာဟာလည်း ကောင်မလေးတက်ရောက်ကုသနေတဲ့ဆေးရုံက လူနာတယောက်ပဲ။ " ကျွန်တော်တို့ အချင်းချင်း ဝမ်း မြောက်ဝမ်းသာဖြစ်တဲ့အကြောင်းပြောသင့်တယ်။ ဆေးရုံကနေ တစ်ရက်တည်းအတူ ဆင်းကြစို့ရဲ့။"

ဂိတ်ပေါက်ဝက ကားတစ်စီးပေါ် နှစ်ယောက်သားဝင်ထိုင်လိုက်ကြပြီး ထင်းရှူးပင်အုပ်ကို ဖြတ်သန်းမောင်းနှင်လာကြတယ်။
စာရေးဆရာက အမျိုးသမီးရဲ့ပခုံးကို လှမ်းဖက်ထားလိုက်တယ်။ အမျိုးသမီးကလည်း ရပ်တန့်ဖို့ အင်အားကင်းမဲ့ပြီး တောက်လျှောက်ကျဆင်းလာနေတဲ့ ပေါ့ပေါ့ပါးပါးအရာဝတ္ထုတခုလို မှီထားလိုက်တယ်။ 
နှစ်ယောက်သား ခရီးတိုတခု ထွက်သွားကြတယ်။
" ဒါဟာ ဘဝရဲ့ ပန်းနုရောင် အရုဏ်ဦးပဲ။ ခင်ဗျားရဲ့ မနက်ခင်းနဲ့ ကျွန်တော့်ရဲ့ မနက်ခင်းပေါ့။ ဟောဒီလောကကြီးမှာ မနက်ခင်းနှစ်ခု တချိန်တည်း ရှိနေတာ ဘယ်လောက်တောင်ထူးဆန်းလိုက်သလဲ။ မနက်ခင်းနှစ်ခုက တခုတည်းဖြစ်သွားတော့မယ်။ ကောင်းသပေါ့ဗျာ။ မနက်ခင်းနှစ်ခုလို့နာမည်ပေးထားတဲ့ စာအုပ်တစ်အုပ် ရေးဦးမယ်။"

အမျိုးသမီးဟာ ဝတ္ထုရေးဆရာကို ပျော်ရွှင်မှုအပြည့်နဲ့ မော့ကြည့်လိုက်တယ်။

" ဟောဒီမှာ ကြည့်စမ်းပါဦး။ ဆေးရုံမှာတုန်းက ခင်ဗျားအကြောင်းကို ကျွန်တော်ဖန်တီးထားတဲ့ ဇာတ်လမ်းအကျဉ်းပေါ့။ ခင်ဗျားကော၊ ကျွန်တော်ကော သေသွားမယ်ဆိုရင်တောင် ကျွန်တော့်ဝတ္ထုထဲမှာတော့ နှစ်ယောက်စလုံး ရှင်သန်နေကြလိမ့်မယ်။ ဒါပေတဲ့ ခုတော့ မနက်ခင်းနှစ်ခုပေါ့လေ။ ထူးခြားရိုးစင်းတဲ့အလှဟာ ထူးခြားရုံသက်သက်တော့ မဟုတ်ဘူး။ ခင်ဗျားဆောင်ကြဉ်းလာတဲ့ အလှတရားဟာ မှန်ပြောင်းအကူအညီနဲ့တောင် မမြင်နိုင်တဲ့မွှေးရနံ့လိုပဲ။ နွေဦးကွင် းပြင်တွေမှာ ‌ရနံ့သင်းနေတဲ့ဝတ်မှုန်တွေလိုပဲ။ ကျွန်တော့်ဝတ္ထုရှည်ထဲမှာ လှပတဲ့ စိတ်ခံစားချက်တမျိုးကို တွေ့ခဲ့ဖူးတယ်။ ဘယ်လိုများထည့်ရေးမိပါလိမ့်ပေါ့။ ခင်ဗျားရဲ့ စိတ်ဝိညာဉ်လေးကို ကြည့်ရအောင် ကျွန်တော့်လက်ဖဝါးထဲထည့်လိုက်စမ်းပါဗျာ။ ကျောက်မျက်ရတနာလေးတပွင့်လိုပေါ့။ စကားလုံးတွေနဲ့ ပုံဖော်လိုက်ရင် ....."

" ဘာရယ်ရှင့် "

" လှပတဲ့ စိတ်ခံစားမှုတွေနဲ့လေ။ ကျွန်တော်သာ ဝတ္ထုရေးဆရာတစ်ယောက် မဟုတ်ခဲ့ရင် ကျွန်တော့်ရဲ့ စိတ်ခံစားမှုတွေက ဟိုးအဝေးအနာဂတ် ကာလမှာ ခင်ဗျားကိုရှင်သန်နေအောင် လုပ်နိုင်မှာ မဟုတ်ဘူး။"

အဲဒီနောက် အမျိုးသမီးဟာ ဝတ္ထုရေးဆရာကိုစေ့စေ့ကြည့်ရင်း အမုန်းတရားတွေ စပြီးခံစားလာရတယ်။ ဝတ္ထုရေးဆရာ စိုက်ကြည့်နေတာကို ရှောင်လွဲဖို့ ကိုယ့်ကိုယ်ကိုယ် သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်နေလိုက်တယ်။
အမျိုးသမီးဟာ သူ့အခန်းထဲမှာ တစ်ယောက် တည်း ထိုင်နေတယ်။ သူ့ရဲ့မောင်ဝမ်းကွဲဟာ ခပ်စောစောလေးကပဲ ဆုံးပါးသွားပြီ။ 

" ပန်းနုရောင်၊ ပန်းနုရောင် "

အမျိုးသမီးရဲ့ ဖြူဖွေးတဲ့အသားအရေဟာ တဖြည်းဖြည်း ပန်းနုရောင်သန်းလာတယ်။ ရှင်းသန့်ကြည်လင်လာတယ်။ " ပန်းနုရောင် " ဆိုတဲ့ စကားလုံးကို ပြန်ပြောင်းအမှတ်ရရင်း ပြုံးလိုက်မိတယ်။
" တစ်ယောက်ယောက်က မေတ္တာမျှဖို့ စကားလုံးတစ်လုံးတည်းနဲ့ တောင်းပန်တိုးလျှိုးလာခဲ့ရင် ..." 
ပန်းလေးတစ်ပွင့် လေထဲမှာ တညိတ်ညိတ်လှုပ်ရှားသလို ခံစားလိုက်ရတယ်။ ပြီးတော့ ပြုံးနေမိတယ်။
( ၁၉၂၄ )

ဂျပန်ဘာသာက‌နေ လိန်းဒန်းလော့ပ်နဲ့ ဂျေမာတင်ဟိုးလ်မန်းတို့ ဘာသာပြန်ဆိုပြီး North Point Press ကနေ ၁၉၉၇ ခုနှစ်က တတိယအကြိမ်ထုတ်ဝေထားတဲ့ "Palm-of-the-Hand Stories by Yasunari Kawabata " ထဲက " The White Flower " ကို ဘာသာပြန်ပါတယ်။
မိုးမင်းသိမ်း
၈ စက်တင်ဘာ ၂၀၂၁


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar