Breaking News

ဇင်လင်း ● ဆန်စပါးထုတ်လုပ်မှု မြှင့်တင်ရေးနှင့် လယ်သမားများ၏ လူမှုဘဝဖူလုံရေး

ဇင်လင်း ● ဆန်စပါးထုတ်လုပ်မှု မြှင့်တင်ရေးနှင့် လယ်သမားများ၏ လူမှုဘဝဖူလုံရေး
(မိုးမခ) အောက်တိုဘာ 

မြန်မာနိုင်ငံသည် ၁၉၆၀-၆၃ ခုနှစ်များတွင် တနှစ်လျှင် ဆန်တန်ချိန် (၁.၆) မှ (၁.၇)သန်းအထိ ရောင်းချနိုင်ခဲ့သောကြောင့်၊ ကမ္ဘာ့ ဆန်အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်ခဲ့ဖူးသည်။ ရှေးက ဆန်တင်ပို့မှုတွင် ထိပ်တန်းဖြစ်ခဲ့သော်လည်း နောက်ပိုင်း တွင် ဆန်တင်ပို့မှု နှုန်းကျဆင်းလာသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံက မြန်မာကို ကျော်၍ ကမ္ဘာ့ဆန် အများဆုံး ရောင်းချသည့် နိုင်ငံဖြစ်ခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာပြည်တွင်း၌ ဆန်တန်ချိန် ၂၅ ဒသမ ၆ သန်းကျော် ထွက်ရှိခဲ့ကြောင်း လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနက ထုတ်ပြန်ထားသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၁၀ ရက် အထိ ခုနစ်လခွဲခန့်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒဿမ ၄၁၇ သန်း တင်ပို့ထားပြီးဖြစ်၍ ဝင်ငွေ အမေရိကန် ဒေါ်လာ ၄၃၆ ဒဿမ ၁၁၃ သန်းရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက် ကို ကိုးကား၍ Eleven Media News ၏ ၂၊ ၆၊ ၂၀၁၈၊ သတင်းတွင် ဖေါ်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ နံပါတ် (၁) ဆန်တင်ပို့သည့် နိုင်ငံပြန်ဖြစ်ရန် (၁၀) နှစ် (၁၅)နှစ်လောက် အချိန်ယူရမည်ဟု  ဖိလိပိုင်အခြေစိုက် နိုင်ငံတကာ ဆန်သုတေသနအဖွဲ့အထွေထွေအတွင်းရေးမှူး ရောဘတ် ဇီးဂလာက ခန့်မှန်းခဲ့ဖူးသည်။ ဗီယက်နမ် နိုင်ငံဆိုလျှင် ဆန်တင်ပို့သည့် ထိပ်တန်းသုံးနိုင်ငံ အဆင့်ဝင်ရန်  နှစ်ပေါင်း(၂၀)မျှ ကြိုးစားခဲ့ရသည်ဟု သူက ဆိုသည်။

ဆန်သည် မြန်မာနိုင်ငံနှင့်တကွ အရှေ့တောင်အာရှ နိုင်ငံများအတွက် အသက်သွေးခဲဟု ဆိုလျှင်မမှားပါ။  အရှေ့တောင် အာရှ နိုင်ငံများ၌ ပြည်သူများ၏ အဓိကစားသုံးသည့် သီးနှံသည် ဆန်ဖြစ်သောကြောင့် အရေးပါခြင်းဖြစ်သည်။ ဆန်စပါး ကဏ္ဍကိုသာ စနစ်တကျ စီမံခန့်ခွဲတတ်လျှင် နိုင်ငံအေးချမ်းသာယာရေး ငါးဆယ်ရာနှုန်းသေချာသည်ဟု ပြောစမှတ် ရှိ သည်။ ဆန်ဈေး လိုသည်ထက် ပိုတက်လာတိုင်း နိုင်ငံမငြိမ်မသက်ဖြစ်တတ်သည်မှာ အစဉ်အလာဖြစ်နေသည်။ တိုင်းပြည် အတွက် အခွန်ဘဏ္ဍာနှင့် နိုင်ငံခြားငွေ အဓိကရှာပေးနိုင်သော စိုက်ပျိုးထုတ်ကုန်သည် ဆန်စပါးဖြစ်သည်ကို သတိပြုဖို့လို သည်။ မြန်မာနိုင်ငံတွင် လူဦးရေ (၈၀)ရာနှုန်းသည် ဆန်စပါးနှင့် ဆက်စပ်ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများအပေါ်၌  မှိခိုအားထားနေရကြောင်းလည်း မှတ်တမ်းမှတ်ရာများ ရှိသည်။ အခြေခံ အကြောင်းရင်းမှာ ဆန်သည် ထမင်းချက်စားရန်  သက်သက်မျှ သာမကဘဲ၊ အမှုန့်ပြုပြီး ပေါင်မုန့်အပါအဝင် မုန့်အမျိုးပြုလုပ်ခြင်း၊ ဆန်ကြာ ဆံ၊ ဆန်ခေါက်ဆွဲစသည်များ ထုတ်လုပ်ခြင်း၊ အထည်အလိပ်များ ကော်တင်ရာတွင်သုံးရန် ကော်အမျိုးမျိုးလုပ်ခြင်း၊ ဆန်ကွဲ မှ အရက်/ဘီယာချက် လုပ်ခြင်း၊ ဖွဲနုများကို စားသုံးဆီ၊ ဗီတာမင်ဆေးပြား၊ တိရိစ္ဆာန်အစာ စသည်ဖြင့် ထုတ်လုပ်နိုင်ခြင်း၊ ကောက်ရိုးများကို ကျွဲနွား ရိက္ခာအဖြစ် အသုံးပြုရုံမက၊ ကဒ်ပြားစက္ကူများကိုလည်း ထုတ်လုပ်နိုင်ခြင်း၊ နောက်ဆုံး ဖွဲကြမ်း ဖွဲပြာကအစ လူ့အသုံး အဆောင်အဖြစ် အသုံးဝင်သောကြောင့် အလဟဿဖြစ်သည်ဟု ဘာတခုမှမရှိကြောင်း တွေ့ရသည်။

၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ဆန်ပြည်ပတင်ပို့သည့် နှုန်း တိုးတက်လာသည်။ ဆန်တန်ချိန် တစ်သန်း အထိ ရောက်ရှိလာခဲ့သည်။ သို့သော် နယ်စပ်ကုန်သွယ်မှုမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့သည့် ပမာဏက ၅၀ ရာခိုင်နှုန်း ခန့်  ပါဝင်နေသည်။ မြန်မာနိုင်ငံ၏ ဆန်စပါး ကုန်သွယ်မှုလုပ်ငန်း စဉ်ဆက်မပြတ် တိုးတက်ဖြစ်ပေါ်စေရေးကို အားပေး ကူညီရန် ပထမဆုံး “မြန်မာ့ဆန်လုပ်ငန်း နှီးနှောဖလှယ်ခြင်းဆိုင်ရာ နိုင်ငံတကာ ညီလာခံ” ကို ရန်ကုန်မြို့၊ ဆူးလေ ရှန်ဂရီလာ ဟိုတယ်၌  ၂၀၁၇ ဧပြီလ ၂၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း မီဒီယာသတင်းများမှတဆင့် ကြားသိရ သည်။ အဆိုပါညီလာခံ ဖြစ်မြောက်ရေးကို ကမ္ဘာ့ဘဏ်အုပ်စုအဖွဲ့ဝင်များဖြစ်သည့် “အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပို ရေးရှင်း -IFC” ၊ “ကမ္ဘာ့ဆန်ကုန်သည်-The Rice Trader” နှင့် “မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်” တို့က အဓိက ပါဝင် ကူညီခဲ့ကြောင်း သိရသည်။ ရည်ရွယ်ချက်မှာ ကမ္ဘာ့ဆန်စပါးကုန်သွယ်မှု နယ်ပယ်အတွင်း မြန်မာ့ဆန်စပါးထုတ်လုပ်မှု တိုးတက် အရေးပါလာမှုကို အသိအမှတ်ပြုသည့် အနေဖြင့် ထိုနှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံ ဆန်စပါး ထုတ်လုပ်တင်ပို့မှု ကဏ္ဍ တန်ဖိုးမြင့်မားလာစေရေးအတွက် စီစဉ်ပေးသော အစည်းအဝေး လည်း ဖြစ်သည်ဟု သိရသည်။

ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ်ကျင်းပခဲ့သည့် အဆိုပါ မြန်မာ့ဆန်လုပ်ငန်းနှီးနှောဖလှယ်ခြင်းဆိုင်ရာ ညီလာခံသည် မြန်မာ့ ဆန်လုပ်ငန်း ကဏ္ဍအတွင်း အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ၊ မြန်မာ့ဆန်ဝယ်လက်များ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများ၊ ဆန်အရည်အသွေး၊ ဆန်စက်နည်းပညာနဲ့ ပတ်သတ်တဲ့ အကြောင်းအရာများအပြင် မြန်မာနိုင်ငံရဲ့ ဆန်ပြည်ပတင်ပို့ခြင်း ဈေးကွက် နယ်ပယ် များ စတဲ့ အကြောင်းအရာတွေကို ပြည်တွင်းဆန်စက်ပိုင်ရှင်များ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ ကမ္ဘာလုံး ဆိုင်ရာ ဆန်ကုန်သည် များ နဲ့ လုပ်ငန်းနယ်ပယ်အကြောင်း အထူးကျွမ်းကျင်သူများက ပါဝင်ဆွေးနွေးခဲ့ကြကြောင်း မဇ္ဈိမ သတင်းက ဆိုပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆန်တင်ပို့မှုမှာ တန်ချိန် ၃ ဒသမ ၅၈ သန်းအထိရောက် ရှိခဲ့ပြီး ဆန်တင်ပို့နိုင်မှု သမိုင်းတွင် နှစ်ပေါင်း ၇၀အတွင်း အများဆုံး အဖြစ် စံချိန်တင်နိုင်ခဲ့သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှတ်တမ်း အရ သိရသည်။ သို့ရာတွင် ထိုနှစ်တွင်လည်း  ဆန်တန်ချိန် ၁  ဒသမ ၈ သန်းအထိ တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်မှုမှ တစ်ဆင့် တင်ပို့မှု အပါအဝင် ဖြစ်သညဟု ဆိုသည်။ လက်ရှိအချိန်တွင် တရုတ်နိုင်ငံဘက် နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် တရားမဝင် တင်သွင်းသည့် ဆန်များကို ဖမ်းဆီးနေသဖြင့် နယ်စပ်မှ ဆန်တင်ပို့မှု လျော့ကျလာခဲ့သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ ယခုနှစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် (၁-၁၀-၂၀၁၈မှ ၁၄-၆-၂၀၁၉ထိ) ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁ ဒသမ ၆၈ သန်း သာတင်ပို့ခဲ့သည်။ ယခင်နှစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှ စ်တွင် ကာလတူဆန်တင်ပို့မှုမှာ ဆန်တန်ချိန်  ၂ ဒသမ ၅၃ သန်းရှိသည်။ ဆန်တင်ပို့မှုကျဆင်းသွား သည်မှာ အဓိကအားဖြင့် တရုတ်နိုင်ငံသို့ နယ်စပ်မှ ဆန်တင်ပို့ရန် အခက်အခဲ ဖြစ်ပေါ်နေသဖြင့် တရားဝင်လမ်းကြောင်းမှ ပိုမိုတင်ပို့နိုင်ရန် ကြိုးပမ်းလာရသည်။

မြန်မာဆန်က  ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်နိုင်ငံတို့မှ အရည်အသွေးတူ ဆန်များထက် တစ်တန်လျှင် (၁၀) မှ (၂၀) ဒေါ်လာခန့် ဈေးသက်သာကြောင်း ဆွစ်ဇာလန် စိုက်ပျိုးထုတ်ကုန်ရောင်းဝယ်ရေး(Swiss Agri Trading AG) က အလုပ် အမှုဆောင်အရာရှိ ဂျက် လူယန်ဒစ် ကပြောခဲ့ဖူးသည်။ Swiss Agri Trading က တနှစ်မှာ ဒေါ်လာသန်း(၃၀၀) ဖိုး အထိ ဆန်အရောင်းအဝယ်လုပ်သည့် ကုမ္ပဏီဖြစ်သည်။ ခေတ်မမှီတော့သည့် ဆိပ်ကမ်းများမှ ဆန်အတင်အချ လုပ်ခြင်းမျိုးကို Swiss Agri Trading က ရှောင်သည်။ ဆန်တန်ချိန်အမြောက်အမြား အတင်အချလုပ်သည့်အခါ (အထူးသဖြင့် မိုးရာသီ တွင်) ခေတ်မမှီသည့် ဆိပ်ကမ်းများတွင် အချိန်လုပြီး အလုပ်လုပ်၍ မရသောကြောင့်ဖြစ်သည်ဟု ဆိုသည်။

မြန်မာပို့ဆောင်ရေးဝန်ကြီးဌာနအဆို အရ ရန်ကုန်ဆိပ်ကမ်း တခုတည်းက တနိုင်ငံလုံး၏ ကုန်တင်ကုန်ချလုပ်ငန်း (၉၀)% ကို ဝန်ဆောင်မှုပေးနေရသည်ဟု သိရသည်။ ထို့ကြောင့် ရန်ကုန် မြို့ တောင်ဘက် ၂၅ ကီလိုမီတာ(၁၆ မိုင်) အကွာရှိ သီလဝါ ဆိပ်ကမ်း အပါအဝင် စက်မှုဇုံဆောက်ရန် ဂျပန်နိုင်ငံက လိုလားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ အကြီး ဆုံး ဆောက်လုပ်ရေးလုပ်ငန်းဖြစ်သော အီတာလျံ-ထိုင်း ဖွံ့ဖြိုးရေး ကုမ္ပဏီကလည်း ဒေါ်လာ (၈.၆) ဘီလီယံ ကုန်ကျမည့်၊ ထားဝယ်ရေနက်ဆိပ်ကမ်း နှင့် စက်မှုဇုံတခု ဆောက်လုပ်ရာတွင် ဂျပန်နိုင်ငံအနေဖြင့် ငွေကြေး ထည့်ဝင်မှု ပြုလာရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဆန်ပြည်ပတင်ပို့မှု ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှ စတင်၍ ပြီးခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အထိ ၅ နှစ် ဆက်တိုက် တင်ပို့မှု တန်ချိန်ပေါင်း ၁ သန်းကျော် တိုးတက်ခဲ့သည်ဟု ဆိုသည်။ ၎င်းအချိန်ကာလ ၅ နှစ်အတွင်း စုစုပေါင်း ပြည်ပသို့ ဆန်တင်ပို့မှုသည် တန်ချိန်ပေါင်း ၇ သန်းခွဲ (၇.၅ သန်း) တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ စာရင်းများအရ သိရသည်ဟု ဆိုပါသည်။ လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မတ်လကုန်အထိ ဆန်တန်ချိန် နှစ်သန်းကျော် တင်ပို့ထားနိုင်ခဲ့သည်ဟု ဆိုသည်။ ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍနှစ်က ပြည်ပကို ဆန်တင်ပို့မှု တန်ချိန် ၃ သန်းကျော် ဖြင့် စံချိန်တင်ခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ်နိုင်ငံက ဝယ်ယူမှု မရှိခဲ့သောကြောင့် တင်ပို့မှု ကျဆင်းခဲ့ရသည်ဟု သိရသည်။ လာမည့် ဘဏ္ဍာနှစ်တွင် ပြည်ပသို့ဆန်တန်ချိန် နှစ်သန်းခွဲတင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ ဥက္ကဌ ဦးအောင်သန်းဦးက ပြောကြောင်း 7Day tv သတင်းအရ သိရသည်။

မြန်မာဆန် ပြည်ပသို့တင်ပို့မှုသည် တဖြည်းဖြည်းတိုးတက်လာနေသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာမျိုးအောင်ကျော်က ဆိုသည်။ ၂၀၂၀ ခုနှစ်တွင် ဆန်တန်ချိန်ပေါင်း ၃ သန်း ပြည်ပတင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း ဒေါက်တာမျိုးအောင်ကျော်က မဇ္ဈိမသတင်းသို့ ပြောကြောင်း သိရသည်။ ပို့ကုန်ဝင်ငွေကိုလည်း ၂၀၂၂ ခုနှစ်တွင် ဆန်ပြည်ပတင်ပို့မှုမှတဆင့် အမေရိကန်ဒေါ်လာသန်း ၁၀၀၀ (၁ ဘီလီယံ) အထိ ရရှိနိုင်ရန်  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် မျှော်မှန်းထားကြောင်း သိရသည်။ ယင်းမျှော်မှန်းချက်များအတိုင်း ပြည့်မီရန်  ဖြစ်နိုင်ခြေ ရှိသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါက်တာမျိုးအောင်ကျော်က မဇ္ဈိမကို ဖြည့်စွက်ပြောဆို ကြောင်းလည်း သိရသည်။

ဒေါက်တာမျိုးအောင်ကျော်၏ ပြောကြားချက်အရ လယ်ကွက်အတွင်း သမားရိုးကျ ရိတ်သိမ်းပြီး ဆန်ဖြစ်လာသည်အထိ လုပ်ငန်းစဉ်များအတွင်း ဆုံးရှုံးလေလွင့်မှု တစ်ဧကမှာ ၁၀% မှ ၁၅% အထိရှိကြောင်း၊ Combine Harvester (ကောက်ရိတ်ခြွေစက်) ကို အသုံးပြုလာခြင်းကြောင့် ဆန်စပါးလေလွင့်ဆုံးရှုံးမှု ၂ % သာ ရှိတော့ကြောင်း သိရသည်။

မြန်မာ့အမျိုးသားပို့ကုန်မဟာဗျူဟာ National Export Strategy-NES  ကို ၂၀၂၀-၂၀၂၅ အတွက် ပြန်လည်ရေးဆွဲလျက် ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆိုသည်။ အဆိုပါ မဟာဗျူဟာတွင် ဆန်စပါးကို ဦးစားပေး ကဏ္ဍအဖြစ် ဆက်လက်ထည့်သွင်းရန်ရှိပြီး ဆန်စပါးတင်ပို့မှု တိုးတက်ရေးအတွက် မဟာဗျူဟာများတွင် ပြည်ပ အကူ အညီများရရှိရေး၊ စပါးမှစပြီး ဆန်ဖြစ်သည်အထိ Value Chain တစ်ခုလုံးတိုးတက်ရေးတို့အတွက် ဆောင်ရွက်နိုင်ရန် လို အပ်ကြောင်း သိရသည်။ ဆန်ကို လက်ရှိပြည်ပတင်ပို့နေရသည့် ဈေးပေါပေါဖြင့် ရောင်းချနေရသည်ကို ဈေးကောင်းရရှိ စေရန် ပြုပြင်ဆောင်ရွက်ခြင်း၊ အရည်အသွေးကောင်း ဆန်များ ထုတ်လုပ်နိုင်ရန်ဆောင်ရွက်ခြင်း၊ ပြည်ပတင်ပို့သော ဈေးကွက်များတိုးတက်များပြားလာစေရန် ဆောင်ရွက်ခြင်း၊ ပြည်ပတင်ပို့သည့် Rice Exporters များတွင် တစ်နှစ်လျှင် ဆန်တန်ချိန် တစ်သိန်း အထက်တင်ပို့နိုင်သူများ များပြားလာစေရန်ကြိုးပမ်းခြင်းနှင့် ထိုပုဂ္ဂိုလ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ ဈေးကွက်အလိုက် ဈေးကွက်ထိုးဖောက်မည့် မဟာဗျူဟာများချမှတ်ဆောင်ရွက်ခြင်း၊ စားနပ်ရိက္ခာ ဘေး ကင်းလုံခြုံမှုအချက်များနှင့် ပြည့်စုံသော ဆန်ကောင်းများ ထုတ်လုပ်နိုင်ခြင်း စသည့် အချက်များကိုဦးတည်ပြီး ဆောင်ရွက်နိုင်မည် ဆိုပါက မြန်မာ့ဆန်အနာဂတ်မှာ လွန်အလားအလာကောင်းသည်ဟု သုံးသပ်ပြောဆိုမှုများလည်း တွေ့ရသည်။

မြန်မာ့ဆန်ကို နယ်စပ်လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခြင်းဖြစ်သော်လည်း တရုတ်နိုင်ငံဘက်ကမူ တရား ဝင် ဝယ်ယူခြင်းမဟုတ်ပေ။ ထို့ကြောင့် တရုတ်အာဏာပိုင်များက တရားမဝင် ကုန်သွယ်မှု ဖမ်းဆီးမှုများ ပြုလုပ်ချိန်တွင် တရုတ်ဈေးကွက်မှ ဆန်ဝယ်လိုအား လျော့ကျသွားလေ့ရှိသည်။ ပြီးခဲ့သည့်နှစ်တွင် မကြာခဏဆိုသလို တရုတ်ဘက်ခြမ်း တွင် ဆန်တင်သွင်းမှုကို ဖမ်းဆီးမှုများရှိခဲ့သည်။၂ဝ၁၈ ခုနှစ်တွင် ဆန်တင်ပို့မှုသည် နယ်စပ်လမ်းကြောင်း ကုန်သွယ်မှုမှ ၅၂ ရာခိုင်နှုန်းရှိပြီး ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ၄၈ ရာခိုင်နှုန်းရှိသည်ဟု မြန်မာတိုင်းမ်အပတ်စဉ်သတင်းအရ သိရ သည်။ မြန်မာအနေဖြင့် ယခင်က တရုတ်နိုင်ငံ ဈေး ကွက်သို့ နယ်စပ်လမ်းကြောင်းမှ တင်ပို့မှုသည် ဆန်တင်ပို့မှု၏ ၇ဝ− ၈ဝ ရာခိုင်နှုန်းခန့်ရှိခဲ့သော်လည်း ၂ဝ၁၇ နောက်ပိုင်းတွင် ပင်လယ်ရေကြောင်းဖြင့် အာဖရိက၊ အီးယူစသည့် ဈေးကွက်များ သို့လည်း တင်ပို့မှုမြင့်တက်ခဲ့ခြင်းကြောင့် ပုံမှန် ပင်လယ်ရေကြောင်းတင်ပို့မှု ဈေးကွက်လည်း မြင့်တက်လာခဲ့သည်။ ၂ဝ၁၇−၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၅ သန်း တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ရရှိခဲ့သည်။ အဆိုပါပြည်ပသို့ ဆန်တင်ပို့နိုင်မှု ပမာဏသည် နှစ်ပေါင်း ၅ဝ ကျော်အတွင်း တင်ပို့မှု အများဆုံး စံချိန်တစ်ခုလည်း ဖြစ်သည်ဟု မြန်မာတိုင်းမ်အပတ်စဉ်သတင်း၌ ဖေါ်ပြခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံခြားသို့ ဆန်တင်ပို့မှုကဏ္ဍ၌ ကြိုးပမ်းအားထုတ်မှု ကြီးမားလွန်းသည်ကို တွေ့ရသည်။  ပြည်တွင်းစားသုံးသူများ ဆန်ကြမ်းတပြည် (၁၅၀၀/၂၀၀၀) ဝယ်စားနေရသည်။ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်းတို့အနေဖြင့် ဆင်းရဲသား အလုပ်သမား လယ်သမားများအတွက် ဈေးနှုန်း သက်သက်သာသာဖြင့် ဆန်ဝယ် စားနိုင်အောင်လည်း လုပ်ပေးသင့်သည်။  ဆန်ဈေးတက်မှု၏ အကျိုးဆက်အဖြစ် အနယ်နယ်အရပ်ရပ်က စက်ရုံ အလုပ်ရုံ အတော်များများတွင် လုပ်အားခ တိုးတောင်းသည့် ဆန္ဒပြမှုများ မကြာမကြာ ဖြစ်ပေါ်နေသည်။ ပြဿနာပေါ်တိုင်း ရဲနှင့် လုံခြုံရေးဝန်ထမ်းများ အသုံးပြုဖြေရှင်းခြင်းသည်လည်း ပြဿနာအရင်းအမြစ်ကို ဖြေရှင်းနည်း မဟုတ်။ ဆန်ကုန်သည်များက နိုင်ငံခြားဈေးကွက်ဝင်စေရန် စံချိန်မှီ ဆန် ထုတ်လုပ်ရေး ကြိုးပမ်းလာသည့် အတွက် စရိတ်စကကြီးလာသည်။ အကျိုးဆက်အဖြစ် အောက်ခြေပြည်သူတို့အတွက် ဆန်ဈေး ကြီးမြင့်နေသည်။

မြန်မာနိုင်ငံတွင် လယ်ယာလုပ်ငန်းကို အမှီပြုရသော လူဦးရေက ၆၅% အထက်တွင် ရှိသည်။ ကျေးလက်နေ ဆင်းရဲသား လယ်သမားလူထုသည် ဥပဒေ၏ ကာကွယ် စောင့်ရှောက်မှု ယနေ့အထိ ကောင်းစွာ မရရှိသေး၍ တိုင်းပြည်အပြင်ထွက် အလုပ်ရှာနေကြရသည်။ နိုင်ငံခြားသို့ ဆန်ရောင်းချခွင့် ရရှိနေသော ကုမ္ပဏီများ၊ အသင်းအဖွဲ့များအနေဖြင့် ဆန်စပါး တင်ပို့ရောင်ချ၍ ရရှိသော အကျိုးအမြတ်များထဲမှ လယ်သမားများ၏ လူမှုဘဝဖူလုံရေးအတွက် မျှဝေပေးနိုင်အောင်  အစိုးရက ပြန်လည်စဉ်းစား မူဝါဒများ ချမှတ်ပေးသင့်သည်။ တောင်သူလယ်သမားများ၏ ဘဝသည် အကြွေး ဝဲသြဂထဲမှ ယခုတိုင်မလွတ်နိုင်ဘဲ ဆင်းရဲမွဲတေနေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ကမ္ဘာ့ဆန်အများဆုံး တင်ပို့သူ ပြန်ဖြစ်လာရေး ကြိုးပမ်းမည်ဆိုပါက၊ ထုတ်လုပ်မှုနှုန်းကို ခေတ်မီနည်းလမ်းများဖြင့် တိုးတက်အောင် ကြံဆောင်ရပေမည်။ တချိန်တည်း တွင် တောင်သူလယ်သမားများ၏ အကျိုးခံစားခွင့်နှင့် လူနေမှုဘ၀ မြင့်တင်ပေးရေးကိစ္စတို့ကိုလည်း အလေးအနက်ထား ဖြည့်ဆည်းပေးရန် ထည့်သွင်းစဉ်းစားကြစေလိုသည်။