နောင်ချိုမြို့ကို တဖြည်းဖြည်းချဥ်းကပ်လာနေတဲ့ စစ်ကောင်စီတပ်၊ စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးရတဲ့ စခန်းတွေနဲ့ ပြန်လည်သိမ်းယူတဲ့ မြို့၊ နယ်မြေတွေ
မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၁၂ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၂၅
နောင်ချိုမြို့ကို တဖြည်းဖြည်းချဥ်းကပ်လာနေတဲ့ စစ်ကောင်စီတပ်၊ စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးရတဲ့ စခန်းတွေနဲ့ ပြန်လည်သိမ်းယူတဲ့ မြို့၊ နယ်မြေတွေ
TNLA တအာန်းလက်နက်ကိုင် အဖွဲ့က စစ်ကောင်စီထံက ယမန်နှစ်နှစ်လယ်ပိုင်းကတည်းက တိုက်ခိုက်သိမ်းယူထားခဲ့တဲ့ နောင်ချိုမြို့ကို လနဲ့ချီ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ရာက အခုအခါမှာ မြို့အဝင် နဲ့ ၂ မိုင် ၃ မိုင်အကွာထိ နီးကပ်လာနေပြီး TNLA အနေနဲ့ ခံစစ်နဲ့ တဖြည်းဖြည်းချင်း ဆုတ် ခွာပေးနေရတဲ့အနေအထားလည်း ဖြစ်ပါတယ်။ ယမန်နှစ် နောင်ချိုမြို့သိမ်းယူစဥ်ကာလက TNLA အနေနဲ့ လျင်မြန်တဲ့အရှိန်အဟုန်နဲ့ နောင်ချိုမြို့ကိုသိမ်းယူနိုင်ခဲ့ပြီး နောင်ချိုမြို့ကနေ အရှေ့တောင်ဘက် တောင်ခမ်းနယ်က စစ်ကောင်စီရဲ့ အချက်အချာကျတဲ့စခန်းတွေကိုရဖို့ လနဲ့ချီပြင်းထန်စွာ တိုက်ခိုက်နေခဲ့ရာက ယခုနှစ်ဆန်းပြီးနောက်မှာ TNLA နဲ့ PDF ပူးပေါင်းတပ်တွေ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ဖြည်းဖြည်းချင်း ပြန်လည်ဆုတ်ခွာပေးခဲ့ကြရတဲ့ အနေအထားဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ မြောက်ပိုင်း ညီနောင်မဟာမိတ် အဖွဲ့ ၃ ဖွဲ့နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ စုစည်းထားတဲ့အင်အားနဲ့တိုက်ခိုက်မှုတွေက မြို့တွေ၊ စခန်းတွေကို သီတင်းပတ်အနည်းငယ်နဲ့ လအနည်းငယ် အတွင်း အရှိန်အဟုန်နဲ့ သိမ်းယူနိုင်ခဲ့တာတွေ့ရပါတယ်။ TNLA လက်နက်ကိုင် အဖွဲ့က ၂၀၀၈ ဖွဲ့စည်းပုံအောက်က တအာန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ မန်တုံ၊ နမ့်ဆန်တို့ကို ယမန်နှစ်အစပိုင်းကာလတွေကတည်းက သိမ်းယူနိုင်ခဲ့ပြီး ယင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေအပြင် ကွတ်ခိုင်၊ မိုးကုတ်၊ ကျောက်မဲ၊ နောင်ချို၊ သီပေါမြို့တွေကိုလအနည်းငယ်အတွင်း သိမ်းယူခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ထိန်းသိမ်းထားရတဲ့ နယ်မြေကျယ်ပြန့်လာတာနဲ့အမျှ ဆက်လက် နယ်မြေ သိမ်းယူနိုင်ရေးမှာ အကန့်အသတ်တချို့ ရှိလာခဲ့တဲ့အနေအထားလို့ ယူဆရပါတယ်။ တောင်ခမ်းတိုက်ပွဲမှာ လများစွာကြာမြင့်ခဲ့ရာက နှစ်ဆန်းပိုင်း MNDAA နဲ့ စစ်ကောင်စီ အပစ်ရပ်သဘောတူညီချက်က စစ်ကောင်စီအတွက် အရှေ့မြောက်ဒေသမှာ စစ်မျက်နှာကျဥ်းလာစေပြီး ၁၀၂၇ စစ်ဆင်ရေးအစပိုင်းကာလ တုန်းကလို PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့အရှိန်အဟုန်လည်း လျော့ကျလာခဲ့တာတွေက TNLA ရဲ့ စစ်ရေးအောင်မြင်မှုအရှိန်အဟုန်ကို တန့်စေခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်ဒေသကတိုက်ပွဲတွေမှာ တရုတ်နိုင်ငံရဲ့သံတမန်ရေးအကူအညီ၊ နယ်စပ်ကုန်သွယ်မှုပိတ်ဆို့မှုတွေ၊ ဒရုန်းကို တွင်ကျယ်ကျွမ်းကျင်စွာအသုံးပြုမှုတွေက TNLA အနေနဲ့ ခံစစ်အနေအထားကို ပြောင်းလဲရောက်ရှိစေခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ လားရှိုးမြို့ကိုတိုက်မယူရဘဲ ပြန်လည်ရရှိခဲ့ခြင်းကလည်း ရှမ်းမြောက်မှာ စစ်ကောင်စီတပ်တွေအနေနဲ့ ပြန်လည် အားရှိစေခဲ့သလို နယ်မြေအနေအထားအရလည်း အချက်အချာမြို့မှာ စစ်အင်အားပြန်လည် ဖြည့်တင်း အခြေစိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့အချို့သောဒေသတွေမှာ စစ်ကောင်စီတပ်တွေအရှုံးနဲ့ရင်ဆိုင်နေရပေမယ့် ရှမ်းမြောက်မှာတော့ တရုတ်နိုင်ငံရဲ့ အကူအညီကိုအားယူပြီး စစ်ကောင်စီက တဖြည်းဖြည်းဆုံးရှုံးခဲ့ရတဲ့ နယ် မြေ၊ တပ်ရင်းစခန်း၊ တိုင်းစစ်ဌာနချုပ်တွေကို ပြန်လည်ရယူဖို့ကြိုးပမ်းနေကာ ပြန်လည်ရရှိသလောက်လည်း ရရှိပြီးဖြစ်ပါတယ်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ၆ လကျော်လာချိန်မှာ နှစ်ဖက်လုံး ထိခိုက်သေဆုံးမှု အများအပြားနဲ့ အခြေအနေ တန့်နေသလို ရှမ်းမြောက်မှာတော့ နောင်ချိုမြို့ကို ပြန်လည်သိမ်းယူနိုင်မယ့် အလားအလာများနေတဲ့ အခြေအနေ ဖြစ်ပါတယ်။
MNDAA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးထဲက ထွက်ပြီး အပစ်ရပ်လိုက်တဲ့နောက်မှာ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီ ရင်ဆိုင်ရတဲ့ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့ဆိုလို့ TNLA သာရှိတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ SSPP/SSA ရှမ်းလက်နက်ကိုင် တပ်တွေ ရှမ်းမြောက်မှာ ရှိသည့်တိုင် စစ်ကောင်စီနဲ့ ရင်ဆိုင်တိုက်ခိုက်ခြင်း မရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်လို့ စစ်ကောင်စီအဖို့ ရင်ဆိုင်စရာ TNLA တဖွဲ့သာရှိတဲ့ သဘောဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ကိုအပြီးတိုင် အနိုင်ယူ ရေးက အဓိကရည်မှန်းချက်လား၊ မိမိတို့ တိုင်းရင်းသားတွေနေထိုင်ကြတဲ့ဒေသကို ထိန်းချုပ်နိုင်ရေး နောက်တဆင့်အနေနဲ့ နယ်နိမိတ်ဒေသတွေကို ကြားခံဇုန်အဖြစ် ရင်ဆိုင်ထားရှိရေး အထိသာ ခံယူထားကြသလား ဆိုတာ အခုနေအခါမှာ အရေးကြီးတဲ့ မေးခွန်းတခုဖြစ်လာပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအစောပိုင်းကာလမှာတော့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ထုတ်ပြန်ချက်အချို့မှာ စစ်အာဏာသိမ်းတပ်ကို အနိုင်ယူရေးဆိုတဲ့အဓိပ္ပါယ်သက်ရောက်တဲ့ ကြေညာချက်တွေထုတ်ပြန်ခဲ့ကြပေမယ့် ခုနောက်ပိုင်းမှာ အဆိုပါ သဘောသက်ရောက်တဲ့ ပြောဆိုမှု ထုတ်ပြန်မှုတွေ မတွေ့ရတော့ပါဘူး။
စစ်ရေး ဘုံရည်မှန်းချက်၊ သဘောတူညီချက်တခု အမျိုးသားညီညွတ်ရေး အစိုးရ နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား ရှင်းလင်းခိုင်မာတဲ့ သဘောတူညီချက်မျိုး ရှိသလား ဆိုတဲ့ မေးခွန်းလည်း ရှိသလို အခုအချိန်ထိတော့ ကျယ်ပြန့်ပြီး အားလုံးနီးပါး ပါဝင်တဲ့ စစ်ရေး ဘုံရည်မှန်းချက် ဘုံသဘောတူညီချက် ဘုံလုပ်ငန်းစဥ် မရှိသေးတဲ့ အနေအထားဖြစ်ပါတယ်။
ဒီ အနေအထားကြောင့်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မိမိတို့ ရည်မှန်းချက် ပြည့်မြောက်တာ သို့မဟုတ် ပြည့်မြောက်လုနီးအခြေအနေမှာ စစ်ကောင်စီနဲ့ဆွေးနွေးတာမျိုး တရုတ်နိုင်ငံရဲ့ ဖိအားကြောင့်လို့ ဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့ အပစ်ရပ် သဘောတူညီပြီး မိမိတို့ပန်းတိုင် သို့မဟုတ် ပန်းတိုင်နဲ့ နီးစပ်တဲ့နေရာကို ရောက်ရှိပြီး ရောက်တဲ့အနေအထားကနေ ပြန်လည် လျော့ကျမသွားအောင် ထိန်းထားကြတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။
ရခိုင်ပြည်နယ်၊ ရှမ်းမြောက်၊ ကချင်ပြည်နယ် နဲ့ ချင်းပြည်နယ်တို့မှာ စစ်ကောင်စီ အနေနဲ့ နယ်မြေ လက်လွှတ်ဆုံးရှုံးမှုတွေ ရင်ဆိုင်နေရပြီး ကရင်နီနဲ့ ရှမ်းတောင်၊ ကရင်ပြည်နယ် တနင်္သာရီ၊ ပဲခူး၊ မန္တလေးတိုင်းတို့မှာတော့ ခုနှစ်ထဲမှာ နယ်မြေထပ်မံ လက်လွှတ်ဆုံးရှုံးမှု မရှိတော့သလို အချို့သော မြို့တွေကို ပြန်လည်သိမ်းယူတာမျိုး ရှိနေတာ ဖြစ်ပါတယ်။ လတ်တလောမှာ မိုးဗြဲမြို့နဲ့ မိုးဗြဲ-လွိုင်ကော်လမ်း ကိုထိန်းချုပ်ထားသလို ယမန်နှစ်က PNLA က သိမ်းယူခဲ့တဲ့ ဆီဆိုင်မြို့ ကို ပြန်လည်သိမ်းယူတာ၊ ကော့ကရိတ်မြို့ ကို ပြန်လည် သိမ်းယူတာတွေက စစ်ကောင်စီအဖို့ ၄င်းတို့ အခုလက်ရှိ အနေအထားကို ထိန်းထားနိုင်ဖို့ အပြင်းအထန် ကြိုးစားနေတာကို ပေါ်လွင်စေပါတယ်။
လတ်တလော ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်တလျှောက်က နယ်စပ် စစ်စခန်းတွေကို တခုပြီးတခု KNU နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူနေတာ ဖြစ်ပေမယ့် မြို့တွေ လက်လွှတ်ဆုံးရှုံးရတာမျိုးတော့ မတွေ့ရပါဘူး။
အထက်က အခြေအနေတွေအားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် စစ်ကောင်စီအနေနဲ့ နယ်မြေ ဒေသအလိုက် ခံစစ်က အနေအထား အများစုဖြစ်ပြီး အချို့သော ဒေသတွေမှာ ပြန်လည်ထိုးစစ်ဆင်နိုင်တဲ့ အခြေအနေလည်း တွေ့နေရတာမို့ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ အနေနဲ့ စစ်ရေးအရ တစုတစည်းထဲ မဟာဗျူဟာ တခုထည်း အောက်မှာ တိုက်ခိုက်နိုင်ဖို့က မရှိမဖြစ်အရာ ဖြစ်လာနေပြီဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar