Breaking News

ဧရာ(မန္တလေး) - ဒဏ္ဍာရီတွေရဲ့ နောက်ကွယ်


ဧရာ(မန္တလေး) - ဒဏ္ဍာရီတွေရဲ့ နောက်ကွယ်

(မိုးမခ) ဇွန် ၂၊ ၂၀၂၀

ခပ်ငယ်ငယ်က ဇာတ်နိပါတ် ပုံပြင်တွေ အပါအဝင် ဒဏ္ဍာရီတွေကို မယုံလို့ မဖတ်ဖြစ်ခဲ့ဖူး။ နောင်မှ ဒဏ္ဍာရီတွေရဲ့ သဘောကို နည်းနည်း သဘောပေါက်လာလို့ ကြိုးစားပြီး ပြန်ဖတ်ဖြစ်ပါတယ်။

စိတ်ပညာရှင်တွေရဲ့ စကားနဲ့ ပြောရရင် ဒဏ္ဍာရီဆိုတာက လူမျိုးတမျိုးရဲ့ ဒါမှမဟုတ် လူသားတွေရဲ့ collective unconsciousness ကို မျိုးဆက်တခုကနေ တခုကို လက်ဆင့်ကမ်းပေးတဲ့ tool တခုပဲ။ အချို့ဒဏ္ဍာရီတွေက သမိုင်းမှာ တကယ် ဖြစ်ခဲ့ချင်မှ ဖြစ်ခဲ့မယ်။ ဒါပေမယ့် လူ့အတွင်းစိတ်မှာ ကိန်းနေတဲ့ အမှန်တရားတခုခုကို သင်္ကေတနိမိတ်ပုံရိပ်တွေနဲ့ ပြန်ပြောထားတာဖြစ်လို့ unreal လို့ပြောမရဘဲ hyper-real လို့တောင် ပြောနိုင်တယ်။

ဒီလိုပုံဝတ္ထုတွေမှာ အလွှာ သုံးလွှာ ရှိနေနိုင်တယ်။ ပထမတခုကတော့ တကယ်ဖြစ်ခဲ့တဲ့ historical fact, ဒုတိယကတော့ မျိုးဆက်သစ်ကို လက်ဆင့်ကမ်းတဲ့အခါ စိတ်ဝင်စားစရာ ဖြစ်အောင် ပုံပြောသူက ထပ်ဆင့် ဖြည့်စွက်ပေးထားတဲ့ legendary elaboration, နောက်ဆုံး အလွှာကတော့ လူ့အတွင်းစိတ်ကနေလာတဲ့ တကယ်တမ်း လက်ဆင့်ကမ်းပေးချင်တဲ့ အမှန်တရားတခုခု သတင်းစကားတခုခု mythological reality or message လို့ အလွှာ သုံးလွှာ ရှိနေပါတယ်။

ပထမ အလွှာမှာ historical value, ဒုတိယ အလွှာမှာ literary value, တတိယအလွှာမှာ philosophical/psychological value အသီးသီး ရှိကြပါတယ်။ အချို့ဒဏ္ဍာရီတွေကတော့ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက် မဟုတ်ဘဲ ဒုတိယနဲ့ တတိယအလွှာပဲ ရှိတဲ့ ပုံဝတ္ထုမျိုး ဖြစ်နေနိုင်တယ်။ ဒီလိုပုံပြင်မျိုးကို အပြင်မှာ တကယ်ဖြစ်ခဲ့ မဖြစ်ခဲ့ သွားစဉ်းစားနေရင် ပုံပြင်ကပေးတဲ့ လိုရင်းသတင်းစကားက ပျောက်သွားနိုင်တယ်။ ပုံပြောခြင်း အတတ်ပညာနဲ့ ဖွဲ့နွဲ့တန်ဆာဆင်တာတွေ များသွားပြန်ရင်လည်း လိုရင်းသတင်းစကားကို မေ့ပြီး ဇာတ်လမ်းထဲ မြောသွားနိုင်တယ်။

ဒီနေရာမှာ ဘီလူးကြီး အာဠာဝက ပုံဝတ္ထုကို နမူထုတ်ပြချင်ပါတယ်။

အာဠာဝက ပုံဝတ္ထုရဲ့ historical fact ကို ရှာချင်ရင်တော့ ရှေးအကျဆုံး မှတ်တမ်းတင်ထားတဲ့ မူရင်း သုတ္တနိပါတ်ပါဠိတော်၊ ဥရဂ္ဂဝဂ်၊ အာဠာဝကသုတ်နဲ့ သဂ္ဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ ယက္ခသံယုတ်၊ အာဠာဝကသုတ်တွေကို ဖတ်ရမှာပါ။ ဇာတ်လမ်းဇာတ်ကွက် သိပ်များများစားစား မပါပါဘူး။ ပါဠိတော် အများစုက နှုတ်နဲ့ သင်ကြားပို့ချရတာကြောင့် တစ်ကြောင်း၊ historical fact ထက် ဓမ္မ message ကိုပဲ ဦးစားပေးအတွက် တစ်ကြောင်း သမိုင်းအချက်လက်တွေကို တမင်မြုတ်ထားတယ် (intentionally dehistoricized) လို့တောင် ပြောလို့ရပါတယ်။

မြတ်စွာဘုရားက အာဠာဝကရဲ့ ဗိမာန်မှာ သတင်းသုံးနေတယ်။ အာဠာဝကက “ရဟန်း ထွက်သွား” လို့ဆိုတော့ မြတ်စွာဘုရားက ဗိမာန်ကနေ ထွက်သွားတယ်။ ဒီတော့ အာဠာဝကက “ရဟန်း ပြန်ဝင်ဆိုတော့” မြတ်စွာဘုရားက ဗိမာန်ထဲ ပြန်ဝင်တယ်။ ဒီလို သုံးကြိမ်တိုင်တိုင် ဝင်လိုက်ထွက်လိုက် လုပ်ပြီးတဲ့ အချိန်မှာ အာဠာဝကက “ရဟန်း ထွက်သွား” လို့ဆိုတော့ ဘုရားက ထွက်မသွားတော့ဘဲ “သင်လုပ်ချင်ရာလုပ်၊ ငါမထွက်တော့ဘူး” လို့ ဆိုတယ်။ ဒီအခါမှာ အာဠာဝကက “ငါ ပြဿနာ မေးမယ်၊ မဖြေနိုင်ရင် သင်ကို ရှုးသွပ်အောင်လုပ်ပြီး နှလုံးကို ခွဲ ခြေထောက်ကိုကိုင်ပြီး ဂင်္ဂါမြစ် တဖက်ကမ်းကို ရောက်အောင် လွှင့်ပစ်လိုက်မယ်” လို့ ခြိမ်းခြောက်ပြီး မေးခွန်းတွေ မေးတယ်။ ဘုရားက မေးခွန်းတွေကို ဖြေတယ်။ အချုပ်ကတော့ ဖြောင့်မတ်မှန်ကန်ခြင်း, အသိပညာ, ဇွဲလုံ့လနဲ့ စွန့်လွှတ်မှု (သစ္စံ ဓမ္မော ဓိတိ စာဂေါ) ဆိုတဲ့ တရားလေးပါပဲ။ မေးခွန်းတွေ ဖြေအပြီးမှာ ဘုရားက “မကျေနပ်သေးရင် အခြား သမဏဗြာဟ္မဏတွေကို သွားမေးချေ” လို့ ဆိုတယ်။ အာဠာကကလည်း အခြားမှာ သွား မေးစရာ မလိုတော့ပါဘူးလို့ ဆိုပြီး “ငါသည် သမ္ဗုဒ္ဓဘုရားကို၎င်း၊ ဓမ္မ၏ ကောင်းခြင်းကို၎င်း ရှိခိုးလျက် တစ်ရွာမှ တစ်ရွာ တစ်မြို့မှ တစ်မြို့ လှည့်လည်ပါအံ့” လို့ သရဏဂုံတည်ပါတယ်။ ဒါက မူရင်း ပါဠိတော်တွေမှာ လာတဲ့ အာဠာဝကသုတ် အကျဉ်းချုပ်ပါ။

အာဠာဝက ပုံဝတ္ထုရဲ့ legendary elaboration ကိုတော့ အဋ္ဌကထာတွေနဲ့ နှောင်းခေတ်စာတွေမှာ ဖတ်နိုင်ပါတယ်။ အကယ်၍ အဋ္ဌကထာတွေမှာပြောတဲ့ ‘ဒုဿာဝုဓ’ ဘွဲ့ဖြူလက်နက်ကို ပိုင်တဲ့ အာဠာဝက နတ်ဘီလူး ဆိုတာကို လက်မခံနိုင်ရင်တော့၊ မဟာဘာရတလို သက္ကတ ကဗျာတွေမှာပါတဲ့ ‘အာဋာဝိက’ လို့ခေါ်တဲ့ တောတွင်းမှာနေတဲ့ လူသားစား လူရိုင်းမျိုးနွယ်စုရဲ့ ခေါင်းဆောင် တဦးလို့ ယူချင်ယူလို့ ရတယ်။ ကောင်းကင်ကို ပစ်လိုက်ရင် ၇-နှစ် မိုးခေါင်မယ်၊ မြေပြင်ကို ပစ်ရင် ၇-နှစ်လုံး သစ်တောတွေ, သီးနှံပင်တွေ အကုန် ပြုန်းတီးသွားမယ်၊ ပင်လယ်ထဲကို ပစ်လိုက်ရင် ရေတွေ အကုန် ဆူပွက်ခမ်းခြောက်ကုန်မယ် ဆိုတဲ့ ဘွဲ့ဖြူလက်နက်ကို မဟာဘာရတမှာ ဗြဟ္မသတ္ထလို့ ခေါ်တယ်။ (ဒါဟာ သူတို့နိုင်ငံမှာ ရှေးကတည်းက ရှိခဲ့ဖူးတဲ့ nuclear weapon တမျိုးပဲလို့ အိန္ဒိယက ကုလား အချို့က ဂုဏ်ယူစွာပြောလေ့ ရှိပါတယ်)။

ထားပါတော့။ အဋ္ဌကထာဆရာရဲ့ legendary elaboration တွေက ယုတ္တိမတန်ဘူး ဆိုပြီး လုံးဝ ပစ်ပယ်လိုက်တာမျိုး၊ ဒါမှမဟုတ် အားလုံးကို တိုက်ရိုက်သဘောနဲ့ အဓိပ္ပါယ်ကောက်ယူလိုက်တာမျိုးက ဒီအာဠာဝကဝတ္ထုက ပေးချင်တဲ့ mythological message အချို့ ပျောက်သွားစေနိုင်ပါတယ်။

အရေးအပါဆုံး message ကတော့ မူရင်းသုတ္တန်ထဲမှာ တိုက်ရိုက်ပါတဲ့ ဖြောင့်မတ်မှန်ကန်ခြင်း, အသိပညာ, ဇွဲလုံ့လနဲ့ စွန့်လွှတ်မှု (သစ္စံ ဓမ္မော ဓိတိ စာဂေါ) ဆိုတဲ့ တရားလေးပါးပါပဲ။ ဒီတရားလေးပါးကို နိပါတ်တော်ထဲမှာ (အမှတ် ၅၇- ဝါနရိန္ဒဇာတ်နဲ့ အမှတ် ၄၁၆ ကုမ္ဘိလဇာတ်)၊ ပက္ကုသာတိမင်းကို ဟောတဲ့ မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ဥပရိပဏ္ဏာသ၊ ဓာတုဝိဘင်္ဂသုတ်တွေမှာ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ ဟောထားတဲ့ အတွက် အလွန်အရေးပါတယ် ဆိုတာ ရိပ်စားနိုင်ပါတယ်။ သံဝရပျို့မှာလည်း “သစ္စံဓမ္မ၊ ဝီရိယနှင့်၊ စာဂဟူသည်၊ ရန်သူအောင်မှု၊ ကြောင်းလေးခုဖြင့်၊ သတ္ထုမဒ္ဒန၊ ကိစ္စပြီးကုန်၊ ကိုယ်မှုလုံသား” လို့ စပ်ဆိုထားပါတယ်။ ယောမင်းကြီး ဦးဘိုးလှိုင်ကလည်း ရာဇဓမ္မသင်္ဂဟကျမ်းမှာ အနောက်နိုင်ငံတွေမှာ ဒီတရားလေးပါး ထွန်းကားတဲ့အတွက် တိုးတက်အောင်မြင်နေရတယ်ဆိုတာကို ထည့်ရေးထားပါတယ်။

နောက် အရေးပါတဲ့ message က အလွန်ကြမ်းတမ်း ခက်ထန်တဲ့ အာဠာဝကဘီလူးကို သည်းခံခြင်းနဲ့ အောင်မြင်တော်မူတာပါ။ ဒါကြောင့်လည်း နှောင်းခေတ် ဆရာတော်ကြီးတွေက အောင်ခြင်း ရှစ်ပါး ဘုရားရှိခိုး ဂါထာတွေမှာ ထည့်သွင်းပူဇော်ခဲ့ကြပါတယ်။ အာဠာဝကကို အောင်တော်မူခန်းဆိုတာက ဖြောင့်မှတ်မှန်ကန်ခြင်း, သင်ယူလို စိတ်ရှိခြင်း, တာဝန်ကျေပွန်ခြင်း, စွန့်လွှတ်ခြင်းဆိုတဲ့ တရားတွေနဲ့ အလွန် ခက်ထန်ကြမ်းတမ်းသူ တစ်ဦး အဖြစ်ကနေ ဘုရားတရားကို အလွန်လေးစား ကြည်ညိုတဲ့နေရာမှာ မှတ်တမ်းတင်ရတဲ့ အာဠာဝက အဖြစ် ပြောင်းလဲပေးခဲ့တဲ့ အောင်ပွဲပါ။ (အရင်နေ့က ရေးခဲ့တဲ့ psychological archetypes သဘောနဲ့ ပြောရရင် အာဠာဝက lower masculine (violence) ကနေ higher masculine (intelligence) အဖြစ် ပြောင်းသွားတဲ့ spiritual transformation ပါ)

“ခက်ထန်ကြမ်းတမ်းမှုကို တန်ပြန် ခက်ထန်ကြမ်းတမ်းမှုနဲ့ ဆုံးမလို့ မရနိုင်ဘူး” (ထဒ္ဓေါ ပဋိထဒ္ဓဘာဝေန ဝိနေတုံ န သက္ကာ)။ ဒါကြောင့် အာဠာဝက ဘီလူးက ထွက်လို့ပြောတဲ့ အခါမှာ မြတ်စွာဘုရားက ထွက်ပြီး၊ ဝင်လို့ပြောတဲ့အခါမှာ မြတ်စွာဘုရားက ဝင်ပါတယ်။ ဒီအခါမှာ အာဠာဝကရဲ့ စိတ်က အရင်လို ခက်ထန်မနေတော့ဘဲ “ဒီရဟန်းဂေါတမက ငါပြောတဲ့ စကားကို နားထောင်သားပဲ” ဆိုတဲ့ အတွေးနဲ့ နူးညံ့လာပါတယ်။ ဒါပေမယ့် ဒီလို အကြိမ်ကြိမ် ဝင်စေ ထွက်စေပြီး မြတ်စွာဘုရားကို ပင်ပမ်းအောင် လုပ်မယ်ဆိုတဲ့ စိတ်ယုတ်ဝင်လာတဲ့အခါမှာတော့ “သင်လုပ်ချင်ရာလုပ်၊ မထွက်တော့ဘူး” လို့ မြတ်စွာဘုရားက မိန့်ပါတယ်။ အဲဒီအခါမှာ အာဠာဝကက သူမေးတဲ့ ပြဿနာကို မဖြေနိုင်ရင် ဂင်္ဂါမြစ်တဖက်ကမ်းကို လွှင့်ပစ်မယ်လို့ ဆိုပါတယ်။

ခက်ထန် ကြမ်းတမ်းပြီး အင်အားသုံး ဖြေရှင်းတတ်တဲ့ အာဠာဝကက “ပြဿနာမေးမယ်” လို့ ပြောင်းလဲသွားတာက ထူးခြားတဲ့ အပြောင်းအလဲတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဇာတ်နိပါတ်ထဲမှာ ဘီလူးက ပြဿနာမေးတဲ့ အခြား ဇာတ်တော်တွေ ရှိပါတယ်။ ဒေဝဓမ္မဇာတ် (ဇာတကအမှတ် ၅) က ထင်ရှားတယ်။ မြန်မာပြည်က ဇာတ်တွေကလည်း ဒီဒေဝဓမ္မဇာတ်ထုတ်ကို ကပြလေ့ရှိပါတယ်။ မေးခွန်းကွဲပေမယ့် ဒေဝဓမ္မဇာတ်နဲ့ ဇာတ်လမ်းဇာတ်ကွက်ခြင်း တူတဲ့ “ယက္ခပြဿနာ” ဆိုတဲ့ အခန်းတစ်ခန်းလည်း မဟာဘာရတမှာ ပါတယ်။ ဒေဝဓမ္မဇာတ်နဲ့ မဟာဘာရတက “ယက္ခပြဿနာ” က မဖြေနိုင်ရင် အစားခံရမယ့် သေရေးရှင်ရေး ပြဿနာလို့ ဆိုနိုင်ပါတယ်။ မေးခွန်းရဲ့ အဖြေတွေက သိပြီးသူတွေအတွက် ရိုးစင်းကောင်း ရိုးစင်းနေမယ်၊ ဒါပေမယ့် ဒါဟာ သေရေးရှင်ရေး တမျှ အရေးထားရမယ့် ပြဿနာတွေလို့ ဆိုနိုင်ပါတယ်။

အာဠာဝကဘီလူးက မြတ်စွာဘုရားကို ခြိမ်းခြောက်ပြီး ပြဿနာမေးတဲ့ အခါမှာတော့ ဘုရားရှင်ကို ဘယ်သူကမှ အန္တရာယ် မပြုနိုင်ဘူးဆိုတာ စာဖတ်သူတွေ (အာဠဝက ဝတ္ထုကို နားထောင်သူတွေ) သိနေကြပြီးသားပါ။ ဒါဆိုရင် အာဠာဝက အတွက် သေရေးရှင်ရေး ပြဿနာလား။ ဒီမေးခွန်းတွေ သူဘယ်ကရသလဲ။

အာဠာဝကဘီလူးရဲ့ မိဘတွေက ကဿပမြတ်စွာ ဘုရားရှင်ဆီကနေ ဒီပြဿနာရှစ်ခုနဲ့ အဖြေကို သင်ယူနာကြားခဲ့ရတယ်။ သူငယ်စဉ်တုန်းက ဒီပြဿနာနဲ့ အဖြေတွေကို မိဘတွေက သင်ကြားပေးခဲ့တယ်။ ဒါပေမယ့်လည်းအချိန်ကြာတော့ အဖြေတွေကို မေ့သွားတယ်။ မေးခွန်းတွေကို မှတ်မိနေသေးတုန်း ရွှေပေလွှာပေါ်မှာ ရေးမှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒီတော့ ဒီမေးခွန်းတွေက မိဘတွေ လက်ဆင့်ကမ်းခဲ့ပေမယ့် ဘုရားတစ်ဆူနဲ့ တစ်ဆူကြားကာလမှာ အဖြေ မေ့လျော့သွားတဲ့ ပြဿနာတွေလို့ ဆိုနိုင်တယ်။

ဒီနေ့ခေတ် မြန်မာနိုင်ငံမှာ “ဘီလူးကြီး အာဠာဝက” ဆိုရင် မသိသူ မရှိသလောက် ရှားပါလိမ့်မယ်။ ဒါပေမယ့် အလွန်ခက်ထန် ကြမ်းတမ်းတဲ့ အာဠာဝက အဖြစ်ကနေ ဘုရားတရား အလွန်ကြည်ညိုသူတစ်ဦး ဖြစ်စေခဲ့တဲ့ ပြဿနာရှစ်ခုနဲ့ အဖြေတွေကိုတော့ ကျွန်တော်တို့ မေ့လျော့ကောင်း မေ့လျော့နေနိုင်ပါတယ်။ ကျွန်တော်တို့က ဒဏ္ဍာရီ ပုံပြင်တွေကို မှန်မှန်ကန်ကန် ဖတ်တတ်, လက်ဆင့်ကမ်းတတ်အောင် သင်ယူကြရဦးမှာပါ။