Breaking News

လေးလေး - သိန်းဖေမြင့်ဝတ္ထုတိုပေါင်းချုပ်

လေးလေး - သိန်းဖေမြင့်ဝတ္ထုတိုပေါင်းချုပ်

မိုးမခ ၊ ဇူလိုင် ၁၃ ၊ ၂၀၂၅

တလောက စာသင်ကျောင်းတခုက ကလေးမလေးတွေ သီချင်းတပုဒ်နဲ့ကပြီး ပျော်နေကြတဲ့ ဗီဒီယိုဖိုင်တခု အွန်လိုင်းမှာ ကြည့်လိုက်ရတယ်၊ သူတို့ဖွင့်ပြီး “က”နေတဲ့သီချင်းက လွန်ခဲ့တဲ့ နှစ် ၄၀ လောက်က အောင်မြင် ကျော်ကြားခဲ့တဲ့ သီချင်း၊ ဗီဒီယိုဖိုင်ကြည့်ရင်း သူတို့ခေတ်သီချင်းတွေ ရှားနေလေရော့သလား၊ သီချင်းကောင်းတွေ ထွက်ပေါ်လာဖို့ ရေခံမြေခံကောင်းတွေ ပျောက်ဆုံးကုန်ပြီလားလို့ အတွေးရောက်တယ်။

စစ်အာဏာသိမ်းကာလ ရှည်လျားလာတာနဲ့အမျှ ဂျာနယ်၊ မဂ္ဂဇင်းတွေ ပျောက်သွားပြီး စာကောင်းပေမွန်တွေလည်း အရင်လို များများစားစား ထွက်မလာတော့ စာဖတ်သူတွေ စာငတ်၊ စာရေးသူတွေလည်း ဘယ်နေရာမှာ ဘာစာရေးရပါ့နဲ့၊ အနုပညာရှားပါးခေတ် ဖြစ်လာနေတာ တွေ့ရတယ်။

အထူးသဖြင့်တော့ ဝတ္ထုတို၊ ဝတ္ထုရှည် စတဲ့ရသစာပေ ရှားလာပြီး အသစ်မထွက်သလောက်ပဲလို့ ပြောနိုင်တယ်။ ဒီကြားထဲ အားတက်စရာကတော့ ရှေးက စာရေးဆရာကြီးတွေရဲ့ စာကောင်းပေမွန်တွေ ပြန်ထွက်လာကြတာပါပဲ။ ဟောင်းပေမယ့် ကောင်းနေဆဲ စာအုပ်စာပေတွေ။ စိတ်ကူးချိုချိုစာအုပ်တိုက်က ၂၀၂၅ ခု၊ မေလထဲ ထုတ်ဝေဖြန့်ချီခဲ့တဲ့ “သိန်းဖေမြင့် ဝတ္ထုတိုပေါင်းချုပ်စာအုပ်ဟာ ဒီလိုအကောင်းစား အဟောင်းများစုစည်းထားတဲ့ စာအုပ်ပါ။

“၁၉၃၃မှ ၁၉၇၃ အထိ နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း ဆရာသိန်းဖေမြင့် ရေးသားခဲ့သမျှ စုစည်းရကြသည့် ဝတ္ထုတို ၄၅ပုဒ်နှင့် ထောင်မှ လွတ်မြောက်လာစအချိန် အိုးဝေမဂ္ဂဇင်းအင်တာဗျုးတို့အပြင် ယခုအကြိမ်၌ ထပ်မံ ရှာဖွေစုစည်းထားသော ဝတ္ထုတို ၄ပုဒ်ကိုပါ ဖြည့်စွက်ထားပါသည်။” လို့ စိတ်ကူးချိုချိုက ဆိုထားပြီး စုစုပေါင်း ဝတ္ထုတို ၅၁ ပုဒ်ပါတယ်။ ဒါ့အပြင် သိန်းဖေမြင့်ဝတ္ထုတိုတွေ စုစည်းထုတ်ဝေခဲ့တဲ့ ကာလတွေတုန်းက ဦးနုရဲ့အမှာ စာ ၂စောင်နဲ့ စောစောကပြောတဲ့ သိန်းဖေမြင့်ရဲ့ ထောင်အတွေ့အကြုံအင်တာဗျုးလည်း ဖတ်ရပါတယ်။

သိန်းဖေမြင့်ရဲ့ နိဒါန်းစာကတော့ ၁၉၆၆ ခုနှစ်က သူ့ဝတ္ထုတိုပေါင်းချုပ် စာအုပ်ထုတ်ခဲ့တုန်းက ကိုယ်တိုင်ရေးခဲ့တာဖြစ်ပြီး သူ ရေးခဲ့သမျှ ဝတ္ထုတွေဟာ နိုင်ငံရေးသမိုင်းကို အစဉ်လိုက် ထင်ဟပ်စေရမယ်ဆိုတဲ့ ရည်မှန်းချက် လွှမ်းမိုးနေတယ်လို့ ဆိုထားပါတယ်။ ဒီဝတ္ထုတိုတွေထဲမှာ အမေ၊ ရှင်သုမနနဲ့သစ္စာ သို့မဟုတ် စိန်နက်တို့ဟာ ဖြစ်ရပ်မှန်ဆောင်းပါးတွေ၊ မဂ္ဂဇင်း၊ စာစောင်အယ်ဒီတာတွေက ဝတ္ထုတို ဆိုပြီးထည့်လိုက်လို့ ဆောင်းပါးဝတ္ထုတို ဖြစ်ရတယ်လို့ အထူးပြုရေးသားထားတာ တွေ့ရတယ်။ ဖြစ်ရပ်မှန်လို့ စာရေးသူပြောတဲ့ အမေ ဆောင်းပါးဝတ္ထုတိုလေးဟာ အလယ်တန်းကျောင်းသားဘဝကတည်းက စွဲလမ်းနှစ်သက်ခဲ့ရတဲ့ စာဖြစ်လို့ အခုနေပြန်ဖတ်ရင် ဘယ်လိုနေမယ်သိချင်လို့ အရင်ဆုံး ပြန်ဖတ်ဖြစ်တယ်။

အရင်တုန်းက ဖတ်ရတဲ့ခံစားမှုမျိုးပဲ ပြန်ရလိုက်လို့ ရသစာပေဆိုတာ အချိန်တွေဘယ်လောက်ပြောင်းပြောင်း မပြောင်းလဲတဲ့ ခံစားမှုကို ပေးစွမ်းနိုင်စွမ်းရှိပါလားလို့ အံ့အားသင့်မိ၊ ကြည်နူးဝမ်းသာသွားမိတယ်။ အလယ်တန်း ကျောင်းသားဘဝဆိုတာ မိဘအရိပ်အောက်မှာ အေးအေးလူလူ စာသင်ကြားနေရတဲ့ဘဝ၊ အခုကျ လောကဓံမျိုးစုံကြား ကူးခတ်ရုန်းကန်နေရတဲ့ မိဘဘဝ။

ဘဝချင်းက မတူကွဲပြားပေမယ့် မိဘမေတ္တာကို ဖော်ညွှန်းရေးသားထားတဲ့ အမေ ဆိုတဲ့ စာတပုဒ်ကပေးတဲ့ ရသကတော့ နောင်ဘဝထိတောင် စွဲပါသွားလေမလား မဆိုတတ်နိုင်။ သားဖြစ်သူ ကျောင်းပြန်တက်ဖို့ ဇာတိရပ်ရွာက မီးရထားစီးပြန်တော့ ဘူတာလိုက်ပို့တဲ့ အမေက တမာပင်ကိုမှီပြီး သားမျက်နှာကို လူကြားထဲ မတွေ့တွေ့အောင် ကြိုးစားပုံ။ တက္ကသိုလ်တက်ဖို့ သားက မြို့က ပြန်တော့ ကားဂိတ်ကို လိုက်ပို့တဲ့ မိခင်ဟာ သားကို မခွဲနိုင်ဖြစ်ပြီး သားပါသွားတဲ့ကားနောက် ပြေးလိုက်ပုံ အခန်းတွေဟာ အခုပြန်ဖတ်၊အခုပြန်လွမ်း၊ အခုပြန်ခံစားနေရတုန်းပါ။ 

အမေ ဝတ္ထုတို တနေရာမှာဖတ်ရတဲ့ တချို့အရေးအသားအဖွဲ့အနွဲ့တွေက ခုစာအုပ်မှာ ခုပြန်ဖတ်မှ ဖတ်ရသလို အသစ်တွေဖြစ်လို ဖြစ်။ “ဟိုတုန်းက မျိုးချစ်စိတ်ရှိ၍ နိုင်ငံရေးလုပ်ချင်ရင် အဖေ၊အမေ မချစ်နိုင်ဟူသော ကြမ်းတမ်းသောအယူအဆများ ရှိခဲ့ပါသည်။ တခါ တခါ အမေ သေသွားရင် အေးမယ်၊ သံယောဇဉ်ကင်းပြီး ကျွတ်ကျွတ်လွတ်လွတ် ထင်ရာလုပ်နိုင်မယ် စသဖြင့် မိုက်မဲစွာပင် တွေးမိခဲ့သေးသည်။ ခုတော့ အမေ သေပြီးပါပြီ။” 

အဖြစ်မှန်ပါလို့ ဆိုထားတဲ့ “ရှင်သုမန”ဝတ္ထုတိုကတော့ သိန်းဖေမြင့်ရဲ့ သားတယောက် ကိုရင်ဝတ်တဲ့အကြောင်း ရေးထားတာပါ။ သူ့သူငယ်ချင်း ညိုမြရဲ့ ဘုန်းကြီးဘွဲ့နဲ့တောင် တူသေးလို့အစချီပြီး သူတို့လင်မယားက သားတွေကို ကိုရင်ဝတ်ပေးဖို့ ဆန္ဒမရှိကြပေမယ့် ယောက်ခမကြီးရဲ့ဆန္ဒအတိုင်း သားဖြစ်သူကို ကိုရင် ဝတ်ပေးပုံ၊ ယောက်ခမ ဖြစ်သူကလည်း သမီးဖြစ်သူ ကျန်းမာရေးမကောင်းလို့ သူ့မြေးကို ကိုရင်စည်းပေးပြီး ဘုရားကု ကုပုံ၊ သား ကိုရင်က ကိုရင်ဝတ်ပြီးတာနဲ့ ချက်ချင်းလူထွက်မယ်လုပ်လို့ သုံးရက်တော့ ဝတ်ပါလို့ သိန်းဖေမြင့်က တောင်းဆိုပြီး သူပါ သားနဲ့အတူ အဖော်လုပ်ပြီး လိုက်အိပ်ပေးပုံ၊ မိခင်ဖြစ်သူတက်နေတဲ့ ဆေးရုံကို သားကိုရင်ဝတ်ကို ခေါ်သွားပြီး ဆေးရုံ သုံးလတက်ဖို့ တောင်းဆိုရင်း သူပါ ဘုရားကု ကုဖြစ်နေပါရောလားဆိုပြီး ဝတ္ထုကို သရော်တော်တော်နဲ့ အဆုံးသတ် ရေးဖွဲ့ထားပါတယ်။ 

တခုသော ငွေရတုသဘင်စာအုပ်က မိသားစုဘဝ အရေးအဖွဲ့မျိုး ဖတ်လိုက်ရပါတယ်။ သစ္စာ သို့မဟုတ် စိန်နက်ကတော့ သူ့အိမ်မှာမွေးထားတဲ့ စိန်နက်ဆိုတဲ့ ခွေးတကောင်အကြောင်း ရေးဖွဲ့ထားတာပါ။ သိန်းဖေမြင့်က ဒီဝတ္ထုထဲ ခွေးအကြောင်းရေးဖွဲ့တာဟာ ခွေးအကြောင်း ရေးဖွဲ့ဖူးတဲ့ သိပ္ပံမောင်ဝကို အားကျလို့ ရေးတာမဟုတ်ပါဘူးလို့ ဆိုထားပါတယ်။ သူ ဒီလိုရေးတော့ လူထုဒေါ်အမာ ပြောခဲ့ဖူးတာလေး ပြေးသတိရတယ်။ လူထုဒေါ်အမာက သူ စာရေးဆရာဖြစ်ချင်တဲ့အထဲမှာ သိပ္ပံမောင်ဝ ရေးတဲ့ ခွေးအကြောင်း စာတွေဖတ်ရတာလည်း အကြောင်းအချက်တခုအနေနဲ့ပါတယ်။ သူ့အိမ်မှာ မွေးထားတဲ့ ခွေးလေးတွေအကြောင်း သိပ္ပံမောင်ဝ ရေးထားတာ ဖတ်လို့ကောင်းတယ်။ ငါလည်း သူ့လို ရေးလို့ဖြစ်တာပဲဆိုပြီး စာတွေ ဖတ်စာတွေ ရေးပြီး လူထုဒေါ်အမာ ဖြစ်လာတာပါ ..တဲ့။ 

သိန်းဖေမြင့်ရဲ့ စိန်နက်ကတော့ နက်မှောင်နေတဲ့ အယ်ဇရေးရှင်းမျိုးစပ် အိမ်မွေးခွေးတကောင်သူ့အိမ်ရောက်လာပုံ၊ သူ့သားသမီးတွေနဲ့ ရင်းနှီးခင်မင်ပုံ၊ ခွေး သူ့ဆို ရှိန်ပုံ၊ ဒီအိမ်မှာ ဘယ်သူက အခရာလဲ ဆိုတာ ခွေးက သိနေပုံ၊ စိန်နက် အပျိုဖော်ဝင်တော့ အိမ်ကပျောက်သွားပုံ၊ ပြန်ရှာတွေပြီးတဲ့နောက် စိန်နက်ဟာ ခွေးသဘာဝကို မေ့ထားပြီး သူ့သားသမီးတွေနဲ့သာ ပျော်နေတော့ပုံတွေကို မျက်စိထဲ ကွင်းကွင်းကွက်ကွက်မြင်အောင် ရေးဖွဲ့ထားတဲ့ ဝတ္ထုတိုပါ။  

သိန်းဖေမြင့် ရေးတဲ့ မိသားစုသံယောဇဉ်၊ ခွေးသံယောဇဉ်စာတွေ အားလုံးလိုလို ဖတ်ကောင်းတယ်။ တခုသော ငွေရတုသဘင်၊ သူတို့လင်မယား ၃၄ နှစ်၊ စတဲ့ မိသားစုအခြေခံစာတွေအားလုံးကို မက်မက်စက်စက် ရှိတယ်။ အခုလည်း သိန်းဖေမြင့်တဘဝစာ ရေးထားခဲ့တဲ့ ဝတ္ထုတိုပေါင်း ၅၀ ကျော်ထဲက ဖြစ်ရပ်မှန်ဆိုတဲ့ မိသားစု အခြေခံစာ သုံးပုဒ်ကို တခြားစာ၊ တခြားဝတ္ထုတိုတွေထက် ပိုနှစ်သက်မိတယ်။

သိန်းဖေမြင့် ဝတ္ထုတိုပေါင်းချုပ် စာအုပ်ထဲမှာ သူ့ရဲ့နာမည်ကျော်ဝတ္ထုတိုတွေ ဖြစ်ကြတဲ့ “ငါ့လင်နှင့်ငါ့ငွေ”၊ “ငွေစိန် လှေလှော်ရင်း တက်ကျိုးခြင်း”၊ “ဆရာအို၏ပြဿနာ” စတဲ့ ဝတ္ထုတိုတွေ ပါသလို သူ့ပထမဆုံးဝတ္ထုတိုလက်ရာဖြစ်တဲ့ “ခင်မျိုးချစ်”ကိုလည်း မြည်းစမ်းနိုင်ပါတယ်။ 

စာအုပ်နောက်ဆုံးမှာ သိန်းဖေမြင့် ကိုယ်ရေးအကျဉ်းကို ဖော်ပြထားရာမှာ ဇန်နဝါရီ ၁၉၃၃ သူရိယသတင်းစာပါ “မန္တလေး အင်တာမီဒီယိတ်ခေါ် ဥပစာကျောင်း၌ အပိုမြန်မာစာသင်ပြ ပို့ချသင့်ခြင်း  ဆောင်းပါးသည် ပထမပုံနှိပ် စာမူဖြစ်သည်”လို့ ဖတ်ရတယ်။

ပြီးတော့”ဝတ္ထုတို-ရှည်၊ဆောင်းပါး၊ ခရီးသွားစာပေ၊ အတ္ထုပ္ပတ္တိ၊ နိုင်ငံရေးစာပေနှင့် စာပေရေးရာများစွာ ရေးခဲ့သည်။ထင်ရှားသောစာအုပ်များမှာ ဆရာလွန်းအတ္ထုပ္ပတ္တိ (၁၉၃၇)၊ တက်ဘုန်းကြီး (၁၉၃၇)၊ တက်ခေတ်နတ်ဆိုး(၁၉၄၀)၊ ဦးစော ဘိလပ်သွားပြဇာတ် (၁၉၄၁)၊ ဇာတ်ဆရာဦးဖိုးစိန် (၁၉၅၂)၊ စစ်အတွင်းခရီးသည်(၁၉၅၃)၊ တော်လှန်ရေးကာလ နိုင်ငံရေးအတွေ့အကြုံများ (၁၉၅၆)၊ အရှေ့ကနေဝန်းထွက်သည့်ပမာ (၁၉၅၈)၊ ကျော်ငြိမ်း(၁၉၆၁)၊ ဝတ္ထုတိုပေါင်းချုပ် (၁၉၆၆)၊ ဝိသေသတိုင်းသမိုင်းအစ (၁၉၆၇)၊ သီတာပြုံး (၁၉၆၈)၊ တခုသောငွေရတုသဘင် (၁၉၇၃) နှင့် ၆၀ ကျော်မှ ရေးသောဝတ္ထုများ (၁၉၇၈) တို့ ဖြစ်ကြသည်။”လို့ဖော်ပြထားတယ်။

သိန်းဖေမြင့် စာကြိုက်သူတွေ အထူးသဖြင့်တော့ သိန်းဖေမြင့်ရဲ့ ဝတ္ထုတိုများကို ကြိုက်နှစ်သက်ပြီး အမှတ်တရ ဝယ်သိမ်းထားချင်သူ စာဖတ်ပရိသတ်များအတွက် စိတ်ကူးချိုချိုစာအုပ်တိုက်ရဲ့ လက်ဆောင်မွန်ကောင်းတခုလို့ ဆိုရပါမယ်။ စာမျက်နှာ ၆၀၀ တိတိပါ သိန်းဖေမြင့်ဝတ္ထုတိုပေါင်းချုပ်စာအုပ်၊ ဆဋ္ဌမအကြိမ်ထုတ်ရဲ့ တန်ဖိုးက ကျပ် ၁၆,၅၀၀ ကျပ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar