Breaking News

မောင်လူမွှေး - နှလုံးသားရှုမျှော်ခင်း ပျောက်ဆုံးခြင်း

နှလုံးသားရှုမျှော်ခင်း ပျောက်ဆုံးခြင်း

မောင်လူမွှေး

 (မိုးမခ) ဇူလိုင် ၁၃၊ ၂၀၂၆

ဇွန် ၁၀ ရက်နေ့ ဆရာမောင်သာချိုဆုံးတယ်။ ဆရာ ကင်ဆရာရောဂါ ခံစားနေရကြောင်း မောင်လူမွှေး မသိခဲ့ပါ။ မောင်လူမွှေး မြန်မာစာပေလောကနဲ့ အဆက်ပြတ်နေတာ ကြာပါပြီ။ ခင်မင်တဲ့ ဆရာသမား၊ သူငယ်ချင်း တွေကိုလည်း မဆက်သွယ်ဖြစ်ပါ။ မောင်လူမွှေးမှာ ပြောစရာစကားတွေအများကြီးရှိပေမယ့် သူတို့ဘက်က နားထောင်ဖို့ အဆင်မပြေမှာကိုစိုးရိမ်တာကြောင့် ဖြစ်ပါတယ်။

ဆရာမောင်သာချိုဟာ အဆင့်အတန်းလည်းမြင့်၊ လူတိုင်းလည်း နားလည်နိုင်တဲ့ ကဗျာခံစားမှုဆောင်းပါးတွေကို ရေးခဲ့သူပါ။ ဆရာ့ရဲ့ ကဗျာခံစားမှု ဆောင်းပါးတွေကြောင့် ကဗျာပင်လယ်ကို လှေကလေးနဲ့ သွားကြည့်ခဲ့သူတွေထဲ မောင်လူမွှေး တစ်ယောက်လည်း ပါဝင်ပါတယ်။

နောက် ဆရာရေးတဲ့ ကဗျာဆရာ၊ စာရေးဆရာတွေရဲ့ ရုပ်ပုံလွှာတွေ။ ထင်းခနဲ၊ ထင်းခနဲ ခဲခြစ်စာပန်းချီတွေဟာ ကျနော်တို့ စာပေသမားတွေ ဝယ်သိမ်းရတဲ့ စာအုပ် ဖြစ်ပါတယ်။

နောက် တစ်နိုင်ငံလုံးက အိမ်တိုင်းဝယ်ပြီး ဖတ်ရှုသင့်တာကတော့ ဆရာ့ရဲ့ "သမီးဖတ်ဖို့ နှလုံးသားရှုမျှော်ခင်းများ" စာအုပ် ဖြစ်ပါတယ်။ ဒါပေမဲ့ စာမဖတ်ကြတဲ့ ကျနော်တို့နိုင်ငံမှာ တစ်အိမ် တစ်အုပ်မပြောနဲ့ တစ်ရွာ တစ်အုပ်တောင် မရှိပါဘူး။

စာမဖတ်တဲ့သူတွေကတော့ ဆရာ့ကို အဟော၊ အပြောကောင်းတဲ့ ဆရာကြီးအဖြစ် အမှတ်ရနေကြမှာ ဖြစ်ပါတယ်။ စာမဖတ်တဲ့ နိုင်ငံမှာ စာဖတ်ကြဖို့ ၊ အသိပညာ ရှာကြဖို့၊ နိုင်ငံရေးမျက်စိ ပွင့်ကြဖို့ကို စာရေးဆရာတွေဟာ နိုင်ငံပတ်ပြီး အာပေါက်အောင် ဟောခဲ့ကြရပါတယ်။ ခုတော်လှန်ရေးကြီးဖြစ်လာတာဟာ ဟောပြောခဲ့ကြတဲ့ စာရေးဆရာတွေရဲ့ အားထုတ်မှုတွေ ပါတယ်ဆိုတာ မောင်လူမွှေး လက်ခံပါတယ်။ ဒါပေမဲ့ စာပေဟောပြောပွဲတွေကြီးပဲ လုပ်ပြီး စာမဖတ်ခဲ့ကြတော့ ဆေးမြီးတိုနဲ့ ရောဂါယာယီသက်သာအောင်ကုတဲ့ အဆင့်ပဲ ရောက်ခဲ့တယ် ဆိုတာလည်း သတိပြုကြစေချင်ပါတယ်။

၂၀၁၁ ကာလပိုင်း ရန်ကုန်မှာ ဆရာမောင်သာချိုနဲ့ မောင်လူမွှေး သုံး လေးကြိမ် ဆုံပါတယ်။ ဆုံတိုင်းလည်း ဆရာက နယ်တွေမှာ စာဖတ်အားကောင်း၊ မကောင်း မေးမြန်းတတ်ပြီး စာကြည့်တိုက်ရှိတဲ့ မြို့ ရွာတွေ အကြောင်းကြားရင် နှစ်ထောင်းအားရ ဖြစ်တတ်ပါတယ်။  စာရေးဆရာလည်းဖြစ်၊ တက္ကသိုလ်ဆရာလည်း ဖြစ်တော့ ဆရာဟာ လူငယ်တွေကို သိပ်စာဖတ်စေချင်တယ်။ မြို့ရွာတွေမှာ စာကြည့်တိုက်တွေ ဖွံ့ဖြိုးစေချင်တယ်။

ခုတော့ ဆရာလည်း ဆုံးပြီ။ ဆရာ ဖြစ်စေချင်တဲ့ နိုင်ငံတော်၊ ဆရာ ဖြစ်စေချင်တဲ့ လူ့အဖွဲ့အစည်းဟာ ပျက်စီးယိုယွင်းခဲ့ပါပြီ။ စာမဖတ်ကြတဲ့ နိုင်ငံမှာ နှလုံးသားရှုမျော်ခင်းတွေ ပျောက်ဆုံးခဲ့ပါပြီ။  လူ့အဖွဲ့အစည်းကနေ ပျောက်ဆုံးသွားတဲ့ နှလုံးသားရှုမျော်ခင်းတွေ မျိုးဆက်သစ်တွေအတွက် တတ်နိုင်သလောက် ပြန်ယူပေးမလို့ တောကျောင်းဆရာ  မောင်လူမွှေးတစ်ယောက် ကြိုးစားနေပါတယ် ဆရာခင်ဗျား။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar