Breaking News

ထင်အောင် - ကျွန်တော် ပထမဆုံးစီးခဲ့ဘူးသည့် မီးရထားခရီးစဥ်



ထင်အောင် - ကျွန်တော် ပထမဆုံးစီးခဲ့ဘူးသည့် မီးရထားခရီးစဥ်

(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၉

ကျွန်တော်အဖေနှင့်အမေနှစ်ယောက်စလုံးကခရီးသွားရတာကိုဝါသနာပါကြပါတယ်။ ဒါကလဲအဘိုး၊အဘွားတွေဆီကပါလာတဲ့သွေးလေးတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒီသွေးဆက်လေးဟာကျွန်တော်အထိပါလာတယ် ထင်ပါတယ်၊ငယ်ငယ်ကတည်းကမိဘနှစ်ပါးနဲ့အတူခရီးတွေသွားခွင့်ရခဲ့ပါတယ်။ပထမဆုံးခရီးကတော့မိခင်ရဲ့ ချက်မြှပ်ဇာတိဖြစ်တဲ့ တနင်္သာရီတိုင်းက မုဒုံမြို့ကိုဖြစ်ပါတယ်။ အခုတော့ မွန်ပြည်နယ် ကမြို့ငယ်လေးတစ်မြို့ဆီ ကိုသွားရတဲ့ခရီးဖြစ်ပါတယ်။ စစ်ပြီးကာလဆယ်စုအတွင်းဆိုတော့ လမ်းခရီးဆက်သွယ်ရေးအင်မတန်ခက်ခဲနေ ချိန်ပေါ့ဗျာ။ ပြည်တွင်းစစ်အပြီး ပြည်တော်သာစီမံကိန်းစတင်နေချိန်ဖြစ်ပါတယ်။

မုဒုံဆိုတာမြို့အမည်တပ်ထားပေမဲ့ တောမြို့လေးပါ။ မော်လမြိုင်မြို့နဲ့ ၁၈ မိုင်သာကွာဝေးပါတယ်။ ဒါ ကြောင့်ရန်ကုန်ကနေမော်လမြိုင်ကိုရထားနဲ့ သွားရပါတယ်။ စစ်လက်ကျန်ရထားတွဲတွေကိုစစ်ကျန်ကျောက်မီး သွေးထိုးမောင်းရတဲ့ခေါင်းတွဲကြီးကမီးခိုးတစ်လူလူနဲ့ဆွဲသွားတာဖြစ်ပါတယ်။ မနက်လေးနာရီကတည်းက ရန်ကုန်ကွမ်းခြံကုန်းဘူတာကြီးကိုရောက်နေပါပြီ။ခရီးမသွားဘူးတဲ့ကျွန်တော်ကတော့ညအိပ်မရတော့ဘဲ ရထားဆိုတာကြီးကိုစီးချင်တဲ့စိတ်ပျင်းပြနေပါတော့တယ်။ ဘူတာကြီးမှာမိမိတို့လို ခရီးသွားကြမည့်လူအများကို ဝန်စည်စလွယ်ကိုယ်စည်နဲ့တွေ့လိုက်ရတော့ထူးခြားနေသလိုခံစားမိပါတယ်။ပလက်ဖောင်းပေါ်ရှိလူအုပ်ကြီးကရထားအလာကိုစောင့်နေကြပါတယ်။ခဏကြာတော့ မီးခိုးတလူလူနဲ့ရထားတွဲထိုးလာပါတယ်။ ရထားပေါ်ကိုလု တက်နေရာယူကြပါတယ်။ အဖေကတိုးတက်ရင်းနေရာယူထားပါတယ်။ပစ္စည်းတွေကိုတင်၊လူတွေတက်နေရာယူ ကြပါတယ်။ အဝတ်ထုတ်တွေကိုအပေါ်မှာရှိတဲ့ပစ္စည်းတင်ရတဲ့စင်ပေါ်တင်ထားလိုက်ပြီး၊ ထမင်းချိုင့်ကိုတော့လူ တွေနဲ့အတူအောက်မှာထားထားပါတယ်။ အမေကပစ္စည်းတွေကိုနေရာချနေစဥ်အဖေကအောက်ကိုဆင်းသွားပါ တယ်။ရထားလက်မှတ်သွားဖြတ်တာလို့အမေကပြောပါတယ်။ အချိန်အတော်ကြာမှ ချွှေးတစ်ရွှဲရွှဲနဲ့ အဖေပြန် ရောက်လာပါတယ်။အင်္ကျီအိတ်ထဲမှာအဖြူရောင်ရထားလက်မှတ်မာတောင့်တောင့်လေးတွေပါလာသလိုလက်ထဲမှာလည်းယနေ့ထုတ်သတင်းစာပါလာပါတယ်။ နောင်မှသိရတာကတော့ မီးရထားကြီး သွားရာလမ်းတစ် လျှောက်မြို့တွေ ရွာတွေကလူတွေဖတ်ဘို့သတင်းစာတွေကိုဒီရထားကြီးကသယ်ဆောင်ပေးသွားတာပါ။ ဒါကြောင့်ရန်ကုန်မှာနေတဲ့သူတွေဟာ မနက်မိုးလင်းလို့မျက်လုံးနှစ်လုံးကို ဖွင့်လိုက်တာနဲ့ သတင်းစာကအိမ်ရှေ့ ရောက်နေပြီဖြစ်ပါတယ်။

ခေါင်းတွဲလာထိုးလို့ရထားကြီးလှုပ်သွားချိန်မှာတော့ရထားစီးရတော့မယ်ဆိုတဲ့အသိကြောင့်ပျော်ရွှင်နေပါတယ်။ ဒါပေမဲ့ရထားကမထွက်သေးပါဘူး။ ကျွန်တော်ကတော့ဘူတာအတွင်း လှည့်လည်ရောင်းနေကြသောဈေး သည်များ၊ဘူတာပလက်ဖောင်းပေါ်တွင်အိပ်စက်နားနေရင်းမိမိတို့စီးရမည့်ရထားကိုစောင့်စားနေသူများ၊ စစ်တပ်ကအရာရှိများဆောင်းသော peak cap ဦးထုတ်ပုံစံကိုဆောင်းထားပြီး အပေါ်အောက်အဖြူရောင် ဝတ်စုံဝတ်ထား ကာလက်တွင်အဝတ်စအလံအနီနှင့်အဖြူကိုကိုင်ပြီး ပလက်ဖောင်းပေါ်တွင်ဟန်ရေးပြလမ်း လျှောက်နေသည့်ရထားအမှုထမ်းများကိုလည်းငေးကြည့်နေမိပါတယ်။ ဂါတ်ဗိုလ်လို့ခေါ်တဲ့ရထားတွဲထိမ်းတွေပါ။ မီးရထားကိုရှေ့ဆုံးကခေါင်းတွဲကဆွဲသွားပြီးဂါတ်ဗိုလ်ပါသောရထားထိမ်းတွဲကနောက်ဆုံးကနေထိမ်းသွားတာပါ။ ရထားထွက်ရန်ငါးမီနစ်အလိုမှာလျှပ်စစ်မီးသီးများလင်းလာကာ “ရထားထွက်ရန်ငါးမီနစ်”ဆိုသောစာတမ်းပေါ်လာ ပါတယ်။ ခေါင်းလောင်းထိုးသံများလည်းကြားရပါတယ်။ရထားခေါင်းတွဲဆီကဥသြသံများကြားရပါတယ်။ ရထား ထွက်တော့မယ်လို့ခရီးသည်တွေကိုသတိပေးတာပါ။ခရီးသည်တွေကလည်း ဥသြသံကြားရရင်ရထားထွက်တော့ မယ်ဆိုတာကိုနားလည်ကြပါတယ်။ မုန့်ဆင်းစားနေသူတွေ၊ လမ်းဆင်းလျှောက်နေသူတွေ၊ လိုက်ပို့သူများနဲ့စကား ပြောဆိုနေသူတွေဟာရထားပေါ်ကိုကမန်းကတန်းလုတက်နေကြပါတယ်။ အချိန်စိတာနဲ့နောက်ဆုံးတွဲက ခရာ ရှည်ကြီးမှုတ်သံထွက်ပေါ်လာပါတယ်။ဂါတ်ဗိုလ်ကခရာမှုတ်နေရင်းလက်ကအလံအစိမ်းရောင်ကိုဝှေ့ရမ်းပြနေပါ တယ်။ မီးရထားကြီးကိုထွက်တော့လို့အချက်ပြတာဖြစ်ပါတယ်။ ဥသြသံတစ်လူလူ၊မီးခိုးတွေတစ်လူလူနဲ့အချိန်မှန် ရထားကြီးထွက်လာပါတော့တယ်။ ထိုအချိန်ကရထားကို အချိန်မှန်ရထားလို့တင်စားခေါ်ကြပါတယ်။ ထွက်ချိန် မှန်တယ်၊ရောက်ချိန်မှန်တယ်၊လမ်းမှာရွာတွေမြို့တွေကိုဖြတ်သွားချိန်မှန်တယ်။ အချို့ရွာတွေဆိုဥသြသံကြားမှ ဆရာတော်ကြီးအတွက်ဆွမ်းဟင်းပြင်ကြတာပါ။ ယနေ့ရထားတွေနဲ့ဆိုဆရာတော်ဆွမ်းဘုန်းခွင့်ရတော့မှာ မဟုတ် တော့ပါဘူး။

ကျွန်တော်ကပြူတင်းပေါက်နှင့်ကပ်နေသောနေရာကိုယူထားပါတယ်။ဒါမှပြင်ပရှုခင်းတွေကိုမြင်ရမှာလေ။ရထားစထွက်ကတည်းကရန်ကုန်မြို့လည်ရှိမီးရောင်စုံထိန်လင်းနေသောရုပ်ရှင်ရုံတွေကိုချန်ထားခဲ့သောမြင်ကွင်းကိုယနေ့တိုင်သတိရနေမိပါတယ်။ သံလမ်းပေါ်မှာဘီးလေးတွေနဲ့သွားနေတဲ့ရထားတွဲကြီးဟာဘေးကသံလမ်း ပေါ် ကိုဒုတ်ဒုတ်အသံမြည်ပြီးပြောင်းသွားတာတွေ၊ပြေးနေတဲ့သံလမ်းပေါ်ကနေနောက်တစ်လမ်းကိုဒုတ်ကနဲပြောင်းသွားတာတွေကထူးဆန်းစရာဖြစ်နေပါတယ်။ ဘေးဘက်ကရထားလမ်းဟာရထားအရှိန်ရလာသည်နှင့်အမျှ သံလမ်းကိုထိမ်းထားတဲ့ဇလီဖားတုံးတွေကိုတောင်မမြင်ရတော့တဲ့အခြေအနေကိုအင်မတန်သဘောကျမိပါတယ်။လူကြီးတွေကတော့သံလမ်းကို ငုံ့မကြည့်နဲ့မူးမယ်လို့ပြောပြပါတယ်။ ထွက်လာပြီးဆယ်မီနစ်ခန့်အကြာမှာရထား ရပ်သွားပါတယ်။ စီးလို့ကောင်းတုံးရပ်သွားတော့စိတ်ပူသွားမိပါတယ်။ ဘတ်စကားလိုများ စက်ပျက်သွားလို့ဆင်း တွန်းပေးပါဆိုအခက်၊နောက်ကားပြောင်းစီးပါဆိုသလို ရထားပြောင်းစီးပါဆိုဒုက္ခ။ ပုဇွန်တောင်ဘူတာမှာခေတ္တရပ် တာပါ။ စီးလာတဲ့ရထားကစာပို့ရထားလို့ခေါ်ပါတယ်။ ရန်ကုန်ကစာတွေကိုဘူတာစဥ်အလိုက်ချပေးသွားပြီး ဘူတာ ကစာတွေကိုပြန်ယူလာတဲ့ရထားကြီးပါ။ ခဏပဲရပ်ပြီးဆက်ထွက်လာရာ မလွှကုန်း၊ သင်္ဃန်းကျွန်းဘူတာတွေမှာ ရပ်ပြီးခဏကြာမှာသံတံတားအရှည်ကြီးကိုဖြတ်သွားတဲ့အသံကျယ်ကြီးကိုကြားလိုက်ရပါတယ်။နောက်မှငမိုးရိပ်၊လေးထောင့်ကန်၊ထုံးကြီးစတဲ့ဘူတာတွေကိုဖြတ်တော့နေထွက်လာပါပြီ။အမေကအိမ်ကထဲ့လာတဲ့ထမင်းကျော်တွေကိုပန်းကန်ထဲထဲ့ကျွေးပါတယ်။ခရီးသွားရင်းပျော်လို့စားဝင်တာလား၊ရထားလှုပ်နေလို့စားဝင်တာလားမသိရပေမဲ့အမေကျော်လာတဲ့ထမင်းကျော်ထဲ့လာတဲ့သုံးဆင့်ချိုင့်ကတော့ပြောင်တလင်းခါသွားပါတယ်။ဗိုက်လည်းပြည့်၊ရထားကလှုပ်နဲ့ဇိမ်ကြနေလိုက်တာမျက်စိပိတ်အိပ်ပျော်တဲ့အဆင့်ရောက်သွားပါတော့တယ်။

သိပ်မကြာဘူးထင်ပေမဲ့နိုးလာတော့ရထားကပဲခူးဘူတာကျော်လာပါပြီ။ ရထားပေါ်ကနေရွှေမောဓောဘု ရားကြီးကိုဖူးလိုက်ရပါတယ်။ ဘုရားကြီးဘူတာနဲ့ဝေါဘူတာမှာရထားကတော်တော်ကြာအောင်ရပ်နေပါတယ်။ အမေကဘဲဥပြုတ်ဝယ်ပါတယ်။အဖေကကောက်ညှင်းပေါင်းနဲ့အကျော်စုံဝယ်ပါတယ်။ဘာဝယ်ဝယ်ကျွန်တော်ကတော့စားရလို့ပျော်နေပါတယ်။ ခရီးသည်တော်တော်များများကထမင်းဝယ်စားနေကြပါတယ်။ သတင်းစာစက္ကူကို အောက်ခံထားသောဖက်ရွက်ထဲတွင်ထမင်းကိုပုံထဲ့ထားကာ၊ စားချင်သည့်အသားဟင်းနှင့်ဟင်းရည်ကို ထမင်းအ ပေါ်တွင်ရွှဲရွှဲစိုအောင် လောင်းထဲ့ပေးလိုက်ပါတယ်။ ဟင်းကတော့ကြက်သားဟင်း၊ အမဲသားဟင်း၊ ဝက်သားဟင်း၊ ငါးဟင်းအစုံရနိုင်ပါတယ်။ ပြီးမှစားသုံးသူကြိုက်တဲ့ချဥ်ပေါင်ကျော်ဒါမှမဟုတ်ပဲသီးကျော်တစ်မျိုးမျိုးကိုဇွမ်းကလေး နဲ့စပ်ကနဲပုံပေးလိုက်ပါတယ်။ တို့စရာကြိုက်သူတွေအတွက်တော့ ဘူးသီးပြုတ်တို့စရာစတာတွေကိုပေးပါသေး တယ်။ ငပိရည်ပါမှစားတတ်သူတွေအတွက် ငရုတ်သီးမှုန့်တွေရော၊အစိမ်းတောင့်တွေရောထဲ့ကြိုထားတဲ့ငပိဖျော် ရည်ကိုမိမိမှာပါလာတဲ့ချိုင့်ကလေးနဲ့တောင်းနိုင်ပါသေးတယ်။ ခရီးသည်တွေစားနေတာတွေ့ရပေမဲ့အဖေနဲ့အမေက စားဘို့မလုပ်သေးပါဘူး။စင်ပေါ်တင်ထားတဲ့ပစ္စည်းတွေကိုပြန်ချပြီးပါလာတဲ့ပစ္စည်းတွေကိုစုစည်းနေပါတယ်။

ဝေါဘူတာကထွက်လာပြီးခဏအကြာမှာထမင်းစားနေသူတွေလဲစားပြီးချိန်လောက်မှာရထားညောင်ခါးရှည်ဘူတာမှာရပ်ပါတယ်။ အဖေကပစ္စည်းတွေကိုနိုင်သလောက်ယူပြီးကမန်းကတမ်းပြေးဆင်းသွား ပါတယ်။ အမျိုးသားတော်တော်များများဟာအဖေလိုဘဲပြေးသွားကြပါတယ်။ ခရီးသည်အားလုံးဟာကိုယ်နိုင်တဲ့ ပစ္စည်းလေးတွေကိုဆွဲကာစစ်တောင်းမြစ်ဆီကိုဦးတည်သွားနေကြပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းဗြိတိသျှတွေ စစ်ရှုံး၍မြန်မာနိုင်ငံမှစတင်ဆုတ်ခွာချိန်တွင်ထိုးစစ်ဆင်လာသောဂျပန်များခက်ခဲကြန့်ကြာစေရန်ရည်ရွယ်ချက်ဖြင့် စစ်တောင်းတံတားကိုဖျက်စီးခဲ့ပါသည်။ စစ်ပြီးကာလများမှာတော့ပြည်သူတွေဒုက္ခရောက်ကြရပါတယ်။ ယခုလဲမြစ်ကမ်းဘေးတစ်လျှောက်ဝန်စည်စလွယ်များကတစ်ဘက်ကလေးများကိုမပျောက်ရအောင်ကြည့်ရသည်ကတစ်ဘက်နှင့်အမေမှာချာချာကိုလည်နေပါတော့တယ်။ ကမ်းနားမှာရပ်ထားတဲ့ဇက်သင်္ဘောပေါ်ကိုလုယက် တက်ကြရပါတယ်။ လူပြည့်တာနဲ့တဘက်ကမ်းကိုကူးပါတယ်။ 

သောင်ပြင်ပေါ်လမ်းလျှောက်ပြီးကုန်းဆောင်းလေး အပေါ်ကို တက်ကြရပြန်ပါတယ်။ အပေါ်ရောက်တော့မှရထားတွဲများရပ်ထားတာကိုဘွားကနဲတွေ့လိုက်ရပါတယ်။ သွားရင်း အဖေကိုရှာရပါတယ်။ အဖေကအရင်သွားပြီးနေရာယူထားပေးတာပါ။ ရထားပေါ်ကိုပစ္စည်းနဲ့လူအားလုံး ရောက်မှ စိတ်အေးရပါတော့တယ်။ တဘက်ကမ်းမှာလူတွေကုန်လောက်မှရထားထွက်ပါတယ်။ ခဏသာခုတ် မောင်းရပြီး နှင်းပုလဲဘူတာမှာရပ်နေပါတော့တယ်။ စစ်တောင်းမြစ်ကိုကူးလိုက်တာနဲ့ တနင်္သာရီတိုင်း (ယခု မွန်ပြည်နယ်) ကို ရောက်တာဖြစ်ပါတယ်။ ဒါကြောင့်ဈေးသည်တွေကမွန်ချက်ပြုတ်နည်းနှင့်ချက် ထားတဲ့ မွန်အစားအစာများကို ရောင်းချနေကြပါပြီ။

အမေအကြိုက်ငါးပေါင်းထုတ်ဟင်းနဲ့အဖေအကြိုက်ကြက်သားနဲ့ဘူးသီးဟင်းဝယ်ပါတယ်။ချဥ်ပေါင်ကျော်၊ ပဲပင်ပေါက်ကျော်၊ရုံးပတီကျော် စတာတွေကိုလိုက်ပွဲအဖြစ်ထဲ့ပေးပါသေးတယ်။ ထမင်းနဲ့ ဖက်နဲ့ထုတ်ထားတဲ့ ငါးပါင်းထုတ်ဟင်းကိုတော့အထုတ်လိုက်ယူထား ပြီးကြက်သားဟင်းကိုတော့ချိုင့်ထဲကိုထဲ့ပါတယ်။ကာလသားချက် ကလည်းအရည်သောက်ဟင်းဆိုတော့အမေကတစ်ဆင့်ချိုင့်လုံးလေးနဲ့ယူထားပါတယ်။ ရထားထွက်တာနဲ့အမေက ထမင်းစားရန်ပြင်ဆင်ပါတော့တယ်။မဆာသေးပေမဲ့ချက်ပြုတ်ထားတာကအရသာရှိလွန်းတော့ထမင်းထုတ်ဟာ ခဏလေးနဲ့ကုန်သွားပါတယ်။ ဓာတ်ဘူးထဲ ကရေနွေးကိုတစ်ငုံသောက်လိုက်အချိုတဲရန်အမေဝယ်ထားတဲ့ သာဂူကိုတစ်ဇွမ်းသောက်လိုက်နဲ့ဘယ်ကိုရောက် နေမှန်းတောင်မသိတော့ပါဘူး။

ဘူတာတစ်ခုမှာရပ်တော့မှ ကျိုက်ထိုရောက်ပြီလို့သိလိုက်ရပါတယ်။ လူတော်တော် များများဆင်းကြပါတယ်။ ကျိုက်ထီးရိုးဘုရား ဖူးကြမည့် သူများဟုသိရပါသည်။ ဘူတာကနေတောင်ခြေအထိလှည်း စီးသွားရပြီး၊ တောင်ပါ်ကဘုရားရောက်အောင် လမ်းလျှောက်တက်ကြရပါတယ်။ ရထားက ကျိုက္ကော်ဘူတာကို ဆိုက်ရောက်တုံးအိပ်ပျော်သွားပြန်ပါတယ်။ ဥသြဆွဲသံ၊လူတွေစကားပြောသံများကြောင့်နိုးလာသောအခါ၊သထုံဘူ တာတွင်ရပ်နေကြောင်းသိလိုက်ရပါတယ်။ ဈေးသည်များရဲ့အော်ဟစ်ကာရောင်းချနေသောအသံများကြောင့်နိုးလာတာပါ။ အကြော်စုံ၊ ကောက်ညှင်းပေါင်း၊ စာကလေးခွေစတဲ့အော်သံမျိုးစုံက စားချင်စိတ်ဖြစ်အောင်ဖိတ်ခေါ်နေပြတယ်။ အမေက ဘူးသီးငါးပေါင်းကျော် နဲ့ ကောက်ညှင်းပြန်ပေါင်း ဝယ်ပါတယ်။ အုန်းနို့အရသာကြောင့်ပိုစားကောင်းနေတယ်လို့ထင်မိပါတယ်။ စားနေတုံး ဇင်းကျိုက်ဘူတာကိုရောက်ပါတယ်။ ငါးတွေကိုဝါးချမ်းတွေနဲ့ညှပ်ထားပြီးကင်ထားတဲ့ငါးသလောက်ကင်တွေလာ ရောင်းပါတယ်။ ဇင်းကျိုက်ကထွက်ပြီးမကြာခင်မှာ ရထားလမ်း၏အနောက်ဘက်တွင်ရေပြင်ကြီးကိုမြင်လာရပါ တယ်။ သံလွင်မြစ်ကိုမြင်ရတာပါ။ ရေပြင်ကိုမြင်တာနဲ့ခရီးသည်တွေဟာ ပစ္စည်းတွေကိုစုစည်းထုတ်ပိုးနေကြပါ တယ်။ အမေလည်းပွရောင်းနေတဲ့ရေဘူးရေခွက်ကစဘာမှမကျန်အောင်သိမ်းစည်းနေပါတယ်။ ရထားခရီးဆုံးဖြစ် တဲ့မုပ္ပလင်ကိုရောက်ပါတော့မယ်။ မုပ္ပလင်ကိုရထားဆိုက်တဲ့အခါမှာနေဝင်လို့အမှောင်ပျိုးကာဘူတာကမီးသီးများ ပင်ဖွင့်ထားတာကိုတွေ့ရပါတယ်။ ခရီးသည်တွေဟာအထုတ်ကိုယ်စီဆွဲကာ သင်္ဘောပေါ်သို့တက်ကြရပြန်ပါတယ်။

ခရီးဆက်တော့မည့်ခရီးသည်တွေကတော့ခရီးဆက်ရန်သင်္ဘောပေါ် ကိုလုတက်ကြပါတယ်။ မော်လမြိုင်က တစ်ဆင့်ကား၊ရထားတွေနဲ့ ဆက်ရမှာဆိုတော့လောနေကြတာပေါ့။မော်လမြိုင်မှာသာခရီးဆုံးမယ့်သူတွေကတော့ အေးအေးဆေးဆေး သွားနေကြပါတယ်။ ကျွန်တော်တို့မိသားစုကမော်လမြိုင်မှာတစ်ညအိပ်မှာဆိုတော့ အဖေက နေရာသွားလုစရာ မလိုတော့ပါ။ သင်္ဘောတွေအများကြီးပြေးပေးနေတာကြောင့် လည်းအေးအေးဆေးဆေး သွား လာနေကြတာဖြစ်ပါတယ်။ မော်လမြိုင်ကမ်းနားလမ်းအလှကိုသင်္ဘောပေါ်ကနေတွေ့မြင်နေရပါတယ်။ ခပ်လှမ်းလှမ်းတွင်တွေ့နေရသောကျွန်းကိုအဖေကလက်ညှိုးထိုးပြပါတယ်။ မင်းတို့အဘိုးဦးငွေခင်က အခုတွေ့ နေရ တဲ့ဘီလူးကျွန်းကရွာသားလေးတဲ့။ ယောင်ထုံးလေးနဲ့ မော်လမြိုင်မှာကျောင်းလာတက်ရတယ်။ ကျွန်တော် တို့သိတဲ့ ကာလ္လာက္ကက္တားတက္ကသိုလ်ကဘီအေဘွဲ့ရတဲ့အဘိုးကတောသားပါလား ဆိုတဲ့ အသိ ရလိုက် ပါတယ်။ 

သင်္ဘောဆိပ်မှာတော့၊လာကြိုနေကြတဲ့ဆွေမျိုးများကိုတွေ့ရပါတယ်။ ဘုံပြတ်ခေါ်တဲ့မြင်းလှည်းပေါ်ပစ္စည်းတွေကို တင်ပြီးကျွန်တော်တို့မိသားစုတက်ရပါတယ်။လာကြိုနေသူတွေကစက်ဘီးတွေကိုယ်စီစီးကာဘေးကလိုက်လာကြပါတယ်။ လမ်းမှာ “မုဒုံမုဒုံ”လို့ အော်သံတွေ၊ “ကျိုက်မရောကို ကျိုက်မရောကို”လို့ အော်နေတဲ့ကားများကိုတွေ့ ရ ပါတယ်။ ကားရဲ့ပုံသဏ္ဍန်တွေကရန်ကုန်ကပုံသဏ္ဍန်နဲ့မတူတာကိုဂရုပြုမိပါတယ်။ သင်္ဘောသီးကိုထက်ချမ်းခွဲထား တဲ့ပုံသဏ္ဍန်လို့‌ပြောကြပါတယ်။ အဘိုးငယ်စဥ်ကနေထိုင်ပညာသင်ခဲ့တဲ့ ထားဝယ်စုအရပ်ကအိမ်မှာညအိပ်နားနေ ရန်ရောက်ရှိခဲ့ပါတော့တယ်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးကာစ ဖြစ်သောကြောင့်တစ်ကမ္ဘာလုံးတွင်အစစအရာရာရှားပါးနေသောကာလဖြစ်နေသောအချိန်မှာတောင်ကျွန်တော်တို့ခရီးစဥ်မှာစားရသောက်ရသည်မှာအလျှံပယ်ဖြစ်နေပါသေးတယ်။ အင်္ဂလိပ် လက်အာက်ခံကျွန်အဖြစ်မှလွတ်မြှောက်ပြီးကာစဖြစ်နေလို့လားမသိပါဘူး၊ ဝန်ထမ်းတွေကစည်းကမ်းအလွန်ရှိကြ ပြီး၊ခရီးသည်များအဆင်ပြေစေရန်အစစအရာရာလိုအပ်တာတွေကိုကူညီပေးကြပါတယ်။ ပြည်သူရဲ့ဘဏ္ဍာတွေကို လစာအဖြစ်ယူထားတဲ့ဝန်ထမ်းတွေဟာ ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုကူညီဆောင်ရွက်ပေးရမယ်ဆိုတာကိုဝန် ထမ်းတိုင်းနားလည်ကြပါတယ်။ အမှန်တကယ်ခရီးသွားမည်သူများကသာလက်မှတ်ကိုဝယ်ကြတာကြောင့်ရထား ထွက်ကာနီးမှဝယ်လို့လဲရပါတယ်။ ဘယ်နှစ်ဆောင်ဝယ်မလဲ၊ရောင်းလိုက်တာပါပဲ။ အမျိုးသားမှတ်ပုံတင်ပြစရာ လည်းမလိုပါဘူး။

ဒီခရီးသွားအဖြစ်အပျက်ကတော့လွန်ခဲ့တဲ့နှစ် ခြောက်ဆယ်ကျော်က အတွေ့အကြုံပါ။ ထိုခေတ်ကလူတွေ အတွက်မီးရထားကတော့ ခရီးသွားရန် အကောင်းဆုံးသောယာဥ်ဖြစ်ပါတယ်။လူအများကြီးတစ်စုတဝေးတည်းခရီး ထွက်နိုင်တဲ့ယာဥ်၊ပစ္စည်းအများကြီးကိုတချိန်တည်းမှာပို့ဆောင်နိုင်တဲ့ယာဥ်၊ ကမ္ဘာကြီးမှာဖြစ်နေသမျှသတင်းများ ကိုအချိန်မီဖတ်နိုင်အောင်သယ်ယူပို့ဆောင်ပေးနေသောမီးရထားကြီးနှင့် ပထမဆုံးခရီးကို သွားလာခွင့်ရခဲ့ခြင်းကို အမှတ်တရ မှတ်တမ်းတင်ရေးသား တင်ပြလိုက်ရပါတယ်။

ထင်အောင်
၄/၁၀/၂၀၁၉