Breaking News

ခက်မာ - ဘူးသီး ဒဿန


ခက်မာ - ဘူးသီး ဒဿန

(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၉
(ဆရာမ၏ ဖေ့စ်ဘွတ်ကနေ ကူးယူပါတယ်)

တကယ်ပြောချင်တာက ကျမရဲ့ ဘူးပင်လေးအကြောင်းပါ။ ဒါပေမဲ့ ကျမက ဘူးပင် ချဉ်ပေါင်ပင်တွေကို လည်း ဘဝနဲ့ချီပြီး ဆက်စပ်တွေးမိတတ်တာဆိုတော့ ကြီးကြီးကျယ်ကျယ်ပုံတော့ ပေါက်သွားနိုင်တာပေါ့။ သည်းခံကြပါရှင်လို့ပဲ ဆိုရပါလိမ့်မယ်။
၂၀၁၉ ခုနှစ် ဧပြီလနှောင်းပိုင်း အပူလေးလျော့လာတာနဲ့ ဘူးပင် (၄) ပင်ကို စစိုက်ခဲ့တာပါ။ သားနှစ်ယောက်က သစ်သားတိုင်တွေနဲ့ စင်ဆောက်ပေးတော့ ဘူးပင်ကလေးတွေခမျာလည်း ဒီနှစ်တော့ တင့်တောင့်တင့်တည် ဖူးရ ပွင့်ရပြီး ဇွန်လဆန်းလောက်ထဲက စသီးလိုက်တာထင်ပါရဲ့၊ စက်တင်ဘာ လလယ်လောက်မှာ အလုံး ၃၀ သီးပြီးပါပြီ။ အလုံးကြီးတွေကလည်း အကြီးကြီးတွေပါ။ တချို့အလုံးတွေဆို ခူးတဲ့အချိန်မှာ တယောက်ထဲတောင် မနိုင်ပါဘူး။ ဘူးတွေ စပြီးလှိုင်လှိုင်သီးကတည်းက သူငယ်ချင်းဖြစ်တဲ့ သူဌေးက အညွန့်တွေနိုင်နိုင် ဖြတ်ပေးဖို့၊ အရွက်ကြမ်းတွေ ဖယ်ထုတ်ပေးဖို့ပြောလို့ ဖြတ်တန်သလောက် တော့ ဖြတ်ပါတယ်။
အဲဒီလောက်အကြီးကြီးတွေ အလုံး ၃၀ သီးခဲ့ပြီဆိုတော့ စက်တင်ဘာနှောင်းပိုင်း အသီးရပ်သွားချိန် ဒီတနှစ်စာတော့ ပြီးပြီထင်တာပေါ့။ ဒါပေမဲ့ ဘူးပင်တွေက စိမ်းလန်းတုန်း၊ သန်စွမ်းတုန်း။ အရွက်ကြီးတွေ များဆို ဖားဖားကိုဝေနေတာ စင်တောင် ညွတ်အိကျနေပါတယ်။ အလုံး ၃၀ သီးပြီးနောက်မှာတော့ အသီးကုန်သွားပြီထင်ပေမဲ့ အပင်က စိမ်းနေသေးတာရော၊ အသီးထက် အရွက်ကို ပိုကြိုက်တော့ အရွက်စားရလည်းမနည်းဘူး တွေးမိတာရော၊ တနေ့တနေ့ ခြံထဲမဆင်းရရင် မနေနိုင်တာရောကြောင့် ဘူးစင်က အရွက်ကြမ်းတွေနဲ့ ဝါနေတဲ့ အရွက်တွေ လိုက်ညှပ်၊ အသီးသီးပြီးသားနဲ့ နောက်ထပ် အညွန့်သစ် ထွက်စရာမရှိတော့တဲ့ အကိုင်းဟောင်းတွေ လိုက်ဖြတ်ပစ်လုပ်မိပါတယ်။ ဒီတော့ ညွတ်အိနေတဲ့ ဘူးစင်လေးလည်း ပြန်မတ်လာပါတယ်။ ဖြတ်ပစ်လိုက်တဲ့ ဘူးရွက်တွေ၊ အကိုင်းတွေကိုတော့ လွှင့်မပစ်ဘဲ မြေသြဇာဖြစ်အောင်ဆိုပြီး အဲဒီဘူးစင်အောက်မှာပဲ ပြန်ပုံထားလိုက်ပါတယ်။
အံ့သြစရာလို့ပြောရမလားပါပဲ။ တပတ်လောက်လည်းကြာရော ကျမဘူးစင်လေးက အညွန့်သစ်တွေဝေလာ ပါတော့တယ်။ နောက် သုံးလေးရက်ကြာတော့ အဲဒီအညွန့်သစ်တွေမှာ သီးကင်းလေးတွေ တွဲလောင်းခိုလာ ပြန်ပါရော။ အတိုချုပ်ရရင်တော့ ရာသီလည်းကုန်ပြီ၊ အပင်နဲ့မျှအောင်လည်း သီးပြီးပြီဖြစ်ပါလျှက်နဲ့ မလိုအပ်ဘဲ ဖားဖားဝေနေတဲ့ အရွက်တွေ၊ အကိုင်းတွေကို ဖယ်ထုတ်လိုက်တဲ့အခါ အညွန့်သစ်ထွက်လာပြီး နောက်ထပ် အသီးသစ် အလုံး ၂၀ ကျော် ထပ်သီးလာတာပါပဲ။ မလိုတာတွေဖယ်လိုက်တော့ ဘူးစင်လေးဟာ အသက်ရှူလည်း ချောင်၊ ဝန်လည်းပေါ့သွားရုံမက အပင်ခြေရင်းမှာပုံပေးလိုက်တဲ့ မလိုအပ်တဲ့အရွက်တွေက မြေသြဇာဖြစ်သွားပြီး ဘဝသစ် ထပ်စနိုင်လာတာပါပဲ။
ကဲ… ဘူးပင်ကို ဘဝနဲ့ ချီပစ်ရအောင်။
လူ့ဘဝဆိုတာရခဲတယ်လို့ ဘုရားဟောတရားတွေမှာ ကြားနာဖူးပါတယ်။ Life is precious ဆိုတာမျိုး အနောက်တိုင်း ဆိုရိုးတွေလည်းဖတ်ဖူးပါတယ်။ ဘာသာတရားအရ လူ့ဘဝဟာ နိဗ္ဗာန်ကိုကူးနိုင်ရာတံတားမို့ တန်ဖိုးရှိတယ်လို့ သတ်မှတ်ကြတာမှန်ပေမဲ့ လောကီအမြင်နဲ့ ဘဝဟာ တန်ဖိုးရှိကြောင်း ဘယ်လိုစံနှုန်းနဲ့ သတ်မှတ်ကြသလဲဆိုတာကတော့ တဦးချင်းစီအပေါ်မူတည်မယ် ထင်ပါတယ်။ ကျမအတွက်ကတော့ သေပြီးနောက်ပိုင်း ဘယ်သွားမယ်၊ ဘာဖြစ်မယ်မှန်းမသိတာ၊ (တနည်း) မသိနိုင်တော့တာကြောင့် အကောင်း အဆိုး အလုံးစုံသိနေသေးတဲ့၊ ကောင်းမှုဆက်လုပ်နိုင်တဲ့ လက်ရှိ ရှင်သန်ချိန်ကာလဟာ တန်ဖိုးရှိတယ်လို့ ခံစားမိတာပါပဲ။
သတ်မှတ်ချက်အမျိုးမျိုးနဲ့ တန်ဖိုးထားကြတဲ့လူ့ဘဝထဲ ရှင်သန်ရချိန်အတွင်း တခါတခါမှာ လူတွေဟာ ပျော်ရွှင်မှု ဖြစ်စေ၊ စိတ်ချမ်းသာမှု၊ အေးချမ်းမှုကိုဖြစ်စေ ရှာဖွေဖို့ ပင်ပန်းတကြီး ကြိုးစားကြပါတယ်။ အရက်သောက်တာလို၊ ဆေးသောက်တာလို ခနတဖြုတ်ဖြေရှင်းနည်းနဲ့ ကြိုးစားတာက စလို့၊ ဘဝအောင်မြင် ပျော်ရွှင်နည်းစာအုပ်တွေ တက်ကြမ်းတွေဖတ်တာလို၊ နိဗ္ဗာန်ချမ်းသာကို မျှော်မှန်းပြီး ဝိပဿနာ ကျင့်ကြံတာမျိုးအထိ အဆင့်အမျိုးမျိုး၊ နည်းအမျိုးမျိုးနဲ့ ကြိုးစားကြပါတယ်။ ဖြေရှင်းနိုင်ခဲ့သူတွေ ရှိခဲ့မှာဖြစ်သလို ရှုံးနိမ့်ခဲ့သူတွေလည်း ဒုနဲ့ဒေးပါ။
လောကုတ္တရာလမ်းကို သီးသန့်ထားပြီး ကြည့်မယ်ဆိုရင်တော့ ပျော်ရွှင်အေးချမ်းမှုကိုရဖို့ နည်းလမ်းပေါင်းစုံနဲ့ ရှာဖွေကြရာမှာ ကိုယ်လက်ခံကျင့်သုံးနေတဲ့ အမူအကျင့်တွေ၊ အတွေးအကြံတွေ၊ နေ့စဉ်လုပ်နေကျကိစ္စတွေ ထဲက မလိုအပ်တာတွေကို ဖယ်ထုတ်လိုက်ရုံနဲ့ အညွန့်အခက် အသစ်တွေ၊ အပွင့်အသီးအသစ်တွေနဲ့ ဘဝလမ်းဟာ ပေါ့ပါးအေးချမ်းလာတတ်ပါတယ်။ တချို့ကျတော့လည်း အရွက်စိမ်းတွေဖားဖားဝေပြီး ကြည့်လို့ကောင်းနေတာကို ပျော်ရွှင်မှုလို့မြင်ပြီး၊ ဝန်ပိညွတ်အိလို့ အသက်ရှူမဝဖြစ်နေတဲ့ အပိုင်းကိုတော့ သတိမမူမိတတ်ပါဘူး။ ကျမအတွက်တော့ ဘဝထဲက တချို့ကိစ္စတွေမှာ ကြည့်ကောင်းရုံဖားဖားဝေနေတာ တွေဟာ အမှိုက်သက်သက်တွေဖြစ်ပြီး အဲဒါတွေကိုဖယ်ထုတ်နိုင်ခြင်းဟာ ပျော်ရွှင်အေးချမ်းမှုဆီ၊ ပေါ့ပါး အေးချမ်းမှုဆီသွားဖို့ ထိရောက်တဲ့ နည်းလမ်းတခုဖြစ်တယ်ဆိုတာ ဘူးပင်ကလေးက ပြောပြနေတယ်လို့ ခံစားရပါတယ်။