Breaking News

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – အခြေခံဥပဒေ၏ အာမခံချက်



ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – အခြေခံဥပဒေ၏ အာမခံချက်

ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၁၂
(အတွေးအမြင် စက်တင်ဘာ ၂၀၁၉)

Steven Levitskyနှင့် Danicl Ziblatt တို့ရေးသားသော HOW DEMOCRACIES DIE မှ The Guardrails of Democracy ဘာသာပြန်သည်။

အမေရိကန်လူမျိုးများသည် ခေတ်အဆက်ဆက်တွင် သူတို့နိုင်ငံ၏ အခြေံဥပဒေအပေါ်အလွန်ယုံ ကြည်ကြသည်။ သူတို့၏အခြေခံဥပဒေသည် သူတို့၏ယုံကြည်ချက်၏ ဗဟိုအချက်အခြာဖြစ်သည်။ အမေရိကန်နိုင်ငံသည် ကမာ့္ဘ့နိုင်ငံများက အတုယူနိုင်ရန် ရွေးထားသောနိုင်ငံဖြစ်သည်။ ကမ္ဘာ့နိုင်ငံများကို လမ်းညွှန်ရန် မျှော်လင့်ချက်ပေးရန် ဖြစ်လာသောနိုင်ငံဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ ဤယုံကြည်ချက်များသည် ယခုအခါတွင် မှေးမှိန်လာပြီဖြစ်သော်လည်း အခြေခံဥပဒေအပေါ် ယုံကြည်မှုမှာမြင့်မားနေဆဲဖြစ်သည်။ ၁၉၉၉ က ပြုလုပ်ခဲ့သော စာရင်းကောက်မှုတွင် တွေ့ရသည်မှာ ၈၅ ရာခိုင်နှုန်း၏ အမေရိကန်ပြည်သူများသည် ပြီးခဲ့သောရာစုအတွင်းတွင် အမေရိကန်နိုင်ငံပြိုကွဲမသွားခြင်းသည် အခြေခံဥပဒေကြောင့် ဖြစ်သည်ဟု ယုံကြည်ကြသည်ဟူ၏။


ဤယုံကြည်ချက်သည် ဧကန်တကယ်ယုံကြည်ထိုက်သောအရာဖြစ်ရဲ့လား? ဤမေးခွန်းကို သုံးကြည့် ပါမည်။ လွန်ခဲ့သောနှစ်ပေါင်းတစ်ရာအတွင်းတွင် အမေရိကန်သမိုင်းကိုပြန်ကြည့်သော်၊ အခြေခံဥပဒေသည် သမ္မတများကို အာဏာများလိုသည်ထက် ပို၍ ယူထားခြင်းနှင့် အာဏာအလွဲသုံးစားပြုလုပ်ခြင်းတို့ကို မပြုလုပ် နိုင်ရန် တားဆီးနိုင်ခံသည့်ဖြစ်ရပ်အနေဖြင့် အနည်းဆုံးနှစ်ကြိမ်ကြုံခဲ့သည်။

ပထမအကြိမ်မှာ သမ္မတ အေဘရာဟင်လင်ကွန်း လက်ထက်ကဖြစ်သည့်သမ္မတလင်ကွန်းသည် ပြည်တွင်းစစ်ကာလတွင် လုပ်ပိုင်ခွင့်များ တော်တော်များများကျော်၍ လုပ်နိုင်ခဲ့သည်။ သို့သော်လည်း ပြည်တွင်းစစ်ပြီးသွားသောအခါ တွင် အခြေခံဥပဒေအရ၊ တရားရုံးချုပ်က ထိုလုပ်ပိုင်ခွင့်များကို ပြန်လည်၍ ရုပ်သိမ်းနိုင်ခဲ့သည်။နောက်ဖြစ်ရပ်တစ်ခုမှာ ၁၉၇၂ တွင် သမ္မတနစ်ဆင်(Nixon) လုပ်ရပ်ဖြစ်သည်။ ထိုလုပ်ရပ်မှာ လူများ၏ ကြေးနန်းများကို ခိုးနားထောင်သော ဖြစ်ရပ်ဖြစ်သည်။ ထိုဖြစ်ရပ်ကို နိုင်ငံရေးလောကတွင် ဝါးတားဂိတ် (Watergate)ဖြစ်ရပ်ဟုခေါ်သည်။ ဤစာအုပ်ကို ဘာသာပြန်သောသူအနေဖြင့် ထိုအကြောင်းကို ယခုရေး ထားသလောက်ထက်ပို၍ နားလည်နိုင်စွမ်းမရှိပါ။ စာရေးသူနားလည်သလောက်ပြောရလျှင် သမ္မတအနေဖြင့် လုပ်ပိုင်ခွင့်မရှိသောလုပ်ရပ်ကို လုပ်ပြီး ထိုလုပ်ရပ်သည် လူသိရှင်ကြားဖြစ်သွားသဖြင့် သမ္မတကိုယ်တိုင်ပင် နှုတ်ထွက်ရသော အဖြစ်ကိုရောက်သွားသည်။

ဤဖြစ်ရပ်နှစ်ခုစလုံးတွင် အခြေခံဥပဒေသည် ဒီမိုကရေစီကို အကာအကွယ်ပေးနိုင်ခြင်းကို ပြသသည်။

မေးရမည့်မေးခွန်းမှာ-

“အခြေခံဥပဒေသည် ဒီမိုကရေစီကို ဧကန်တကယ် အကာအကွယ်ပေးနိုင်သောအရာဖြစ်ပါသလား? ”

“အခြေခံဥပဒေ ဒီမိုကရေစီကို ဖြစ်ထွန်းခြင်းကို အာမခံနိုင်ပါသလား? ”

ဤသို့အတိအကျမေးခွန်းမေး လာလျှင် အဖြေမှာ

“ မဖြစ်နိုင်ပါ”

ဟူ၍ ဖြစ်သည်။အကြောင်းမှာ သမိုင်းဖြစ်ရပ်များကို ကြည့်လျှင် ရေပက်မဝင်အောင် ရေးဆွဲထားသော အခြေခံဥပဒေများသည်ပင်လျှင် ဒီမိုကရေစီကို အာမခံရန် ပျက်ကွက်သည့် ဖြစ်ရပ်များစွာရှိသည်။ အထင်ရှားဆုံးသမိုင်းဖြစ်ရပ် တစ်ခုကို ဥပမာပေးရလျှင် ၁၉၁၉ တွင် ရေးဆွခဲ့သော ဂျာမဏီနိုင်ငံ၏ ဝိုင်မာအခြေခံဥပဒေ(Weimer Constitutions)ဖြစ်သည်။ ထိုဝိုင်မာအခြေခံဥပဒေကို ဂျာမဏီနိုင်ငံ၏ အတော်ဆုံးဥပဒေပညာရှင်များဦးဆောင် ၍ ရေးဆွဲထားခြင်းဖြစ်သည်။ ထိုအခြေခံဥပဒေနှင့် ဥပဒေအရ အုပ်ချုပ်ခြင်း(rule of law) တို့သည် မည်သည့် အစိုးရမှ အာဏာရှင်မဖြစ်စေရန်နှင့် ဥပဒေကိုအလွဲသုံးစားလုပ်၍ ပြည်သူတို့ကို မညှင်းပန်းနိုင်ရန်အတွက် အာမခံထားခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော် ၁၉၃၃ တွင် ဟစ်တလာအာဏာသိမ်းပြီးနောက်တွင် အခြေခံဥပဒေနှင့်ဥပဒေအရ အုပ်ချုပ်ခြင်းတို့သည် ကျဆုံးသွားလေသည်။

ဤက့သို့အခြေခံဥပဒေသည် ဒီမိုကရေစီကိုအာမခံနိုင်သည့် ဥပမာများသည် ကိုလိုနီခေတ်နောက်ပိုင်း လက်တင်အမေရိက (Latin America) နိုင်ငံများတွင် ရှိခဲ့လေသည်။ ထိုဥပဒေများထမှ အချို့ကိုဖော်ပြပါမည်။

ထိုနိုင်ငံတော်တော်များများသည် လွတ်လပ်ရေးရရှိပြီးသည့်နောက်တွင် အမေရိကန်ပြည်ထောင်စုကို အတုယူ၍ အခြေခံဥပဒေများကိုရေးဆွဲကြသည်။ အချို့သောနိုင်ငံများ၏ အခြေခံဥပဒေများသည် အမေရိကန် ပြည်ထောင်စု၏ အခြေခံဥပဒေကိုပင် ကူးချထားသကဲ့သို့ ဖြစ်၏။ သို့သော်လည်း ဤနိုင်ငံများတွင် ပြည်တွင်းစစ် များဖြစ်ခဲ့ပြီး အာဏာရှင်နိုင်ငံများဖြစ်သွားကြသည်။

ဥပမာ – အာဂျင်တီးနား(Argentina) ကိုကြည့်ပါ၊ ၁၈၅၃ ခုနှစ်တွင် ရေးဆွဲခဲ့သောယင်းနိုင်ငံ၏ အခြေခံဥပဒေသည် အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေနှင့် အလွန်ဆင်တူပါသည်။ ထိုဥပဒေရေးဆွထားရာတွင် သုံးသော စကားလုံးများ၏ သုံးပုံနှစ်ပုံသည် အမေရိကန်နိုင်ငံ၏ ဥပဒေထဲမှ ကူးချထားခြင်းဖြစ်သည်။ သို့သော်လည်း ယင်းအခြေခံဥပဒေသည် ၁၉ ရာစုနောက်ပိုင်းဖြစ်ခ့သော တရားမျှတမှုကင်းမဲ့သော ရွေးကောက်ပွဲများကို မတားဆီးနိုင်ပါ၊ ၁၉၃၀, ၁၉၄၃ တို့တွင်ဖြစ်ခဲ့သောစစ်တပ်မှ အာဏာသိမ်းပွဲများကိုလည်း မတားဆီးနိုင်ပါ။

နောက်ဥပမာ-၁၉၃၅ ခုတွင် ရေးဆွဲခဲ့သော ဖိလစ်ပိုင်နိုင်ငံ(Philippines) ၏ အခြေခံဥပဒေသည် အမေရိကန်နိုင်ငံ၏ ညွှန်ကြားချက်ဖြင့် ရေးခဲ့ပြီး အမေရိကန်နိုင်ငံ၏ လွှတ်တော်ကပင် အတည်ပြုပေးခ့ခြင်း ဖြစ်သည်။ ထိုအခြေခံဥပဒေထတွင် အာဏာခွဲဝေခြင်း၊ လူ့အခွင့်အရေးများအာမခံချက်၊ သမ္မတ၏နှစ်ကြိမ် သက်တမ်းအကန့်အသတ်တို့ပါဝင်သည်။ သို့သော် သမ္မတမားကိုး(Marcos)သည် နှစ်ကြိမ်သက်တမ်းအကန့်အသတ်ပြီးတွင် မထွက်လိုသောကြောင့် ၁၉၇၂ တွင် စစ်အုပ်ချုပ်ရေးကြေငြာပြီး ဆက်လက်၍အုပ်ချုပ်ခဲ့သည်။

အကယ်၍များ အခြေခံဥပဒေ၏ပြဌာန်းချက်များသည် ဒီမိုကရေစီကို အာမခံချက်ပေးနိုင်ခဲ့လျှင် အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေအတိုင်းရေးဆွဲထားသော နိုင်ငံများသည် အာဏာရှင်နိုင်ငံများ ဖြစ်မသွား နိုင်ပါ။ ယင်းအခြေခံဥပဒေပါ အချက်အလက်များသည် စာရွက်ပေါ်တွင်သာရှိပြီး တကယ်လက်တွေ့တွင် ဘာမှအသုံးမဝင်သကဲ့သို့ဖြစ်နေလေသည်။

အလွန်ကောင်းမွန်စွာရေးဆွဲထားသော အခြေခံဥပဒေများသည်ပင်လျှင် ဒီမိုကရေစီကို အာမခံနိုင်စွမ်းမရှိပါ၊ အာမ မခံနိုင်သည့် လုံလောက်သောအကြောင်းရှိပါသည်။ ထိုအကြောင်းမှာ အခြေခံဥပဒေဟူသမျှသည် ဘယ်တော့မှ ပြည့်စုံမှုမရှိခြင်းဖြစ်သည်။ ဥပဒေ၏ သဘောသဘာဝအတိုင်း ပျော့ကွက်၊ ဟာကွက်၊ မရှင်းလင်းသည့်အရာ၊ အဓိပ္ပါယ်နှစ်ခွဖြစ်နေသောအရာများသည် အမြဲတမ်းရှိနေမည်ဖြစ်သည်။ ဘယ်လောက် ပြည့်စုံအောင်ရေးထားသည်ဖြစ်စေ၊ ဖြစ်လာနိုင်သောအခြေအနေအားလုံးကို ကာမိအောင်ဖော်ပြထားနိုင်စွမ်း မရှိနိုင်ပါ။ အခြေခံဥပဒေတွင်ပါဝင်သော စည်းမျဉ်းစည်းကမ်းများသည် အဓိပ္ပါယ်အမျိုးမျိုးကောက်နိုင်သော ဟာကွက်များသည် ဘယ်တော့မှမကင်းနိုင်ပါ၊ အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေထဲတွင် အဓိပ္ပါယ်အမျိုးမျိုး ကောက်နိုင်သော စကားလုံးများစွာရှိနေသည်။ ထိုစကားလုံးများနှင့်ပတ်သက်၍ နှစ်ပေါင်းရာချီ၍ ပင် ဥပဒေပညာရှင်များ အငြင်းပွားနေရဆဲဖြစ်သည်။ သို့ရာတွင် ဤစကားလုံးများကို ဥပဒေရေးဆွဲခဲ့သောသူများကိုယ်တိုင် ပင် မစဉ်းစားမိသောအဓိပ္ပါယ်ကောက်ပုံကောက်နည်းများလည်း ရှိနိုင်သေးသည်။ အခြေခံဥပဒေထဲတွင်ပါဝင် သောစကားလုံးများအတိုင်း တိတိကျကျလိုက်နာ၍ အရာရာတိုင်းကို ဆောင်ရွက်ခြင်းသည်လည်း ဥပဒေ၏ တကယ့်အနှစ်သာရကို ပျောက်သွားစေနိုင်သည်။

တရားဥပဒေစနစ်တိုင်းတွင်ရှိသော ဟာကွက်များနှင့် အဓိပ္ပါယ်အမျိုးမျိုးကောက်ပုံကောက်နည်းများ ကြောင့် အခြေခံဥပဒေတစ်ခုတည်းကို အားကိုး၍ ဒီမိုကရေစီကို ထိန်းသိမ်းရန် အာဏာရှင်စနစ်ကို တားဆီး နိုင်ရန် မဖြစ်နိုင်ပါ။