Breaking News

“ကြိုတင်မဲနဲ့ အနိုင်ယူဖို့ လုပ်မယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲဟာ တရားမျှတမယ်လို့ ပြောဖို့ခက်ပါလိမ့်မယ်”




“ကြိုတင်မဲနဲ့ အနိုင်ယူဖို့ လုပ်မယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲဟာ တရားမျှတမယ်လို့ ပြောဖို့ခက်ပါလိမ့်မယ်”

ဖြိုးသီဟချို ၊ Myanmar NOW
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၉

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမကွဲစေရေးအတွက် ကချင်နိုင်ငံရေးပါတီ ၃ ခုပူးပေါင်းကာ ကချင်ပြည်နယ်ပြည်သူ့ပါတီ (Kachin State’s People Party )ကို တည်ထောင်လိုက်ပြီဖြစ်သည်။

ဦးကွမ်ဂေါင်အောင်ခမ်းမှာ ယင်းပါတီ၏ ဒုတိယဥက္ကဋ္ဌ ၂ ဖြစ်ပြီး ယင်း ကချင် ၃ ပါတီ မပေါင်းစီးနိုင်ခင်က သူသည် ကချင်ပြည်နယ် ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌဖြစ်သည်။

၎င်းမှာ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မြစ်ကြီးနားခရိုင်ရှိ လစ်လပ်နေသည့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၂ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မဲအရေအတွက် ၁၉,၀၀၀ ကျော်နှင့် ဒုတိယမဲအများဆုံးရရှိကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ကိုယ်စားလှယ် ဦးဆီဟူးဒွေ့ကို ရှုံးနိမ့်ခဲ့သည်။

အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်ယမ်ခေါန် ကို မဲအရေအတွက်အသာနှင့် အနိုင်ရခဲ့သော်လည်း ပြည်ခိုင်ဖြိုးပါတီကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ရှုံးနိမ့်ခဲ့ခြင်းမှာ တပ်ကြိုတင်မဲကြောင့်ဟုဆိုကာ ဦးအောင်ခမ်း အပါအဝင် ကိုယ်စားလှယ်လောင်းများက စွပ်စွဲခဲ့ကြပြီး မဲရလဒ်ပုံစံ ၁၉ တွင် လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သည်။

ယင်းပြဿနာများအတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မည်သို့ကြိုတင် ပြင်ဆင်ထားသည်ကို သိရှိနိုင်ရန် Myanmar Now က ဦးကွမ်ဂေါင်အောင်ခမ်းနှင့် တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။

MYANMAR NOW ။ ။၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေအတွက် အဓိကစိန်ခေါ်မှုက ဘာတွေဖြစ်မလဲ။
ဦးအောင်ခမ်း။ ။၂၀၂၀မှာ တိုင်းရင်းသားပါတီ နေရာအသီးသီးရဲ့ စိန်ခေါ်မှုဟာ အများကြီးဖြစ်ပါလိမ့်မယ်။ ပထမအချက်ကတော့ ငွေရေးကြေးရေး မပြည်စုံတဲ့ဟာတွေ ဖြစ်မယ်။ ဒုတိယအချက်ကတော့ ပြည်နယ်မှာပါတီတွေ များသလောက်တော့ များပါသေးတယ်။ မဲတွေလည်း ပျံ့မယ်။ အဲဒီဟာလည်းရှိပါတယ်။ နောက်တစ်ချက်ကတော့ Migration (ရွှေ့ပြောင်းနေထိုင်သူ) ပြည်မဘက်ကဝင်တဲ့လူ အများကြီး ဒီဒေသခံမဟုတ်တဲ့သူတွေ အများကြီးရှိတယ်။ အဲဒီဟာတွေရဲ့ စိန်ခေါ်မှုတွေက အများကြီးဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့လည်း လွန်ခဲ့တဲ့အချိန်မှာလည်း ကျွန်တော်တို့ ပြည်နယ်ပါတီတွေက ပြည်မက ပါတီတွေကို မနိုင်တာဖြစ်ပါတယ်။ အခုလည်း ခုနတုန်းကပြောတဲ့အတိုင်း စိန်ခေါ်မှုတွေက ကြိုတင်မဲ၊ ငွေရေးကြေးရေးဆိုင်ရာ၊ Migration အခြားကိစ္စတွေ အများကြီးရှိပါတယ်။ ဒါကို ကျော်လွှားပြီးမှ လုပ်ဆောင်ရပါမယ်။

MYANMAR NOW ။ ။၂၀၂၀ ရွေးကောက်ပွဲအတွက် KSPP( ကချင်ပြည်နယ် ပြည်သူ့ပါတီ) က ဘာတွေပြင်ဆင်ထားပြီလဲ။
ဦးအောင်ခမ်း။ ။အခု ၂၀၂၀ အတွက် ပြင်ဆင်မူတွေ စတင် လုပ်ဆောင်နေပါတယ်။ ဒါကတော့ မကြာသေးခင်ကမှ ပြန့်ကျဲနေတဲ့ပါတီတွေကို စုစည်းပြီးတော့ တစ်ပါတီတည်း ဖြစ်လာပါပြီ။ ဒါကတော့ KSPP လို့ ခေါ်ပါတယ်။ ပါတီရုံးတွေ၊ မြို့နယ်ကော်မတီတွေ စတင်ဖွဲ့စည်းနေပါပြီ။ သိပ်မကြာခင်မှာ ရုံးတွေနဲ့ ကော်မတီတွေတော့ ပြီးသလောက် ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ပါတီအနေနဲ့ အခြေအနေ ကောင်းမွန်လာမယ်လို့တော့ မျှော်လင့်ပါတယ်။

ဗမာပြည်ထဲမှာ ကြိုတင်မဲကတော့ စစ်တပ်မှာ အသုံးပြုမှုက အများဆုံးဖြစ်ပါတယ်။ စစ်တပ်မှာကတော့ သူတို့နာမည်စာရင်းနဲ့ အကုန်လုံးလွှဲပြီးမှ အကုန်လုံးအမှန်ခြစ်ပြီးမှ ပို့လာတဲ့အပိုင်းမျိုးဖြစ်ပါတယ်။

MYANMAR NOW ။ ။ ကချင်ပြည်နယ်က နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အဓိက စိန်ခေါ်မှုက ဘာတွေဖြစ်လာမယ် ထင်သလဲ။
ဦးအောင်ခမ်း။ ။ကျွန်တော်တို့ဆီမှာ ဖြစ်ပေါ်နေတာက ၂၀၂၀ မှာပဲဖြစ်ဖြစ်၊ ၂၀၁၅ မှာပဲဖြစ်ဖြစ်၊ ၂၀၁၈ ကြားဖြတ်မှာပဲဖြစ်ဖြစ် တကယ့်မြေပြင်ရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေကတော့ ကြိုတင်မဲကိစ္စ ဖြစ်ပါတယ်။ ဗမာပြည်ထဲမှာ ကြိုတင်မဲကတော့ စစ်တပ်မှာ အသုံးပြုမှုက အများဆုံးဖြစ်ပါတယ်။ စစ်တပ်မှာကတော့ သူတို့နာမည်စာရင်းနဲ့ အကုန်လုံးလွှဲပြီးမှ အကုန်လုံးအမှန်ခြစ်ပြီးမှ ပို့လာတဲ့အပိုင်းမျိုးဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ၂၀၁၈ နိုဝင်ဘာလ ၃ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်တော်ကိုယ်တိုင် အမျိုးသားလွှတ်တော်မှာ ပြိုင်ခဲ့ပါတယ်။ NLDကို နိုင်ပါတယ်။ ဒါပေမဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ရှုံးနိမ့်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြိုတင်မဲကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို စစ်တပ်ဘက်ကနေ အကုန်လုံးထည့်တဲ့ အပိုင်းမှာဖြစ်တယ်။ ဒါကြောင့် နောင်အနာဂတ် ၂၀၂၀ မှာ ဒီလိုမျိုး ကြိုတင်မဲနဲ့ ဖြစ်လာမယ့်ဟာကို စိုးရိမ်ပါတယ်။ ဒါကို ကော်မရှင်ကနေ ဖြေရှင်းပေးဖို့တော့ လိုပါတယ်။ နောက်တစ်ချက်ကတော့ ဒီလိုမျိုးသာလုပ်မယ်၊ ကြိုတင်မဲနဲ့ အနိုင်ယူဖို့ လုပ်မယ်ဆိုရင်တော့ အနာဂတ် ၂၀၂၀ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ပြောဖို့ခက်ပါလိမ့်မယ်။

MYANMAR NOW ။ ။ KSPP က ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ဘယ်လောက်များများ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ရှိလဲ။
ဦးအောင်ခမ်း ။ကျွန်တော်တို့ပါတီ အနေနဲ့တော့ ကချင်ပြည်နယ်ထဲမှာရှိတဲ့ မြို့နယ်အဆင့်တွေကို အကုန်လုံး ရွေးကောက်ပွဲဝင်ဖို့တော့ ပြင်ဆင်ထားပါတယ်။ စိတ်လည်း အကုန်လုံးဆုံးဖြတ်ထားတဲ့ အပိုင်းတော့ရှိတယ်။ ဒါပေမဲ့ ဒီမြေပြင်အခြေအနေကို တိတိကျကျလေ့လာပြီးမှ ဆုံးဖြတ်ပါလိမ့်မယ်။ အဓိကကတော့ ဒီ ၁၈ မြို့နယ်လုံးတော့ ရွေးကောက်ပွဲဝင်ဖို့တော့ ရှိပါတယ်။ အဲဒီရွေးကောက်ပွဲဝင်တဲ့နေရာမှာ ကော်မရှင်ကို မေတ္တာရပ်ခံချင်တာ၊ ကော်မရှင်ကို ပြောချင်တာကတော့ ကော်မရှင်က ဘက်မလိုက်ဘဲနဲ့ ကြားနေလူတွေကို ခန့်ဖို့လိုပါတယ်ဆိုတာကို ပြောချင်ပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးလက်ထက်မှာတုန်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးလူတွေပဲ။ အခု NLD လက်ထက်ရောက်တော့လည်း NLD လူတွေပဲ ထည့်တဲ့အပိုင်းတွေဖြစ်တယ်။ ကျွန်တော် ဒါမျိုးမဖြစ်စေချင်ပါဘူး။ ကြားကနေ သမာသမတ်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဦးစီးပြီးမှ လုပ်ဆောင်တဲ့အပိုင်းမျိုး ဖြစ်စေချင်ပါတယ်။ ဒါကြောင့်မို့လည်း နောင်အနာဂတ်မှာ သမာသမတ်ရှိတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ လုပ်သွားတဲ့အချိန်မှာ အဓိကကတော့ ပွင့်လင်းမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်ပါတယ်။ (ကချင်ပြည်နယ်) နေရာအကုန်လုံးမှာ ရွေးကောက်ပွဲဝင်ချင်ပါတယ်။ ရွေးကောက်ပွဲကို (ကချင်ပြည်နယ် မဲဆန္ဒနယ် အားလုံး) ကျင်းပစေချင်ပါတယ်။

MYANMAR NOW ။ ။ကြိုတင်မဲနဲ့ ပတ်သက်ရင် ရွေးကောက်ပွဲကော်မရှင်ကို ဘာများ တောင်းဆိုချင်ပါသလဲ။
ဦးအောင်ခမ်း ။ကြိုတင်မဲကို ပွင့်ပွင့်လင်းလင်းနဲ့ တစ်ဦးချင်း သူ့ရဲ့စိတ်ဆန္ဒအတိုင်းပဲ ထည့်စေချင်ပါတယ်။ ဒါကိုလည်း ရွေးကောက်ပွဲကော်မရှင်ကနေ လုပ်ပေးနိုင်မယ်။ လုပ်ဆောင်ပေးမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။


ဖြိုးသီဟချို
ဖြိုးသီဟချိုသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက် ဖြစ်သည်။