Breaking News

ဇာနည်- ဖန်ပြာခွက်နဲ့ကျောက်စက်ရေ အမောပြေအောင်တိုက်ပါ့မမ...


ဖန်ပြာခွက်နဲ့ကျောက်စက်ရေ အမောပြေအောင်တိုက်ပါ့မမ...
ဇာနည်
(မိုးမခ) အောက်တိုဘာ ၉ ရက်၊ ၂၀၁၉

()

ကျနော့်ဘဝတွင် လေးစားကြည်ညိုရသော စာပေကျေးဇူးရှင်တစ်ဦးထဲတွင် "ဆရာဇော်ဂျီ" လည်း ပါလေသည်။

ဆရာဇော်ဂျီ ဟုပြောလျှင် ဆရာမင်းသုဝဏ်ကိုလည်း တွဲတွဲလျက် မြင်ကြပေမည်။ ဆရာ မင်းသုဝဏ်၏ ကဗျာများသည် အသံချိုသာလှပသလောက် ဆရာဇော်ဂျီ၏ကဗျာများမှာ ဘဝအမြင်လေးနက် တည်ကြည်လှသည်ဟုခံစားရပါသည်။

ဆရာဇော်ဂျီ၏"ရသစာပေအဖွင့်နှင့်နိဒါန်း" စာအုပ်သည် ကျနော် စာပေအနုပညာကိုစတင် လေ့လာခဲ့စဉ်က လက်စွဲစာအုပ်ဖြစ်ခဲ့ဖူးလေသည်။ ထိုစဉ်က ကျနော်သည် ခြောက်တန်းကျောင်းသား ဘဝမျှသာ ရှိပါသေးသည်

()

ကျနော့်တို့ နိုင်ငံတွင်"အမျိုးသားစာဆို"ဟုဂုဏ်ပြုထိုက်သော စာပေအနုပညာရှင်ထဲတွင် ဆရာဇော်ဂျီသည် ထိပ်တန်းမှပါဝင်သူတစ်ဦးလည်း ဖြစ်လေသည်။

ဆရာသည် မြန်မာစာပေဘဏ္ဌာတိုက်ထဲတွင်သူ့၏စာပေအမွေအနှစ်များစွာကို ထားသိုချန်ထားခဲ့သူတစ်ဦးလည်း ဖြစ်လေသည်

ကျနော်တက္ကသိုလ်ရောက်တော့ ဆရာသည်အနားယူသွားခဲ့ပြီးဖြစ်ပါသည်သို့သော် ပုဂံလမ်းပေါ်မှ ဖြတ်လျှောက်တိုင်း ဆရာကိုသတိရခဲ့မိလေသည်

တခါတရံ ဆရာကို အမှတ်မထင် တက္ကသိုလ်ဗဟိုစာကြည့်တိုက်တွင် ဆရာဦးသော်ကောင်းနှင့်အတူ တွေ့ရ တတ်ပြီး၊ ကျနော်တို့က ခါးညွှတ်အရိုအသေပြုနုတ်ဆက်သည့်အခါတိုင်း ဆရာသည် ခေါင်းလေး တဆတ် ဆတ်ညိတ်ခါ ပြုံးချိုလှသောမျက်နှာဖြင့်ပြန်လည်နှုတ်ဆက်တတ်လေသည်

ဆရာဆုံးချိန်တွင် ကျနော့်မှာ ဝရမ်းပြေးဘဝနှင့်မို့ ဆရာစျာပနကိုလိုက်ပါဂါရဝပြုခွင့်မရသည့်အတွက် ယနေ့ထိတိုင် စိတ်မကောင်းဖြစ်နေမိလေသည်။။

()

ကျနော်သည် စာပေအနုပညာဆိုင်ရာသီအိုရီသဘောတရားများကိုလေ့လာရာတွင်...

ဆရာဇော်ဂျီ၏ "ရသစာပေအဖွင့်နှင်နိဒါန်း" ဆရာဒဂုန်တာရာ၏ "စာပေသဘောတရား စာပေ ဝေဖန် ရေးစာပေလှုပ်ရှားမှု " ဆရာဦးသိန်းဖေမြင့် "တိုက်ပွဲဝင်စာများ" ဆရာနတ်နွယ်၊ ဆရာ မောင်နေဝင်း၊ ဆရာမင်းကျော်တို့၏"တော်လှန်စာပေအေတွးသစ် အမြင်သစ်" ဆရာကေတီ ဦးကျော်တင့်၏ "လူရွန်း နှင့် တရုတ်ပြည်တော်လှန်စာပေသမိုင်းမက္ကဇင်းဂေါ်ကီ"ဆိုရှယ်လစ် သရုပ်ဖော်စာပေ"၊ ဥက္ကဋ္ဌ မော်၏ "ယင်အန်းစာပေအနုပညာဆွေးနွေးပွဲမိန့်ခွန်း" စသည်တို့သည် ကျနော်လက်ကိုင်ပြုခဲ့သည့် စာပေသဘောတရားများဖြစ်ခဲ့လေသည်

ကျနော်သည် ယနေ့ထိတိုင်"သရုပ်မှန်စာပေသဘောတရား"(Realism),ကိုလက်ခံထားပြီး..."စာပေသည် ပြည်သူအတွက်"(Art for people sake),အယူအဆကိုလည်း ယုံကြည်သူတစ်ဦးဖြစ်ပါသည်။ 

ထိုအထဲမှ...ဆရာဇော်ဂျီ၏ကမ္ဘာကျော်စာပေအနုပညာသီအိုရီတခုဖြစ်သည့်"ဖန်ပြခွက်နဲ့ကျောက်စက်ရေ အမောပြေအောင် တိုက်ပါ့မမ" သည် ကျနော့်၏စာပေအနုပညာဆိုင်ရာခံယူချက် သဘောတရားတခုလည်း ဖြစ်လေသည်...

()

မည်သည့် စာပေအနုပညာ၌မဆို တင်ပြသည့်ပုံသဏ္ဌာန်အဖွဲ့အနွဲ့ (Form) နှင့် အတွင်းသားအနှစ်သာရ အကြောင်းအရာ (Theme),ဟူ၍ရှိပါသည်။.

ထိုအရာကိုပင် ဆရာဇော်ဂျီသည်"ဖန်ပြာခွက်နှင့်ကျောက်စက်ရေ "ဟု တင်စားခဲ့လေသည်

ဖန်ပြာခွက်နှင်တူသော လှပ၍နှစ်လိုဖွယ်ကောင်းသောပုံသဏ္ဌာန်(Form),ထဲသို့ အေးမြကြည်လင်သောကျောက်စက်ရေနှင်တူသည့် အတွင်းသားအနှစ်သာရ(Theme),ပေါင်းစပ်လျက် ည့်သွင်းဖန်းတီးထားသော အနုပညာပစ္စည်းတခုသည် ရည်ရွယ်ချက်ဖြစ်သော လူသားတို့၏"ဘဝအမော"ပြေအောင်တိုက်ကျွေးသင့်သည်ဟု ဆရာဇော်ဂျီကဆိုခဲ့လေသည်

အင်မတန်လှပသော နိမိတ်ပုံတင်စားချက်တစ်ခုဖြစ်ပါသည်

အမျိုးသားစာဆိုဆရာဇော်ဂျီသည် လက်ဝဲစာပေအနုပညာသမားတယောက်မဟုတ်သော်လည်း သူ၏စာပေအယူအဆသည်"စာပေသည်ပြည်သူ့အတွက်"ဖြစ်ရမည်ဟူသော ပြည့်သူ့စာပေ သဘောတရားနှင့် ထပ်တူကျနေလေသည်။

ဥက္ကဋ္ဌမော်ကလည်း သူ၏"ယင်အန်းစာပေအနုပညာဆွေးနွေးပွဲမိန့်ခွန်း"တွင် စာပေအနုပညာတို့တွင် တင်ပြပုံနှင့်အကြောင်းအရာ လိုက်ရောညီထွေမူ့ရှိဖို့လိုပြီး တင်ပြပုံအနုပညာဆန်ဖို့လိုအပ်ပြီး အကြောင်းအရာ၌ လည်း အနုပညာဆန်၍နိုင်ငံရေးကြွေးကြော်သံမဖြစ်ဖို့လိုအပ်သည်ဟု ပြောခဲ့ဖူးလေသည်။

စာပေအနုပညာသည် ဘက်ရှိဖို့လည်း လိုအပ်လေသည်
"အမှန်နှင့်အမှား","တရားမူ့နှင့်မတရားမူ့"တို့တွင် အမှန်နှင့်တရားမျှတမူ့တို့ဘက်က ရပ်တည်ရပေမည်
ထို့အပြင် အမှားနှင့်မတရားမူ့တို့ကိုဆန့်ကျင်ဖို့လည်း လိုအပ်ပေမည်။
လူသားတွေဖန်တီးသော အနုပညာပစ္စည်းတို့သည့် လူ့လောက လူ့အဖွဲ့စည်း လူသားအများစုအတွက် အကျိုးပြုရန် လိုအပ်လေသည်

ဤသည်မှာ ကျနော်ယုံကြည်သော စာပေအနုပညာဆိုင်ရာသဘောတရားများပင် ဖြစ်လေသည်...

(ဆရာဇော်ဂျီကွယ်လွန်ခြင်းအနှစ်(၃၀)ပြည့်နေ့သို့...)

ဇာနည်
(-၁၀-၂၀၁၉)