Breaking News

မောင်သာနိုး - မောင်ဇေတုရဲ့ ဘာသာပြန်ကဗျာ

၁၉၈၈ခုနှစ်၊ဒေါ်ခင်ကြည်စျာပနမှာ..၊ဒေါ်ဒေါ် (လူထုဒေါ်အမာ)၊ဆရာမောင်သာနိုး၊ဆရာတင်မိုး၊ဆရာမောင်စွမ်းရည်၊ဆရာဦးသိန်းတင်၊ဆရာယဉ်မင်းပိုက်တို့နဲ့.... (ဓာတ်ပုံ - နုနုရည်(အင်း၀) ဖေ့စ်ဘွတ်က)


မောင်သာနိုး - မောင်ဇေတုရဲ့ ဘာသာပြန်ကဗျာ

(မိုးမခပြန်လည်ဆန်းသစ်) နိုဝင်ဘာ ၁၅၊ ၂၀၁၉

ကျနော်တို့ တိုင်းပြည်မှာ ကဗျာဘာသာပြန်သူတွေ တော်တော်များတယ်။ စကားပြေပြန်တဲ့သူထက်ကို များမယ်ထင်တယ်။ စကားပြေ၊ ဝတ္ထုတပုဒ်က တော်တော်ရှည်နိုင်တယ်။ အတွေးအခေါ် ၊ ဆောင်းပါးကျ စာခက်နိုင်တယ်။ ကဗျာဆိုတာက တိုတိုတုတ်တုတ် ဆိုတော့ ၊လွယ်လွယ်နဲ့ကောက်ကာငင်ကာ ပြန်လို့ ရတာကိုး ။ ဒါနဲ့ ကဗျာပြန်သူတွေ များလာရသလား မပြောတတ်ပါဘူး။ ကဗျာဘာသာပြန်မှာမှ အရင်ကဆို အင်္ဂလိပ်က မြန်မာပဲ ပြန်ကြတာ။ အခုတော့ အင်္ဂလိပ်-မြန်မာ ပညာပေးစာစောင်လေးတွေ များပြားလာတော့ မြန်မာက အင်္ဂလိပ် လက်တည့်စမ်းပြန်ကြတာတွေပါ များပြားနေတော့တာကလား ။

ဒီ များပြားလှတဲ့ ကဗျာဘာသာပြန်တွေကို သတ္တုချကြည့်ရင် ၊ တချို့က ဘာ ကဗျာအသိ၊ စာပေအသိမှ မရှိကြဘူး။ သူ့နာမည် စာစောင်ထဲပါလာချင် ၊ နာမည်ကြီးချင်လို့ ပြန်တာ ။ (နာမည်ကြီးပြီးသားဆိုရင်လည်း ကဗျာမြတ်နိုးသူကြီးလို့ အသိအမှတ်ပြုခံချင်သေးတာ။) တချို့က ကိုယ့်ရဲ့မတောက်တခေါက်တတ်ထားတဲ့ အင်္ဂလိပ်စာအသိကို အထင်ကြီးပြီး လက်တည့်စမ်းချင်တာ။ အနည်းငယ်က(သာ) ကဗျာလည်း တကယ် ဝါသနာပါ ၊ အင်္ဂလိပ်စာလည်း အထိုက်အလျောက်လေ့လာထားသမို့ ၊ ကြိုးစားပြန်ကြည့်တာ။ ဒီသုံးမျိုးမှာ ပထမနှစ်မျိုးက အပေါဆုံးဖြစ်ပြီး၊ တတိယအမျိုးက ရှားပါးတာကို စာဖတ်သူ သိပါလိမ့်မယ်။

တခါ ပထမနှစ်မျိုးကို ချာတိတ်လေးတွေ အရူးထကြတာဖြစ်မှာပေါ့လို့ ထင်စရာ ရှိတယ် ။ မဟုတ်ပါဘူး။ စကားပြေမှာ နာမည်ရပြီးသား စာရေးဆရာကြီးတွေပါ ပါဝင်တယ်ဆိုတာ သတိပြုပါ။ ကျနော့်မိတ်ဆွေ စာရေးဆရာတဦးဆိုရင် ကဗျာကိုဝါသနာမပါလို့ စာအုပ်ပေးပြီး ဖတ်စမ်းပါတိုက်တွန်းယူရတယ်။ လူငယ်တွေ ကဗျာအကြောင်းပြောကြမှန်းလည်း သိရော ၊ ကဗျာတွေ တွန်းပြန်တော့တာပဲ။ အရင် အစိုးရသတင်းစာစောင် တခုရဲ့ အယ်ဒီတာဖြစ်ဖူးသူမိတ်ဆွေလည်း ကဗျာနဲ့ အလှမ်းသိပ်ဝေးသူပါ။ ဝတ္ထုတောင် ဝါသနာမပါလှဘူး။ ဒါပေမဲ့ နောက်ပိုင်း ကဗျာတွေ ဘာသာပြန်နေတော့တယ်။

သူတို့ဘာသာပြန်တာကို ကြည့်လိုက်ရင် ၊ ပြန်ချင်လို့သာ ထ ပြန်ရ၊ ဘယ်ကစရမှန်း မသိတဲ့အတွက် ကပေါက်တိကပေါက်ချာ တောရောက်တောင်ရောက်ဖြစ်နေတာကို တွေ့ရလိမ့်မယ်။ ဥပမာ၊ ပထမဆရာကြီးက ဆိုရင် ၊ ရုရှားကဗျာတချို့ကို ပြန်တယ်။ တခြားလူမျိုးဆိုရင် ခေတ်ပေါ်လား ၊ မပေါ်လား မခွဲတတ်တော့ ၊ သိပ် မပြန်ဖြစ်ဘူး။ ဒုတိယဆရာကြီးကတော့ နောက်ပိုင်းထုတ်စာအုပ်တွေကို ကိုင်ကြည့်ဖူးဟန်မရှိ။ ကျနော်တို့ ငယ်ငယ်က ၉ တန်း ၁၀ တန်းမှာ ပြဌာန်းဖူးတဲ့ စာအုပ်ထဲက ကဗျာတွေချည်း ပြန်တော့တာပဲ။ (အင်္ဂလိပ်ကဗျာ ဆိုတာ အတူတူပါပဲ၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ က ကဗျာနဲ့ ခုကဗျာ မပြောင်းလဲပါဘူးလို့များ ထင်နေရှာလား မသိပါဘူး။) နောက်ပိုင်းမှာ ရုရှားသံရုံးက လူတယောက်ယောက် လက်ဆောင်ပေးခဲ့ထင့် ၊ 'ဆိုဗီယက်ကဗျာဆရာ ငါးဆယ်'’ဆိုတဲ့စာအုပ်ထဲက တပုဒ်စ၊ နှစ်ပုဒ်စ ပြန်တာ တွေ့ရတယ်။

ဒီဆရာကြီးတွေ ဘာသာပြန်တာ ၊ စာမရေးတတ်တာ ၊အသေးအဖွဲမှားတာကလွဲလို့ ၊ တယ်ပြောစရာ မရှိလှဘူး။ ဒုတိယဆရာကြီးကတော့ မကျွမ်းကျင်ဘဲ အင်္ဂလိပ်ကဗျာ ကာရန်တွေဘာတွေပြောတော့၊ မမှားသင့် တာတွေ မှားပြီး အရုပ်ဆိုးရတယ် ။ မြန်မာလိုအနီးဆုံး ဝါ့ဒ်စဝါသ်လို့ အသံထွက်ရမယ့် Wordsworth ကို ဝေါ့ဒ် စဝေါ့ဒ် တဲ့။ (နောင် သူ့အမွေဆက်ခံသူတွေက ရှေးမတ်စ်ဟေနီ Seamus Heaney ကို ဆီးမတ်စ်ဟေနီ ၊ ဆီးမတ်စ် ဟီးနေ စသဖြင့်လုပ်ကြတယ်။) သူရေးတဲ့ My Heart Leaps Up ချီကဗျာကို ဒီလောက်ကာရန်တွေ ပါနေတာ ကာရန်မဲ့ကဗျာတဲ့။ နောက်တပုဒ်မှာပါတဲ့ joy နဲ့ fine ကိုကာရန်ညီသတဲ့။ Middle Class Blues လို့ ခေါင်းစဉ်တပ်ထားတဲ့ ကဗျာထဲက I hate the landlord ကို ‘ငါ လယ်ပိုင်ရှင်ကို မုန်းတယ်’တဲ့။ မြို့နေ လူလတ်တန်းစားပါဆိုမှ လယ်ပိုင်ရှင်နဲ့ ဘာဆိုင်လို့တုန်း ။ အိမ်ခန်းငှားစားတဲ့အိမ်ခန်းရှင်ကို ပြောမှန်း သိဖို့ ကောင်းတယ်။ ခုတော့ landlord ဆို ပုံသေ၊ လယ်ပိုင်ရှင် မြေပိုင်ရှင်ပဲ သိနေတယ်။

အဲ--- သူတို့လောက်မှ မတတ်သူက ထ ပြန်တော့ ဘယ်ပြောကောင်းမလဲ ။ ကျော်မကောင်းကြား မကောင်းတွေ ဖြစ်ကုန်တော့တာပေါ့ ။ Wishing Tree ကို အာသီသသစ်ပင်တဲ့။ “I Think I Know”( ငါသိတယ် ထင်တယ်)ကို “ငါထင်သည် ငါသိသည်” တဲ့။ ကလေးကဗျာထဲက “How I wonder what you are” ကို “အသင်သည် အံ့ဩဖွယ်ပါတကား” တဲ့။ “ရှေးတုန်းက ဒီနေရာဟာ ဘုရင်ကြီး ညီလာခံ ခဲ့ရာပ၊ အခု တော့ ခြင်္သေ့တို့ ဖွတ်ကျားတို့ ကျက်စားရာနေရာ ဖြစ်နေပြီ” လို့ ရေးထားတာကိုပဲ ၊ “ဘုရင်ကြီးက နန်းတော်ထဲ ခြင်္သေ့တွေ ၊ အိမ်မြှောင်တွေ မွေးထားတယ်”လို့ ဘာသာပြန်တော့တာကလား ။ ဒါမျိုးဟာ ဘာသာပြန်မတတ်တာနဲ့ မဆိုင်ဘူး ။ အင်္ဂလိပ်စာ မတတ်တာနဲ့ ဆိုင်တယ်။ အင်္ဂလိပ်စာကို ဟုတ္တိပတ္တိ တကယ်မတတ်ဘဲနဲ့ ၊ “အို ၊ ဒီလောက်ကတော့ ကလေးကဗျာပဲ ၊ ငါနားလည်ပါတယ်” ဆိုပြီး ၊ ဘာသာထပြန် ကြသူတွေ ။

ဘာသာမပြန်တတ်ဘူး ၊ မသိဘူး ဆိုတာက အင်္ဂလိပ်လိုရေးထားတာကို ဖတ်လို့တော့ နားလည်ပါရဲ့။ မူရင်းစာကို ရေးသူရဲ့လေကို မသိလို့ ၊ သူ့လေကို မိအောင် မြန်မာလို ပြန်မပြောတတ်တာမျိုးကို ဆိုလိုတာဖြစ်တယ်။ ဟိုက တိုတိုပြတ်ပြတ်ပြောနေတာကို ၊ ကိုယ်က လေရှည်နေတာ ၊ ဟိုက ခပ်မာမာပြော နေတာကို ကိုယ်က ကနွဲ့ကလျလုပ်နေတာမျိုး ဖြစ်တယ်။ More haste,less speed ဆိုတဲ့စကားပုံကို ၊ “မိမိက အရေးတကြီးဆောင်ရွက်ရမည့်ကိစ္စဖြစ်၍ အလျင်စလိုဆောင်ရွက်သည့်အခါ ၊ မိမိအလိုရှိသလို မဖြစ်လာဘဲ ၊ ကြံ့ကြာသည်ထက် ကြံ့ကြာနှောင့်နှေးရသည်မှာ အလွန်စိတ်ညစ်စရာကောင်းတော့သည်” ဆိုတာမျိုးဟာ ၊ ဘာသာပြန်တာမဟုတ်ဘဲ ထင်ရာ လျှောက်ရေးနေတာသာ ဖြစ်တယ်။ “အရင်လို အနှေးဖြစ်” ဆို ပြီးရဲ့သားနဲ့။ Manly Heart လို့ တချို့မူတွေမှာ ခေါင်းစဉ်တပ်ထားပါလျက် ၊ love me not for comely grace ကို “ရုပ်ရည် ချောမောလို့ဖြင့် တို့များကို မချစ်နဲ့ကွယ်နော်” လုပ်လို့တော့လည်း မနိပ်သေးဘူး။ “ရုပ်ချောလို့ ငါ့ကို မချစ်နဲ့” ဆိုတာမျိုးပဲ ဖြစ်ရမယ်။ စောစောက ရည်ညွှန်းခဲ့တဲ့ ဒုတိယဆရာကြီးကတော့ ယောကျင်္ားက ပြောတာကို မိန်းမက ပြောတယ်အောက်မေ့ကာ ၊ “ကျမကို လှလို့တော့ မချစ်ပါနဲ့ကွယ်” လုပ်သွားရှာတယ် ။ ဘုန်းကညာတပါး………………။

ကဗျာကို ဘာသာပြန်ရာမှာ စကားပြေလိုပြန်တာလည်း ကမ္ဘာမှာ ရှိပါတယ်။ ဒါပေမဲ့ကဗျာကို ကဗျာလို ပြန်တာ ပိုခေတ်စားတယ်။ ဒီနေ့ခေတ်မှာက ကာရန်တွေ ဘာတွေ တယ်မသုံးကြတော့ ၊ ဒါ လွယ်ကူလာပါ တယ် ။ ကာရန်နဲ့ကဗျာတောင်မှ မတြာ meter မပါဘဲကာရန်ယူရေးရင် လွယ်ပါတယ် ။ သူတို့လည်း မတြာ မသုံးကြတော့ပါဘူး။ အက္ခရာအရေအတွက်ကတော့ တူညီရပေလိမ့်မယ်။ ခရစ်ယန်တွေ (ဓမ္မသီချင်း)၊ ကွန်မြူနစ်တွေ ( အင်တာနေရှင်နယ်သီချင်း) ဒီလို လုပ်ကြတာပါပဲ။ ကျောင်းတချို့မှာလည်း ကျောင်းစာကို ဒီတိုင်းလုပ်ကြတယ်။ ကောင်းတယ်။ ဥပမာ-
Thirty days has September,
April,June and November ကို
“စက်တင်ဘာ၊ ဧပြီ ၊ ဇွန်နှင့် နိုဝင်ဘာလတို့တွင် ရက်သုံးဆယ်ရှိ၍” စသဖြင့် ပြန်တာထက် ၊
“ရက်သုံးဆယ်မှာ စက်တင်ဘာ၊
ဧပြီ ၊ ဇွန်နဲ့ နိုဝင်ဘာ”
လို့ ပြန်တာက ပို ထိရောက်ပါတယ်။

ကဗျာကို အဓိပ္ပာယ်ဖွင့်တာတွေအများအပြားပဲ ရှိတဲ့အထဲက ၊ ပညာရှင်အများပဲ သဘောတူ လက်ခံ ထားကြတာကတော့ ကဗျာဟာ စကားပြေနဲ့စာရင် တိုတိုတုတ်တုတ်ရှိတယ် ၊ ထိထိမိမိ ရှိတယ် ဆိုတာပါပဲ ။ ဒါ့ကြောင့် ပို အားရှိတယ်။ ဒီတော့ကာ ကဗျာကို ဘာသာပြန်ရင် အဓိပ္ပာယ်ရရုံ စကားပြေနဲ့ပြန်တာလည်း မဖြစ်သင့်ဘူး။ အပိုစကားတွေ ဖေါင်းပွ ရှင်းပြနေတာမျိုးလည်း မဖြစ်သင့်ဘူး ။ သူက မာ ၊ ကိုယ်က ပျော့ ၊ သူက ပျော့ ၊ ကိုယ်က မာ ၊ ဟန်ချင်းတလွဲစီလည်း ဖြစ်မနေသင့်ဘူး။ ပြီးတော့ ဘာသာစကားသဘောသဘာဝ အရ အခက်အခဲရှိနိုင်ပေမဲ့ ရစ်သမ်ကိုလည်း တတ်နိုင်သလောက် သယ်ယူပေးသင့်တယ်။

မောင်ဇေတု ကဗျာဘာသာပြန်နေတာ ကြာပြီဆိုတာ ကျနော်သိပါတယ်။ တပုဒ်တလေ ဖတ်ဖူးတယ်။ အများအပြား မဖတ်ဖူးဘူး။ ကျနော်က မြန်မာစာစောင်တွေကိုမှ အကုန် အထိအတွေ့မရှိတာကိုး။ အခု သူ့စာတွေ စုထုတ်မယ် ၊ အမှာရေးပေးပါဦး ဆိုမှပဲ သူ့စာကို တစုတစည်းထဲ ဖတ်ကြည့်ဖူးရတော့တယ်။ သူ့ ဟာက ကဗျာဘာသာပြန်သက်သက်မှ မဟုတ်တာကပဲ။ ရှင်းလင်းချက်တွေနဲ့ ။

ဒါ အရေးကြီးပါတယ်။ ခပ်တိုတို ခပ်လွယ်လွယ်ကဗျာတပုဒ်လောက် ပြန်လိုက်တယ်။ ကိုယ့်အသိ အင်္ဂလိပ်စာ မတတ်တဲ့ ကိုအဝှာ အယ်ဒီတာလုပ်နေတဲ့စာစောင်ထဲ ထည့်လိုက်တယ်။ မှားမှား မှန်မှန် မတော်သူ့ ထိပ် တော်သူ့ထိပ်ပဲ ။ ပြီးရော ၊ ဘာမှ တာဝန်မယူဘူး။ ဒီကဗျာကို ဘာသာပြန်ပြီး ရှင်းလင်းဖို့ ကြိုးစားတယ်ဆို တာကတော့ တမျိုးဖြစ်သွားပြီ။ သူနားလည်တယ် ၊ သူ့ကဗျာဘာသာပြန်ကို သူ တာဝန်ယူတယ် ၊ သူ့အယူအဆ ကို သူရှင်းပြတော့မယ်လို့ အဓိပ္ပာယ်ထွက်တယ်။ ကဗျာဘာသာပြန်သူတယောက် ဖြီးနေတာလား ၊ တကယ် တတ်သလား ဒီနေရာမှာ ပေါ်လွင်တာပါပဲ ။ အင်္ဂလိပ်စာတော်ရုံပဲ တတ်သူဟာ မရှင်းရဲဘူး။ မောင် ဇေတုရဲ့ အယူအဆ မှားချင်မှားမယ် ။ ဒါပေမဲ့ သူက တာဝန်ယူတယ်။ ဒီတော့ သူ ဖြီးနေသူ မဟုတ်ဘူး။

သူ့ သုံးသပ်ချက်တွေကိုဖတ်လိုက်တဲ့အခါ ၊ အများစု နေရာကျပါတယ်။ နေရာ အနည်းငယ်မှာတော့ သူ့ အယူအဆ နည်းနည်းတိမ်းနေတာ တွေ့ရတယ်။ အမှာစာရေးသူက တည်းဖြတ်သူလုပ်ပြီး တည်းဖြတ်ပေးလိုက် ပါတယ်။ သူ့ကို ပြောပြတော့ သူက လက်ခံလို့လုပ်ပေးလိုက်တာပါ။ အဲ့ဒီနေရာတချို့ကလွဲရင် သူ့အရေးအသား အတိုင်း ထားလိုက်ပါတယ်။ ကျနော်က အဓိပ္ပာယ်ကောက်ယူရာမှာ ၊ အယူအဆမှာသာ တည့်မတ်ပေးတာပါ ။ စကားလုံး ၊ အသုံးအနှုန်း စသည်ကို မစွက်ဖက်ပါဘူး။ စွက်စရာလည်း မလိုဘူး။ ဘာသာပြန်သူလည်း စာရေးသူပဲ ၊ ဖန်ဆင်းသူပဲ ။ သူ့စာဟန်နဲ့သူ ရှိရပေလိမ့်မယ် ။ မောင်ဇေတုရဲ့စာဟန်ကို စာဖတ်သူအများ နှစ်သက်ပါလိမ့်မယ်။ သူ့ကဗျာဘာသာပြန်ဟာ ကျနော်တို့ တင်ပြခဲ့တဲ့အင်္ဂါရပ်တွေနဲ့ ညီညွတ်တာကို တွေ့ရတယ် ။

Switch off the lights
throw water on the fire
I turn you out out of doors
stubborn desires

မီးတွေ ပိတ်လိုက်
မီးကို ရေ ဖျန်းလိုက်
မင်းကို အိမ်ခန်းက နှင်တယ်
ခေါင်းမာတဲ့ ဆန္ဒ

တကယ်လို့သာ “မီးတွေကို ခလုတ်ပိတ်လိုက်ပါတော့လားကွယ် ၊ မီးကိုလည်း ရေနဲ့ဖျန်းလိုက်ပါကွယ်” လုပ်နေရင် ၊ မူလစာဆိုရဲ့အာဘော်ကို မမိတာမို့ ၊ ချာတူးလန်ဘာသာပြန် ဖြစ်သွားပေးလိမ့်မယ်။

မောင်ဇေတုကို အကြောင်းပြုပြီး ၊ ကဗျာဘာသာပြန်သူတွေကို ပြောချင်တာလေးတွေပြောခဲ့တာ ၊
ထပ်ပြောလိုက်ဦးမယ်။
(၁) အင်္ဂလိပ်စာ တကယ်တတ်ပါ ။ ဖတ်တတ်ပြီလို့ ကိုယ့်ကိုယ်ကိုယ် ထင်တတ်တယ်။ အင်္ဂလိပ်လို စာတကြောင်း မှန်အောင်ရေးတတ်ရဲ့လား….ကိုယ့်ကိုယ်ကိုယ်စစ်ကြည့် ၊ ရေးတတ်မှ ဖတ်တတ်တယ်လို့ ဆိုနိုင်တယ်။ မရေးတတ်ရင် မဖတ်တတ်ပါဘူး ။
(၂) ကဗျာလည်း ဝါသနာပါ ပါ။ အင်္ဂလိပ်ကဗျာ ၊ မြန်မာကဗျာ အထိုက်အလျောက် လေ့လာထားသူ ဖြစ်ပါစေ။ နွဲ့တဲ့တဲ့ ညုတုတု နုနုယွယွစကားမှ ကဗျာစကားထင်နေရင် ကဗျာကို မသိသေးဘူး။
(၃) ဘာသာပြန်တယ်ဆိုတာ အပို မထည့်ရဘူး ။ လျှော့မပစ်ရဘူး ။ နှုတ် မပစ်ရဘူး ။ ဘာသာစကားက ခွင့်ပြုသလောက် တိတိကျကျပဲပြန်ပြောရမယ်။
(၄) ကဗျာကို ကဗျာလို ပြန်ပါ။ သူက ကာရန်ပါရင် ကိုယ်ကလည်း သုံး ၊ သူ့လို မတြာစနစ်မသုံးနိုင်သော်လည်း အက္ခရာအရေအတွက် တတ်နိုင်သလောက် တူညီပါစေ။ ပါဒ အရေအတွက်ချင်းလည်း ညီပါစေ ၊ သူက လေးပါဒ-လေးကြောင်းထဲ ၊ ကိုယ့်ဘာသာပြန်ကျမှ ဆယ်ပါဒ-ဆယ်ကြောင်း ဖြစ်မသွားပါစေနဲ့ ။
(၅) ကိုယ်ဖတ်လိုက်လို့ ဘာမှန်းမသိဘူး ။ နားမလည်ဘူးဆိုရင် ဘာသာပြန်ဖို့ လုံးဝစိတ်မကူးပါနဲ့ ။ မဖြီးပါနဲ့။

ကဗျာဘာသာပြန် ဝါသနာပါသူများ ၊ ဘာသာပြန်ကြည့်ချင်သူများအဖို့ ၊ မောင်ဇေတုရဲ့ ကဗျာဘာသာပြန်များဟာ စံနမူနာကောင်းများ ဖြစ်ကြပါလိမ့်မယ်လို့ ယုံယုံကြည်ကြည် ပြောလိုက်တယ် ။


၄ စက်တင်ဘာ၊ ၂၀၀၂ ။
ပင်လုံထိပ်ထားစံအိမ် ၊ ဦးဝိစာရလမ်း ။
စာညွှန်း
မောင်ဇေတု ၊ နှင်းမှုန်မှုန်ထဲက လိုတရသစ်ပင် (မောင်သာနိုး-အမှာစာရေး ၊ တည်းဖြတ်) ။ ရန်ကုန်၊ ကျောက်ဆောက်စာအုပ် ၊ ၂၀၀၄ ။