Breaking News

မာန်သီဟထွန်း – ဒါဘယ်လောက်ကျလဲ? ပိုက်ဆံ







မာန်သီဟထွန်း –  ဒါဘယ်လောက်ကျလဲ? ပိုက်ဆံ

Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၉
စာရေးသူခွင့်ပြုချက်နဲ့ ကူးယူဖော်ပြပါသည်

Sapiens - 60 - ဒါဘယ်လောက်ကျလဲ?


အမဲလိုက်ရှာဖွေစားသောက်သူတွေမှာ ပိုက်ဆံဆိုတာ မရှိခဲ့ဘူး။ သူတို့အုပ်စုတစ်ခုချင်းစီဟာ အတူအမဲလိုက်၊ အတူရှာဖွေစားသောက်ပြီး လိုအပ်သမျှအရာအားလုံး ကိုယ့်ဟာကိုယ် ထုတ်လုပ်ခဲ့တာပါ။ စားဖို့ အမဲသားကနေ ဆေးဝါး၊ စီးဖို့ ဖိနပ်ကနေ မှော်ဂါထာတွေ အဆုံးပေါ့။ အုပ်စုထဲက အမျိုးမျိုးသော အဖွဲ့ဝင်တွေကလည်း ကိစ္စရပ်အမျိုးမျိုးမှာ ကျွမ်းကျင်ကြတယ်။ ဒါပေမယ့် သူတို့ရဲ့ ဝန်ဆောင်မှုတွေ၊ ကုန်ပစ္စည်းတွေဟာ မတုန့်ပြန်မနေရ၊ အပြန်အလှန်အကျိုးပြုခြင်းစတဲ့ စီးပွားရေးစနစ်မျိုးနဲ့ လည်ပတ်ပါတယ်။ ဥပမာ - အမဲသားတစ်တွဲကို အလကားရတယ်ဆိုရင် အခမဲ့ဆေးကုပေးခြင်းနဲ့ တုနု့်ပြန်ရမယ်ဆိုတဲ့ အသိရှိတာမျိုးပေါ့။ ဒါပေမယ့် အမဲလိုက်ရှာဖွေသူအုပ်စုတစ်ခုဟာ စီးပွားရေးအရတော့ အချင်းချင်းမမှီခိုကြပါဘူး။ သူတို့ပတ်ဝန်းကျင်မှာ ရှားပါးပြီး ရှာမတွေ့နိုင်တဲ့ ပင်လယ်ခရုခွံတွေ၊ ရောင်စုံဆေးတွေ၊ မီးသင့်ကျောက် အစရှိတဲ့အရာတွေကျတော့ တခြားသူစိမ်းတွေဆီကပဲ ရရှိနိုင်ပါတယ်။ ဒါကိုလည်း “မင်းတို့ကို လှပတဲ့ပင်လယ်ခရုခွံတွေ ငါတို့ ပေးမယ်။ မင်းတို့က အရည်သွေးကောင်းတဲ့ မီးသင့်ကျေက်တွေ ငါတို့ကို ပြန်ပေး” ဆိုပြီး ရိုးရှင်းတဲ့ ကုန်ပစ္စည်းဖလှယ်ခြင်းပုံစံနဲ့ လုပ်နိုင်ပါတယ်။

စိုက်ပျိုးရေးပြောင်းလဲမှုကြီးဖြစ်လာတော့လည်း ဒီအရာတွေ နည်းနည်းပဲပြောင်းလဲသွားတာပါ။ လူတွေဟာ တစ်ဦးနဲ့တစ်ဦး ရင်းရင်းနှီးနှီးသိကြတဲ့ အသိုက်အမြုံလေးတွေအဖြစ်သာ ဆက်လက်နေထိုင်ခဲ့ကြတယ်။ အမဲလိုက်ရှာဖွေစားသောက်သူ အုပ်စုတစ်ခုလိုပဲ ကျေးရွာတစ်ခုချင်းစီဟာ ကိုယ့်ဟာနဲ့ကိုယ်လုံလောက်တဲ့ စီးပွားရေးယူနစ်တစ်ခုဖြစ်ပြီး စေတနာအရသော်လည်းကောင်း၊ ဝတ္တရားအရသော်လည်းကောင်း အချင်းချင်း ရိုင်းပင်းကူညီ နေထိုင်ခဲ့ကြတယ်။ တစ်ခါတစ်လေ ပြင်ပကလူတွေနဲ့ ကုန်ပစ္စည်ဖလှယ်တာမျိုး နည်းနည်းတော့ရှိတာပေါ့။ ရွာသားတစ်ယောက်က ဖိနပ်တွေလုပ်တဲ့နေရာမှာတော်မယ်၊ နောက်တစ်ယောက်က လူနာကိုဆေးကုတဲ့နေရာမှာတော်မယ်.. ဒါကြောင့် ရွာသားတွေက ခြေဗလာဖြစ်နေရင် ဘယ်သူ့ဆီသွားရမယ်၊ နေမကောင်းဖြစ်ရင် ဘယ်သူ့ဆီသွားရမယ်ဆိုတာ သိတယ်။ ဒါပေမယ့် ဒီကျေးရွာတွေဟာ သေးငယ်ပြီး သူတို့စီးပွားရေးကလည်း အကန့်အသတ်ရှိတဲ့အတွက် အချိန်ပြည့်ဆရာဝန်တွေ၊ အချိန်ပြည့် ဖိနပ်ချုပ်သူတွေရယ်လို့ မရှိခဲ့ဘူး။

မြို့ပြတွေ၊ နိုင်ငံတွေ ဖြစ်တည်လာပြီး ပို့ဆောင်ဆက်သွယ်ရေး အခြေခံအဆောက်အအုံတွေ တိုးတက်လာတာက သီးသန့်အလုပ်တွေရှိလာဖို့ အခွင့်လမ်းကောင်းတွေယူဆောင်လာပါတယ်။ လူနေအလွန်ထူထပ်တဲ့ မြို့ပြတွေမှာ ဖိနပ်ချုပ်တဲ့၊ ဆေးကုသတဲ့ အချိန်ပြည့် အသက်မွေးဝမ်းကျောင်းမှု တွေသာမက လက်သမားတွေ၊ ဘုန်းတော်ကြီးတွေ၊ စစ်သားတွေ၊ ရှေ့နေတွေလည်း ရှိလာပါတယ်။ ဝိုင်၊ သံလွင်ဆီ ဒါမှမဟုတ် ကြွေထည်တွေ ထုတ်လုပ်ရာမှာ တကယ်ကောင်းမွန်တယ်ဆိုတဲ့ နာမည်ရလာတဲ့ ရွာတွေဟာ အဲဒီကုန်ပစ္စည်းတွေကိုပဲ လုံးဝသီးသန့်နီးပါးထုတ်လုပ်ခြင်းရဲ့တန်ဖိုးကို နားလည်လာကြတယ်။ ပြီးတော့ အဲဒီကုန်ပစ္စည်းတွေကို သူတို့အတွက်လိုအပ်တဲ့ တခြားကုန်ပစ္စည်းတွေအားလုံးနဲ့ ဖလှယ်ကုန်သွယ်ခဲ့ကြတယ်။ ဒါဟာ တကယ်လည်း သဘာဝကျပါတယ်။ ရာသီဥတုတွေ၊ မြေဆီတွေ ဆိုတာ တစ်နေရာနဲ့ တစ်နေရာ ကွဲပြားကြပါတယ်။ စပျစ်နွယ်တွေအတွက် မြေဆီလွှာတွေပြည့်ဝပြီး ရာသီဥတုလည်းကိုက်ညီတဲ့နေရာက ညက်ညောတဲ့စပျစ်ဝိုင်အကောင်းစားကို ဝယ်သောက်နိုင်တယ်ဆိုရင် ကိုယ့်နောက်ဖေးခြံထွက် ရိုးရိုးသာမန်စပျစ်ဝိုင်ကို ဘာလို့သောက်နေဦးမှာလဲ။ ကိုယ့်နောက်ဖေးက ရွှံက ပိုခိုင်ခံ့လှပတဲ့ အိုးတွေလုပ်ဖို့ကောင်းတယ်ဆိုရင် အဲဒါကို တခြားအရာတွေနဲ့ အလဲအလှယ်လုပ်လို့ရပြီ။ ဒါ့အပြင် ရှေ့နေတွေ၊ ဆရာဝန်တွေကိုအသာထား စပျစ်ဝိုင်လုပ်ခြင်း၊ အိုးလုပ်ခြင်းစတာတွေကို အချိန်ပြည့်လုပ်ကိုင်တဲ့လူတွေရဲ့ လုပ်ငန်းကျွမ်းကျင်မှု ကောင်းမွန်လာတာလည်း အားလုံးအတွက် အကျိုးရှိစေတာပဲ။ ဒါပေမယ့် အခုလို တစ်ခုတည်းကိုပဲ ဇောက်ချလုပ်တာမှာ ပြဿနာတစ်ခုရှိပါတယ်။ ဒီလိုဇောက်ချလုပ်ကိုင်တဲ့လူတွေ အချင်းချင်း သူတို့ရဲ့ကုန်ပစ္စည်းတွေဖလှယ်တဲ့အခါ ဘယ်လိုစီမံခန့်ခွဲကြမလဲ ဆိုတဲ့ပြဿနာပါ။

စေတနာတွေ၊ ဝတ္တရားတွေနဲ့ လည်ပတ်တဲ့စီးပွားရေးစနစ်ဟာ အလွန်များပြားတဲ့တစိမ်းတွေနဲ့ ပါဝင်ပတ်သက်လာပြီဆိုရင် အလုပ်မဖြစ်တော့ပါဘူး။ ကိုယ့်အိမ်နီးချင်း သို့မဟုတ် အစ်မတစ်ယောက်ကို အလကားကူညီတာတော့ ကိစ္စမရှိပါဘူး။ ကိုယ့်စေတနာကို ဘယ်တော့မှ မတုန့်ပြန်နိုင်လောက်တဲ့ ရပ်ခြားကတစိမ်းတွေကို ဂရုစိုက်ကူညီရမယ်ဆိုရင်တော့ စောစောကနဲ့လုံးဝ မတူတော့ပါဘူး။ ဒါနဲ့ပဲ ကုန်ပစ္စည်းချင်းဖလှယ်တဲ့ဆီ ပြန်ရောက်သွားပါတယ်။ ဒါပေမယ့် ကုန်ပစ္စည်းချင်းဖလှယ်တယ်ဆိုတာလည်း အကန့်အသတ်ရှိတဲ့ ပစ္စည်းတွေမှာသာ ထိရောက်မှုရှိတာပါ။ အလွန်ရှုပ်ထွေးတဲ့ စီးပွားရေးတစ်ခုရဲ့ အခြေခံအုတ်မြစ်တော့ ဖြစ်မလာနိုင်ပါဘူး။


ကုန်ပစ္စည်းဖလှယ်ခြင်းရဲ့အကန့်အသတ်ကို နားလည်ဖို့အတွက် တောင်ကုန်းတွေပေါတဲ့နိုင်ငံတစ်ခုမှာ အချိုဆုံး၊ အကြွပ်ဆတ်ဆုံး ပန်းသီးတွေထွက်တဲ့နယ်က ပန်းသီးခြံတစ်ခုပိုင်တယ်လို့ ကိုယ့်ကိုကိုယ့် မြင်ယောင်ကြည့်ပါ။ အဲဒီပန်းသီးခြံမှာ အလုပ်တွေ ကြိုးစားလုပ်ရလို့ ကိုယ့်ဖိနပ်တွေလည်း စုတ်ပြဲကုန်တယ်။ ဒါနဲ့ပဲ ကိုယ့်မှာရှိတဲ့ မြည်းလှည်းကလေးဆင်ပြီး မြစ်ဘေးနားကမြို့ဈေးတန်းဆီ ထွက်လာခဲ့တယ်။ ဈေးတန်းရဲ့ တောင်ဘက်စွန်းက ဖိနပ်ချုပ်သမားက ချုပ်ပေးလိုက်တဲ့ ဖိနပ်တစ်စုံဟာ တော်တော်ခိုင်တာမှ ၅ ရာသီလောက်အထိတောင် ခံတယ်လို့ အိမ်နီးချင်း တစ်ယောက်ကလည်း ကိုယ့်ကိုပြောပြထားတယ်။ ဒါနဲ့ အဲဒီဖိနပ်ချုပ်သမားရဲ့ဆိုင်ကိုရှာပြီး ကိုယ်လိုချင်တဲ့ဖိနပ်ကိုရဖို့ ကိုယ့်မှာပါလာတဲ့ ပန်းသီးတွေနဲ့ ဖလှယ်ဖို့ ပြောတယ်။

ဖိနပ်ချုပ်သမားက တွေဝေနေတယ်။ အဖိုးအခအနေနဲ့ ပန်းသီးဘယ်နှစ်လုံး တောင်းရင်ကောင်းမလဲ။ နေ့တိုင်းပဲ ဒါဇင်ချီတဲ့ ဖောက်သည်တွေနဲ့ သူဆုံရတယ်။ တစ်ချို့က ပန်းသီးတွေ အိတ်နဲ့ထည့်ယူလာတယ်။ တစ်ချို့က ဂျုံ၊ ဆိတ်၊ ပိတ်စ စသည်ဖြင့် အမျိုးမျိုးပဲ။ တစ်ချို့ကလည်း သူတို့ကျွမ်းကျင်ရာပေါ့… ဘုရင့်ဆီ အသနားခံတဲ့အခါမှာ ကူညီပေးမယ်၊ ခါးနာတာ ကုပေးမယ် စသည်ဖြင့်ပါပဲ။ နောက်ဆုံးအကြိမ် သူ့အနေနဲ့ ဖိနပ်တွေကို ပန်းသီးတွေနဲ့လဲရတာ လွန်ခဲ့တဲ့ သုံးလ ကပဲ။ အဲဒီတုန်းက ပန်းသီးသုံးအိတ်စာပဲ သူတောင်းလိုက်တာ။ အဲ.. လေးအိတ်လား မသိဘူး။ ဒါပေမယ့် ပြန်စဉ်းစားကြည့်ရင် အဲဒီပန်းသီးတွေက မြေဆီမကောင်းတဲ့တောင်ကြားကလာတဲ့ အချဉ်သီးတွေ.. ခုဟာက တကယ့်အကောင်းစား အချိုသီးတွေ။ ပြီးတော့လည်း ပြီးခဲ့တဲ့အကြိမ်တုန်းက ပန်းသီးတွေနဲ့ အလဲအလှယ်လုပ်တာက အမျိုးသမီးစီး ဖိနပ်သေးသေးလေးတွေ။ ဒီလူ အခုတောင်းနေတာက လူကြီးဆိုဒ် ကျားစီးဘွတ်ဖိနပ်တွေ။ ဒါ့အပြင် မကြာသေးခင်အပတ်တွေကပဲ မြို့ဝန်းကျင်က ကျွဲနွားတွေရောဂါဖြစ်လို့ တော်တော်များများသေသွားတယ်။ ဆိုတော့ သားရေတွေ ရှားလာပြီ။ သားရေနယ်တဲ့လူတွေကလည်း နှစ်ဆပို ဈေးတောင်းလာကြပြီ။ အဲဒါဆိုရင် အရင်ကဝယ်ရတဲ့သားရေပမာဏဟာ အခုဆို အပြီးစီးချုပ်ပြီးသားဖိနပ် တန်ဖိုးနီးပါး ဖြစ်နေပြီ။ ဒါတွေလည်း ထည့်စဉ်းစားသင့်တယ် မဟုတ်လား။

ကုန်ပစ္စည်းဖလှယ်စီးပွားရေးတစ်ခုမှာ ဖိနပ်ချုပ်သူ နှင့် ပန်းသီးစိုက်တောင်သူတွေဟာ နေ့တိုင်းပဲ တခြားကုန်ပစ္စည်းများစွာရဲ့ နှိုင်းရဈေးနှုန်းသစ်တွေကို သိထားဖို့လိုပါတယ်။ တကယ်လို့ ကွဲပြားတဲ့ကုန်ပစ္စည်းအမျိုးအစား ၁၀၀ လောက်ကို ဈေးထဲမှာရောင်းဝယ်ကြတယ်ဆိုရင် ဝယ်သူတွေ၊ ရောင်းသူတွေဟာ ကုန်ပစ္စည်းလဲလှယ်မှုနှုန်းအမျိုးအစားပေါင်း ၄၅၉၀ သိထားဖို့လိုပါတယ်။ ပြီးတော့ တကယ်လို့ ကုန်ပစ္စည်း ၁၀၀၀ ကျော်ကို ရောင်းဝယ်ဖောက်ကားကြတယ်ဆိုရင် ဝယ်သူတွေ၊ ရောင်းသူတွေဟာ ကုန်ပစ္စည်းလဲလှယ်မှုနှုန်းအမျိုးအစားပေါင်း ၄၉၉,၅၀၀၀ ကို အပြန်အလှန်သိထားမှ ဖြစ်မှာပါ။ ဒါကို အမြဲသိနေအောင် ဘယ်လိုလုပ်ကြမှာပါလဲ။

ဒီထက်တောင် ပိုဆိုးလာပါသေးတယ်။ ဖိနပ်တစ်ဘက်ချင်းစီဟာ ပန်းသီဘယ်လောက်နဲ့ ညီမျှတယ်လို့ တွက်ချက်နိုင်တယ်ထားဦး ကုန်ပစ္စည်းဖလှယ်တယ်ဆိုတာ အမြဲတမ်း ဖြစ်နိုင်တာ မဟုတ်ပါဘူး။ နောက်ဆုံးကျတော့လည်း ကုန်သွယ်မှုပြုတယ်ဆိုတာ နှစ်ဦးနှစ်ဖက်လုံးက တခြားဘက်က ကမ်းလှမ်းတဲ့ပစ္စည်းတွေကို လိုချင်မှ ဖြစ်တာကိုး။ တကယ်လို့များ ဖိနပ်ချုပ်သူက ပန်းသီးမကြိုက်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ အဲဒီအခိုက်အတန့်မှာ သူတကယ်လိုချင်နေတာက လင်မယားကွာရှင်းမှုပဲ ဖြစ်နေတယ်ဆိုရင်ကော။ ရပါတယ်.. ပန်းသီးသမားအနေနဲ့ ပန်းသီးကြိုက်တဲ့ ရှေ့နေတစ်ယောက်ရှာပြီး သုံးယောက်သား အလဲအလှယ်လုပ်လို့ရတာပဲ။ ဒါပေမယ့် အဲဒီရှေ့နေမှာ ပန်းသီးတွေ အပြည့်ရှိနေပြီး သူတကယ်လိုအပ်နေတာက ဆံပင်ညှပ်ဖို့ပဲ ဆိုရင်ကော။

တစ်ချို့သော လူ့အဖွဲ့အစည်းတွေက ဒီပြဿနာကိုဖြေရှင်းဖို့ ပင်မ ကုန်ပစ္စည်းဖလှယ်ရေးစနစ်တစ်ခု တည်ထောင်ပါတယ်။ ပင်မစနစ်က ဇောက်ချစိုက်ပျိုးသူ၊ ထုတ်လုပ်သူတွေအားလုံးဆီက ကုန်ပစ္စည်းအကုန်လုံးကို စုစည်းထားပြီး လိုအပ်တဲ့လူတွေဆီကို ဝေငှပါတယ်။ ဒီစနစ်ကို အကြီးမားဆုံးနဲ့ လူသိအများဆုံး စမ်းသပ်လုပ်ကိုင်မှုကိုတော့ ဆိုဗီယက် ယူနီယံမှာ လုပ်ခဲ့ပြီး ခွက်ခွက်လန်အောင် ကျရှုံးခဲ့ပါတယ်။ ‘လူတိုင်း မိမိ၏ကျွမ်းကျင်မှုအလျောက် အလုပ်လုပ်ကြရမည် ဖြစ်ပြီး လိုအပ်သည့်အတိုင်း ရရှိမည်ဖြစ်သည်’ ဆိုတဲ့စကားဟာ လက်တွေ့မှာတော့ ‘လူတိုင်း တတ်နိုင်သမျှ နည်းနည်းလုပ်ပြီး ရနိုင်သမျှ များများနှိုက်ကြမည်ဖြစ်သည်’ လ့ိုဖြစ်သွားပါတယ်။ ပိုအလယ်အလတ်ကျပြီး ပိုအောင်မြင်တဲ့စမ်းသပ်မှုတွေကိုတော့ တခြားနေရာတွေမှာ လုပ်ခဲ့ပါတယ်။ ဥပမာ အင်ကာ အင်ပါယာ လိုမျိုးပေါ့။ ဒါပေမယ့် လူ့အဖွဲ့အစည်းတော်တော်များများကတော့ ခုလိုမျိုး ပမာဏများပြားလှတဲ့ ထုတ်ကုန်ပစ္စည်း၊ ကျွမ်းကျင်မှု အမျိုးမျိုးကိုချိတ်ဆက်ဖို့ ပိုမိုလွယ်ကူတဲ့ နည်းလမ်းတစ်ခု ရှာတွေ့ခဲ့ပါတယ်။ ပိုက်ဆံ ဆိုတာကို သူတို့ ထွင်လိုက်ကြတာပါ။


Sapiens - 61 - ခရုခွံများ နှင့် စီးကရက်များ


ပိုက်ဆံကို နေရာအမျိုးမျိုးမှာ အကြိမ်ပေါင်းများစွာ တီထွင်ခဲ့ကြပါတယ်။ သူ့ကို ဖန်တီးရတာ ဘယ်လိုနည်းပညာထိုးဖောက်မှုမျိုးမှ မလိုအပ်ပါဘူး။ ပိုက်ဆံဆိုတာ လူ့စိတ်ကူးဉာဏ်ပြောင်းလဲထိုးဖောက်မှု သက်သက်ပါပဲ။ ပိုက်ဆံဟာ လူအများ အတူတကွ လက်ခံယုံကြည်တဲ့ စုပေါင်းစိတ်ကူးယဉ်ထဲမှာပဲရှိတဲ့ အများနဲ့သက်ဆိုင်တဲ့ အရှိတရားတစ်ခုကို ဖန်ဆင်းလိုက်တာနဲ့ပဲ အစပြုပါတယ်။

ပိုက်ဆံဆိုတာ ဒင်္ဂါးတွေ၊ ငွေစက္ကူတွေကို ပြောတာမဟုတ်ပါဘူး။ ဝန်ဆောင်မှုတွေ၊ ကုန်ပစ္စည်းတွေကို ဖလှယ်ဖို့အတွက် လူတွေက အရာဝတ္ထုတွေရဲ့တန်ဖိုးကို စနစ်တကျကိုယ်စားပြုတဲ့ ဘယ်ဝတ္ထုပစ္စည်းကိုမဆို အသုံးပြုသည်ဖြစ်ပါစေ ပိုက်ဆံဖြစ်သွားတာပါပဲ။ ပိုက်ဆံကြောင့် လူတွေဟာ ကွဲပြားတဲ့ကုန်ပစ္စည်းအမျိုးမျိုးရဲ့ (ပန်းသီး၊ ဖိနပ်၊ လင်မယားကွာရှင်းခြင်း စတဲ့…) တန်ဖိုးတွေကို လျင်မြန်စွာနဲ့ လွယ်ကူစွာ နှိုင်းယှဉ်လို့ရလာပြီး ကုန်ပစ္စည်းတွေကို ဖလှယ်ရတာ လွယ်ကူလာစေတယ်။ ကိုယ့်စည်းစိမ်ဥစ္စာတွေ သိမ်းဆည်းရတာလည်း အဆင်ပြေလာတယ်။ ပိုက်ဆံအမျိုးအစားတွေ အမျိုးမျိုးရှိခဲ့ပါတယ်။ လူတွေနဲ့အရင်းနှီးဆုံးကတော့ ဒင်္ဂါးပြားတွေပါ။ သတ်မှတ်စံနှုန်းနဲ့အညီ တံဆိပ်ခတ်နှိပ်ထားတဲ့ သတ္တုတွေပေါ့။ သို့ပေမယ့်လည်း ပိုက်ဆံဆိုတာ ဒင်္ဂါးသွန်းစနစ်ကို မထွင်ခင် နှစ်ပေါင်းများစွာကတည်းက တည်ရှိနေတာပါ။ ပြီးတော့လည်း အမျိုးမျိုးသော လူ့ယဉ်ကျေးမှုတွေဟာ အမျိုးမျိုးသောပစ္စည်းအမျိုးမျိုးနဲ့ငွေကြေးစနစ်တွေဖြစ်တဲ့ ခရုခွံ၊ ကျွဲနွား၊ သားရေ၊ ဆား၊ ကောက်နှံစပါး၊ ပုတီးစေ့၊ ပိတ်စ၊ လက်မှတ်စာရွက် စတဲ့အရာတွေ အသုံးပြုပြီး ကြီးပွားစည်ပင်ခဲ့ကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ လောက်က အာဖရိက၊ တောင်အာရှ၊ အရှေ့အာရှ နှင့် သမုဒ္ဒရာပိုင်းဒေသ တဝှမ်းလုံးမှာ ခရုကြွေစေ့တွေကို ပိုက်ဆံအဖြစ် အသုံးပြုခဲ့ကြတာပဲ။ ၂၀ ရာစုအစောပိုင်းအထိ ဗြိတိသျှ ယူဂန်ဒါနိုင်ငံမှာ ခရုကြွေစေ့တွေနဲ့ အခွန်ပေးတာ ရှိပါသေးတယ်။

ဒီဘက်ခေတ် အကျဉ်းထောင်တွေနဲ့ စစ်အကျဉ်းစခန်းတွေမှာဆို စီးကရက်ကို ပိုက်ဆံအဖြစ်အသုံးပြုကြပါတယ်။ ဆေးလိပ်မသောက်တဲ့ အကျဉ်းသားတွေတောင်မှ စီးကရက်ကို အခကြေးငွေအဖြစ် လိုလိုလားလားလက်ခံကြတယ်။ ပြီးတော့ တခြားပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေရဲ့တန်ဖိုးကိုလည်း စီးကရက်နဲ့တွက်ချက်ဆုံးဖြတ်ကြတယ်။ နာမည်ကျော် အော့ဇဝစ်ဇ် အကျဉ်းထောင်ကနေ အသက်ရှင်လွတ်မြောက်လာသူတစ်ယောက်က စီးကရက်ကို ငွေကြေးအဖြစ် ထောင်ထဲမှာ အသုံးပြုပုံကို ပြောပြတာက “ကျွန်တော်တို့မှာ ဘယ်သူမှ ငြင်းပယ်လို့မရတဲ့ တန်းဖိုးလည်းရှိတဲ့ ကိုယ်ပိုင်ငွေကြေးစနစ်တစ်ခုရှိတယ်။ အဲဒါကတော့ စီးကရက်ပါ။ အရာအားလုံးရဲ့တန်ဖိုးကို စီးကရက်နဲ့ သတ်မှတ်ထားပါတယ်။ ရိုးရိုးသာမန်အချိန်တွေမှာဆိုရင် ပြောချင်တာက အဆိပ်ငွေ့အခန်းကို ဝင်ခိုင်းရမယ့်လူတွေ ပုံမှန်နှုန်းနဲ့ပဲ လာနေတယ်ဆိုရင်.. ပေါင်မုန့်တစ်လုံးဟာ စီးကရက် ၁၂လိပ်ပေးရတယ်။ ၃၀၀ ဂရမ်ရှိတဲ့ မာဂျရင်း ဟင်းရွက်ဆီတစ်ဗူးကို အလိပ် ၃၀၊ လက်ပတ်နာရီတစ်လုံးကို အလိပ် ၈၀ ကနေ ၂၀၀ ကြား။ အရက် တစ်လီတာကိုတော့ စီးကရက် အလိပ် ၄၀၀ ပေးရပါတယ်။”

တကယ်တမ်းပြောရရင် ဒီနေ့လိုခေတ်မှာတောင် ကြွေစေ့တွေ၊ ငွေစက္ကူတွေဟာ ရှာပါးတဲ့ ငွေကြေးပုံစံတွေပါ။ ၂၀၀၆ ခုနှစ်မှာ တကမ္ဘာလုံးရဲ့ စုစုပေါင်းငွေကြေးဟာ ကန်ဒေါ်လာ ထရီလီယံ ၆၀ လောက်ရှိပါတယ် (၆၀, ၀၀၀,၀၀၀,၀၀၀,၀၀၀)။ ဒါပေမယ့် ကြွေစေ့တွေ၊ ငွေစက္ကူတွေ အားလုံးစုစုပေါင်းကတော့ ၆ ထရီလီယံတောင် (၆,၀၀၀,၀၀၀,၀၀၀,၀၀၀) မရှိပါဘူး။ ၉၀ ရာခိုင်နှုန်းသော ကျွန်တော်တို့အားလုံးရဲ့စုစုပေါင်းငွေ ကန်ဒေါ်လာ ထရီလီယံ ၅၀ကျော်ဟာ ကျွန်တော်တို့ရဲ့ အကောင့်ထဲမှာပဲ ပေါ်နေပြီး ကျွန်တော်တို့ရဲ့ ကွန်ပျူတာ ဆာဗာတွေထဲမှာပဲ ရှိပါတယ်။ ဒါကြောင့်လည်း စီးပွားရေးငွေလွှဲပြောင်းမှုအများဆုံးဟာ ကွန်ပျူတာ တစ်ခုကနေ နောက်ကွန်ပျူတာတစ်ခုဆီကို အီလက်ထရောနစ် အချက်အလက်တွေ ကူးပြောင်းတာပဲ ဖြစ်နေတာပါ။ တကယ့်ငွေသား လွှဲပြောင်းမှု တစ်ခုမှ မပါ,ပါဘူး။ ဥပမာပေးရရင် ရာဇဝတ်သား တစ်ယောက်ကသာလျှင် ငွေစက္ကူအပြည့်ရှိတဲ့ လက်ဆွဲသေတ္တာတစ်အိတ်နဲ့ အိမ်တစ်လုံးဝယ်ဖို့ ကြိုးစားမှာပါ။ အီလက်ထရောနစ် အချက်အလက်တွေ(ငွေတွေ)ကို ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုအမျိုးမျိုး နဲ့ ဖလှယ်ဖို့ လူတွေစိတ်ဆန္ဒရှိနေသေးသရွေ့တော့ ဒီအချက်အလက်တွေဟာ တောက်ပတဲ့ အကြွေစေ့တွေ၊ ငွေစက္ကူ အသစ်ကျပ်ချွတ်တွေထက် ပိုကောင်းပါတယ်။ ပြီးတော့လည်း သူတို့က ပိုမိုပေါ့ပါး၊ ဝန်ကျဉ်းပြီး မှတ်တမ်းမှတ်ရာထားဖို့လည်း လွယ်တယ်လေ။

ရှုပ်ထွေးသိမ်မွေ့တဲ့ စီးပွားရေးစနစ်တစ်ခု လည်ပတ်ဖို့အတွက် ငွေကြေးစနစ်ပုံစံ တစ်မျိုးမျိုးတော့ မရှိမဖြစ်လိုပါတယ်။ ပိုက်ဆံနဲ့လည်ပတ်တဲ့ စီးပွားရေးတစ်ခုမှာ ဖိနပ်ချုပ်သမားတစ်ယောက်ဟာဟာ ဖိနပ်အမျိုးစား အမျိုးမျိုးရဲ့တန်ဖိုး ဘက်လောက်ကျသလဲဆိုတာပဲ မှတ်ထားရတော့မယ်။ ဖိနပ်နဲ့ပန်းသီးကြား ဒါမှမဟုတ် ဖိနပ်နဲ့ဆိတ်ကြားက အလဲအလယ်နှုန်းဘယ်လိုရှိသလဲဆိုတာ သူ့အနေနဲ့ အလွတ်ကျက်မှတ်ထားစရာ မလိုတော့ဘူး။ ပိုက်ဆံကြောင့်လည်း ပန်းသီးသမားတစ်ယောက်ဟာ ပန်းသီးကိုမှ လိုချင်တဲ့ဖိနပ်ချုပ်သမားကို ရွေးရှာစရာမလိုတော့ဘူး။ ဘာလို့လည်းဆိုတော့ လူတိုင်းပိုက်ဆံလိုချင်ကြတာကိုး။ ဒါဟာ ပိုက်ဆံရဲ့ အခြေခံအကျဆုံး အရည်အသွေးတစ်ခု ဖြစ်နိုင်ပါတယ်။ လူတိုင်း ပိုက်ဆံကိုအမြဲလိုချင်ကြတယ် ဘာကြောင့်လည်းဆိုတော့ ကျန်တဲ့လူတိုင်းကလည်း အမြဲပိုက်ဆံလိုချင်နေတာကိုး။ ဆိုတော့ ကိုယ်လိုချင်တာ၊ လိုအပ်တာအားလုံးကို ပိုက်ဆံနဲ့ အလဲအလှယ်လုပ်လို့ ရပြီလေ။ ဖိနပ်သမားကလည်း ကိုယ့်ဆီက ပိုက်ဆံကို အမြဲပျော်ပျော်ကြီး လက်ခံမှာပဲ။ ဘာလို့လည်းဆိုတော သူဘာပဲ လိုချင်လိုချင် ပန်သီးလား၊ ဆိတ်လား၊ လင်မယားကွာရှင်းမှုလား.. ဘာပဲဖြစ်ဖြစ် ပိုက်ဆံနဲ့လဲလှယ်ပြီး ရနိုင်တာကိုး။

ဒီလိုနဲ့ ပိုက်ဆံဟာ အရာအားလုံးနီးပါးကို ကျန်တဲ့မည်သည့်အရာနဲ့မဆို အလဲအလှယ် လုပ်လို့ရနိုင်စေတဲ့ လူတိုင်းအသုံးပြုတဲ့ ကြားခံနယ်ပယ်တစ်ခု ဖြစ်လာပါတယ်။ တာဝန်ပြီးဆုံးသွားတဲ့ စစ်သားတစ်ယောက်ဟာ သူ့ရဲ့စစ်ထောက်ပံ့ကြေးကို ကောလိပ်ကျောင်းလခအဖြစ် သုံးစွဲတဲ့အခါ ပိုက်ဆံကြောင့် ကာယခွန်အားသမားကနေ ဦးနှောက်သမားအဖြစ် ပြောင်းလဲသွားပါတယ်။ ဓနရှင် ဘယ်ရွန်တစ်ယောက်က သူပိုင်တဲ့ပစ္စည်းဥစ္စာတစ်ချို့ကိုရောင်းချပြီး သူ့ရဲ့လက်အောက်ခံအစေအပါးတွေကို ထောက်ပံ့တဲ့အခါ မြေယာ ဆိုတဲ့အရာကနေ သစ္စာစောင့်သိမှုအဖြစ် ပြောင်းလဲသွားပါတယ်။ သမားတော်တစ်ယောက်က သူ့ရဲ့ဆေးကုသမှုအဖိုးအခကို ရှေ့နေတစ်ယောက်ငှားဖို့ ဒါမှမဟုတ် တရားသူကြီးတစ်ယောက်ကို လာဘ်ထိုးဖို့ အသုံးပြုတဲ့အခါကျရင် ကျန်းမာရေးဟာ တရားမျှတမှုအဖြစ်ကို ပြောင်းလဲသွားတယ်။ ပိုက်ဆံရှိရင် ကယ်တင်ခြင်းဆိုတာကိုတောင် လိင်မှုကိစ္စနဲ့ ဝယ်လို့ရပါတယ်။ ၁၅ ရာစုက ပြည့်တန်ဆာတွေက ပိုက်ဆံယူပြီး ယောက်ျားတွေနဲ့အိပ်တယ်။ ပြီးရင် အဲဒီပိုက်ဆံတွေနဲ့ ကက်သလစ်ဘုန်းကြီးတွေဆီကနေ အင်ဒူဂျင်သျှား ဝယ်ကြတယ်။


အရည်အသွေးမြင့်မားလာတဲ့ ပိုက်ဆံတွေကြောင့်လူတွေ ပစ္စည်းတစ်ခုနဲ့ အခြားပစ္စည်းတစ်ခု လဲလှယ်နိုင်ရုံတင်မကဘဲ စည်းစိမ်ဥစ္စာတွေကို သိုလှောင်သိမ်းဆည်းထားလို့လည်း ရလာခဲ့တယ်။ တန်းဖိုးရှိတဲ့ အရာတော်တော်များများဟာ သိမ်းဆည်းထားလို့မရပါဘူး.. ဥပမာ အချိန်၊ အလှအပ စတဲ့ အရာတွေပေါ့။ တချို့သောအရာတွေကို ခဏတာတော့ သိမ်းဆည်းထားလို့ရတယ်.. ဥပမာ စတော်ဘယ်ရီ လိုမျိုးပေါ့။ တခြားအရာတွေက ပိုကြာရှည်ခံပေမယ့် နေရာတော်တော်ယူပြီး ဂရုစိုက်ထိန်းသိမ်းရတာ အကုန်အကျများတယ်။ ဥပမာ ကောက်နှံစပါးတွေပေါ့။ နှစ်ပေါင်းများစွာ သိုလှောင်သိမ်းဆည်းထားလို့ ရပေမယ့် ကြီးမာတဲ့ ကျီတွေဆောက်ပြီး ကြွက်ဘေး၊ ရေဘေး၊ မီးဘေး၊ သူခိုးဘေး နှင့် မှိုတက်တာ စတဲ့အရာတွေကနေ ကာကွယ်ရသေးတယ်။ ခရုကြွေစေ့တွေကျတော့ ပုပ်သိုးမသွားဘူး၊ ကြွက်တွေရန် ကလည်း မကြောက်ရဘူး၊ မီးဒဏ်ကိုလည်း ခံနိုင်ပြီး သေတ္တာထဲထည့်သိမ်းထားလို့လည်း ရတာကိုး။

စည်းစိမ်ဥစ္စာတွေကို ကောင်းကောင်း အသုံးချဖို့ဆိုရင် သူတို့ကို သိမ်းဆည်းထားလို့ရရုံတင်နဲ့ မလုံလောက်ပါဘူး။ တစ်နေရာကနေ တစ်နေရာကိုလည်း အသယ်အပို့လုပ်ဖို့လည်း လိုပါသေးတယ်။ တချို့သော စည်းစိမ်ဥစ္စာတွေ - ဥပမာ အိမ်ယာမြေလိုဟာမျိုးက သယ်သူရွေ့ပြောင်းလို့မရပါဘူး။ စပါး၊ ဂျုံစတဲ့ ကုန်ပစ္စည်းတွေကိုတော့ ခက်ခက်ခဲခဲနဲ့ သယ်သူပို့ဆောင်လို့ရပါတယ်။ ဒီနေရာမှာ ငွေကြေးဆိုတာမရှိတဲ့ အရပ်မှာနေထိုင်တဲ့ ချမ်းသာတဲ့လယ်သမားတစ်ယောက် ရပ်ဝေးဒေသတစ်ခုကို ပြောင်းရွေ့နေထိုင်မှာကို မြင်ယောက်ကြည့်ပါ။ သူ့ရဲ့စည်းစိမ်ဥစ္စာအများစုဟာ သူ့ရဲ့အိမ်နဲ့ စပါးခင်းတွေပဲဖြစ်တယ်။ ဒါပေမယ့် အဲဒီလယ်သမားအနေနဲ့ အိမ်ကိုဖြစ်စေ၊ စပါးခင်းကိုဖြစ်စေ သူနဲ့သယ်သွားလို့မရဘူး။ အဲဒါတွေကို တန်နဲ့ချီတဲ့ဆန်တွေနဲ့ အလဲအလှယ်လုပ်လို့ရပေမယ့် အဲဒီဆန်တွေကို သယ်ယူရတာကိုက ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး အကုန်အကျများဦးမှာ ဖြစ်ပါတယ်။ ပိုက်ဆံက ဒီပြဿနာတွေအကုန်လုံးကို ဖြေရှင်းနိုင်တယ်။ အဲဒီလယ်သမားအနေနဲ့ သူပိုင်ဆိုင်တဲ့ပစ္စည်းအားလုံးကို ခရုကြွေစေ့တစ်အိတ်နဲ့ အလဲအလှယ်လုပ်ပြီး သူသွားလေရာကို အေးဆေးသယ်သွားလို့ရပါတယ်။

ပိုက်ဆံကြောင့် စည်းစိမ်ဥစ္စာတွေကို လွယ်လွယ်ကူကူနဲ့ သက်သက်သာသာ ပြောင်းလဲလို့ရ၊ သိမ်းဆည်းလို့ရ၊ သယ်ယူလို့ရတယ်။ ဒါကြောင့်ပဲ ရှုပ်ထွေးသိမ်မွေ့တဲ့ စီးပွားရေးကွန်ရက်တွေ၊ ရှင်သန်ကြီးပွားတဲ့ဈေးကွက်စနစ်တွေ ပေါ်ပေါက်လာတဲ့ နေရာမှာ ပိုက်ဆံက အလွန်အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ပိုက်ဆံဆိုတာသာ မရှိရင် စီးပွားရေးကွန်ရက်တွေ၊ စီးပွားရေး ဈေးကွက်တွေလည်း အရွယ်စားပမာဏ၊ ရှုပ်ထွေးနက်နဲမှုတွေ နှင့် ကြီးပွားရှင်သန်မှုတွေ အလွန်ကျဉ်းမြောင်းတဲ့အကန့်အသတ်အတွင်းမှာပဲ ဆက်လက်ရှိဦးနေမှာပါ။

ဘာသာပြန် - မာန်သီဟထွန်း

စာဖတ်သူအားလုံးကိုယ်ချမ်းသာပြီး စိတ်ချမ်းမြေ့ပါစေ။ ကျေးဇူးတင်ပါတယ်..
ပုံတွေကိုအောက်ပါလင့်တွေကနေယူပါတယ်။
https://www.slideshare.net/…/failure-of-the-world-economic-…
https://www.redbubble.com/…/w…/26110324-money-power-respect…
https://www.uswitch.com/…/how-to-transfer-money-from-a-cre…/


https://www.pinterest.com/pin/355925176774284963/
https://money.howstuffworks.com/bartering1.htm
http://khyberacademy.blogspot.com/…/how-to-remove-difficult…