Breaking News

ဧရာ(မန္တလေး) ☸ ဒါနပြုသည် ဆိုရာဝယ် ☸ (၁)



ဧရာ(မန္တလေး) ☸ ဒါနပြုသည် ဆိုရာဝယ် ☸ (၁)

(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၉


မြန်မာလူမျိုးတို့သည် “အလှူရေစက်လက်နှင့် မကွာ” ဆိုသော စကားအတိုင်း အလှူဒါနပြုရန် ဝန်လေးကြသူများ မဟုတ်ကြပါ။ သို့သော် “ဘာကြောင့် ဒါနပြုသလဲ” ဟု မိမိကိုယ် မိမိ မေးခွန်းထုတ် ကြည့်သင့်ပါသည်။ မည်သည့် အလှူမျိုးက မြင့်မြတ်သည်ဟု ဆန်းစစ် ကြည့်သင့်ပါသည်။ အချို့က အောက်ပါ ရည်ရွယ်ချက်များဖြင့် ဒါနပြု ကြသည်ဟု ဖြေဆိုကောင်း ဖြေဆိုကြပါလိမ့်မည်။


⚠ ပစ္စည်းဥစ္စာတွေက သေရင် ထားခဲ့ရမှာ။ သံသရာအတွက် ပါအောင်, နောင်ဘဝမှာ လူချမ်းသာ, နတ်ချမ်းသာဖြစ်အောင် ဒါနပြုရတယ်။
⚠ လှူဒါန်းပေးကမ်းတယ်ဆိုတာ ကောင်းတဲ့ အလုပ်ပဲ။ ဒီကြောင့် ဒါနပြုသင့်တယ်။
⚠ တို့မိဘဘိုးဘွား အစဉ်အဆက် လှူဒါန်းပေးကမ်းခဲ့ကြတယ်။ တို့လက်ထက်ကျမှ မယုတ်လျော့သင့်ဘူး။
⚠ ငါတို့က စားနိုင်သောက်နိုင်ပေမယ့် သူတို့တွေက ချို့တဲ့ကြရှာတယ်။ ဒီလူတွေကို ပေးကမ်း လှူဒါန်းသင့်တယ်။

အနောက်တိုင်းတွင် လှူဒါန်းပေးကမ်းရန် စေ့ဆော်ပေးသည့် အကြောင်းတရားများကို စစ်တမ်းများကောက်၍ လေ့လာကြသည်။ လူမှုရေး လုပ်ငန်းများအတွက် ရံပုံငွေ ရှာဖွေနိုင်ရာဖွေရာတွင် ပိုမို ထိရောက်စေရန် ဖြစ်သည်။ ထိုသို့လေ့လာချက်များတွင် The Seven Faces of Philanthropy ဟူသော စာအုပ်က ထင်ရှားသည်။ ထိုစာအုပ်တွင် အလှူရှင် ၇-မျိုးကို ဤသို့ ဖော်ပြထား၏။

1⃣ The Communitarians (26.3%) အများစုမှာ ချမ်းသာကြွယ်ဝသည့် အလှူရှင်များ ဖြစ်၍၊ မိမိတို့ဒေသ, မိမိနေထိုင်သော လူအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ပါက မိမိအတွက်လည်း အကျိုးစီးပွားရှိမည်ဟု ယုံကြည်၍ လှူဒါန်းကြသူများ ဖြစ်သည်။ ထိုအလှူရှင်များသည် မိမိတို့ အလှူအတွက် အသိမှတ် ပြုခံလိုကြသည်။ အလှူမှတဆင့် အဆက်သွယ်နှင့် စီးပွားရေးအခွင့် အလမ်းများ ရယူလိုကြသည်။ မိမိတို့ဒေသ ဖွံဖြိုးရေးအတွက် မိမိတို့တွင် တာဝန်ရှိသည်ဟု ယူဆကြသူများလည်း ပါဝင်နိုင်ပါသည်။

2⃣ The Devouts (20.9%)
ဒုတိယအများဆုံး တွေ့ရသော အလှူရှင်များသည် ဘာသာရေး ယုံကြည်ချက်အရ လှူဒါန်းကြသူများ ဖြစ်သည်။ ဘာသာရေး အဖွဲ့အစည်းများအားဖြစ်စေ, ဘာသာရေး အဖွဲ့အစည်းများမှ တဆင့်ဖြစ်စေ လှူဒါန်းတတ်ကြသည်။ ထိုသူတို့သည် (မိမိတို့ အသိုင်းအဝိုင်းမှအပ) အထူးအထွေ အသိမှတ်ပြုခြင်းကို ခံယူလိုကြသူများ မဟုတ်။

3⃣ The Investors (15.3%) စီးပွားရေးတွင် ရင်းနှီးမြုတ်နှံသကဲ့သို့ ပြန်ရလာမည့် အကျိုးအမြတ်ကို မျှော်မှန်း၍ လှူဒါန်းသူများ ဖြစ်သည်။ အစိုးရအား အခွန်ပေးမည့်အစား အစိုးရမဟုတ်သည့် အဖွဲ့စည်းများအား (အခွန်ရှောင်ရန်အတွက်) လှူဒါန်းကြသူများလည်း ဤအုပ်စုတွင် ပါဝင်သည်။

4⃣ The Socialite (10.8%) - လူမှုရေးဝင်ဆံ့လို၍ လှူဒါန်းကြသူများ ဖြစ်သည်။ အလှူထက် အလှူပွဲကျင်းပရန်, ပွဲလမ်းများသွားရန်, အလှူပွဲလာသူများနှင့် လူမှုဆက်ဆံမှု ပိုမိုကောင်းမွန်ရန်ကို ပို၍ စိတ်ဝင်စားကြသူများ ဖြစ်သည်။

5⃣ The Altruists (9%) -
ပရဟိတစိတ်ရှိသော အလှူရှင်များဖြစ်သည်။ ဘာသာရေး အလှူရှင်များကဲ့သို့ပင် တာဝန်တစ်ရပ် အနေဖြင့် အလှူဒါန ပြုကြသော်လည်း၊ ဘုရားကျောင်းများထက် ဘိုးဘွားများ, မိဘမဲ့ကလေးငယ်များ, ဆင်းရဲချို့တဲ့သူများအား ကိုယ်ချင်းစာတရား အလျောက် ရွေးချယ်လှူဒါန်း လေ့ရှိကြသည်။

6⃣ The Repayer (10.2%) - မိမိအား ကူညီစောင်မခဲ့ဖူးသော ပုဂ္ဂိုလ်, အဖွဲ့အစည်းတို့အား ကျေးဇူး တုန့်ပြန်သောအားဖြင့် ပြန်လည်လှူဒါန်းကြသူများ ဖြစ်သည်။

7⃣ The Dynast (8.3%) - မိဘဘိုးဘွား ရိုးရာအစဉ်အလာ မပျက်စေရန် စောင့်ထိမ်းသောအားဖြင့် လှူဒါန်းကြသူများ ဖြစ်သည်။

စင်စစ် အလှူရှင် အမျိုးအစားများသည် ၇-မျိုးထက်မက ရှိနိုင်ပါသည်။ အလှူပေးရန် စေ့ဆော်သည့် အကြောင်းတရားများသည်လည်း တစ်မျိုးမက ရောယှက် နေနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ထိုစစ်တမ်းမျိုး ကောက်ယူပါက ရာခိုင်နှုန်းအချိုးအစားများ တူညီမည်လည်း မဟုတ်။ မိမိသည် မည်သည့် အလှူရှင်မျိုးဖြစ်သည်ကို ဆန်းစစ်ကြည့်နိုင် ပါသည်။ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေဖြင့် ဒေသနာတော်များအရ မည်သို့သော စိတ်ထား ရည်ရွယ်ချက်ဖြင့် လှူဒါန်းသော အလှူမျိုးက မြင့်မြတ်သည်ကိုလည်း သုံးသပ်ကြည့်သင့်ပါသည်။

(July 13, 2011)

****

မြန်မာနိုင်ငံတွင် ဒါနပြုပုံနှင့် ပတ်သက်၍ စနစ်တကျ စစ်တမ်းများ ကောက်ယူ၍ လေ့လာသုံးသပ်ထားသော စာတမ်းများ ရှိကောင်း ရှိနိုင်မည် အထင်နှင့် ရှာဖွေမိသော်လည်း Melford E. Spiro ပြုစုသော Buddhism and society: a great tradition and its Burmese vicissitudes (1971) ဟူသော စာအုပ်မှ လွဲ၍ အခြားစာအုပ်, စာတမ်းများ မတွေ့မိသေးပါ။ ထိုစာအုပ်ပါ စစ်တမ်းများသည် ၁၉၆၂-ခုနှစ် မတိုင်မီက ကောက်ယူခဲ့ခြင်း ဖြစ်သည်။ စစ်တမ်းအတွက် မေးခွန်းနှင့် ကောက်ယူသည့် လူဦးရေ ပမာဏသည် ကျေနပ်ဖွယ်မရှိလှ၍ မြန်မာလူမျိုးအများစုအား ကိုယ်စားပြုမည်ဟု မယူဆနိုင်ပါ။

ထိုစစ်တမ်းအရ လူနည်းစုသည်သာ ဉာဏ်လမ်း ဗုဒ္ဓဘာသာဝင်များ (Nibbanic Buddhists) ဖြစ်ကြ၍ လူများစုဖြစ်သော ကံလမ်း ဗုဒ္ဓဘာသာဝင် (Kammic Buddhists) တို့သည် ဒါနအား သီလထက်ပင် ပို၍ ပဓာနထားကာ ကုသိုလ်ကောင်းမှု ပြုကြသည်။ စင်စစ် ဒါနပြုရခြင်း၏ အဓိကရည်ရွယ်ချက်သည် မိမိတို့၏ ကိုယ်ကျင့် သီလ ချိုးဖောက်မှုကြောင့် ရရှိလာသည့် အကုသိုလ်များအား ကျေစေရန်အတွက် လုံလောက်သော ကုသိုလ်ကောင်းမှု စုဆောင်းရန် ဖြစ်သည်ဟု ဤစာတမ်းတွင် ဖော်ပြထား၏။ ထို့နောက် သီလထက် ဒါနပြုမှုက ပို၍ အရေးပါရသည့် အကြောင်းရင်း ၅-ခုကို ဆက်လက် ဖော်ပြထားပါသည်။

1⃣ Giving (dāna) is psychologically more satisfying than morality, as a mean of acquiring merit
မြန်မာတို့သည် ကုသိုလ်ရခြင်းကို ပမာဏပြုတိုင်းထွာ လိုကြ၏။ သီလ စောင့်ထိန်းခြင်းသည် ဒါနကဲ့သို့ အနည်း အများ ပမာဏတိုင်းထွာ မရသဖြင့် ကုသိုလ် မည်ရွေ့မည်မျှ ရသည်ဟု စိတ်ကျေနပ်မှု မဖြစ်စေပါ။ ထို့ကြောင့် သူ့အသက်သတ်ခြင်းကို ရှောင်ရန်အား ဆောင်ရန် အဖြစ် ပြောင်း၍၊ အသတ်ခံရမည့် တိရစ္ဆာန်များအား ဝယ်ယူ၍ ဘေးမဲ့ပေးခြင်း ပြုလေ့ရှိသည်။ ဤသို့ ပြုခြင်းဖြင့် “ဘယ်နှစ်ကောင်, ဘယ်လောက်ဖိုး” လွှတ်လိုက်သည်ဟု တိုင်းထွာနိုင်သည်။

2⃣ In Sermons, the fruits of giving are always explicit and clear, while those of morality are clear only for moral dereliction, not for moral conformity.

တရားပွဲအများစုမှာ အလှူပွဲများတွင် ဟောကြားသည့် တရားများ ဖြစ်သဖြင့် သီလထက် ဒါန၏ အကျိုးတရားကို ဟောကြားသည်က ပို၍ များ၏။ တဖန် ဒါနတရားများတွင် ဒါနပြုခြင်း၏ အကျိုးနှင့် ဒါနမပြုခြင်း ဆိုးကျိုးများသည် ရှင်းလင်းထင်ရှား၏။ သီလတရားများတွင်မူ သီလချိုးဖောက်ခြင်း၏ ဆိုးကျိုးသည် ထင်ထင်ရှားရှား ရှိသော်လည်း သီလ စောင့်ထိန်းခြင်း၏ အကျိုးတရားများသည် ဒါန၏ အကျိုးတရားများလောက် ရှင်းလင်းထင်ရှားခြင်း မရှိ၍ ဖြစ်သည်ဟု ဖော်ပြထားသည်။

3⃣ The mechanical acquisition of merit than the spiritual development

သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရေး ဟူသော ဉာဏ်လမ်းမှသည် ကံလမ်းဗုဒ္ဓဘာသာသို့ ဦးတည်လာသော အရွေ့အား တတိယအကြောင်းအဖြစ် ဖော်ပြထား၏။ ထို့ကြောင့် ကုသိုလ်ပြုရာတွင် မိမိ၏ အဇ္ဈတ္တ အတွင်းသန္တန်၌ သူတော်ကောင်းတရားများ ပြည့်ဝလာစေရေးထက် အသိဉာဏ်မပါသော ကောင်းမှုပြုနည်းများကိုသာ ဦးစားပေးကြ၏။ မြန်မာပြည်တွင် ရှင်ပြုပေးခြင်းဖြင့် ရသောကုသိုလ်အား အလွန်ပင် တန်ဖိုးထားကြသည်။ သားမရှိသူများကပင် အခြားကလေးငယ်များအား ရှင်ပြုပေးကာ ကုသိုလ်ယူတတ်ကြ၏။ သို့သော် ရှင်ပြုခြင်းသည် ကလေးသူငယ်များအား ကိုယ်ကျင့်တရား၏ အခြေခံအုတ်မြစ်ကို ခိုင်မာအောင် တည်ဆောက်ပေးခြင်း ဖြစ်သင့်သော်လည်း ရှင်ပြုပွဲများကို အပေါ်ယံဆန်ဆန်သာ ကျင်းပကြသည်က များသည်။ အလွန် ငယ်လွန်းသေးသည့် နှစ်နှစ်သားအရွယ် ကလေးငယ်များအားလည်း ရှင်ပြုပေးတတ်၏။ ဘာသာရေး အခြေခံရစေရန် တစ်ဝါစသည် အချိန်ကြာကြာ သင်္ကန်းဝတ်လေ့မရှိဘဲ ရက်သတ္တ တစ်ပတ်, နှစ်ပတ်မျှသာ ဝတ်ကြသည်။ အချို့ ကလေးငယ်များဆိုလျှင် တစ်ညတာမျှသာ ရှင်အဖြစ်နေတော့သည်ဟု ဖော်ပြထားသည်။

4⃣ The importance of sacrifice as dominant theme in Burmese culture.

မြန်မာလူမျိုးတို့သည် စည်းစိမ်ဥစ္စာနှင့် ဘုန်းတန်ခိုးအာဏာအား အလွန်တန်ဖိုးထားကြသလို၊ အခြားတဖက်တွင် စွန့်လွှတ် အနစ်နာခံခြင်းကို ဂုဏ်ယူကြသည်လည်း တွေ့ရ၏။ မြန်မာလူမျိုးတို့ လှူဒါန်းသော ပမာဏသည် သူတို့၏ ဝင်ငွေ, စုဆောင်းငွေ ပမာဏနှင့် နှိုင်းစာပါက မိမိတို့၏ စားဝတ်နေရေးအတွက် ချိုးခြံ ချွေတာကာ စွန့်လွှတ် အနစ်နာခံသည့် သဘောကို တွေ့နိုင်ပါသည်။ လူဝတ်ကြောင်တို့သည် သီလအနေအားဖြင့် ရဟန်းတော်များကဲ့သို့ သိက္ခာပုဒ်များဖြင့် တင်းကြပ်စွာ ကျင့်ကြံရန် မလိုသဖြင့်၊ ဒါနအနေအားဖြင့် များများ လှူဒါန်းကာ ဘာသာရေး ကိုင်းရှိုင်းမှုကို ဖော်ပြကြသည်။

5⃣ The honor and prestige that attached to giving in Burmese society
ထင်ပေါ်ကျော်ကြားခြင်းစသော ဂုဏ်ပကာသနအတွက် အလှူဒါနပြုခြင်းအား ပဉ္စမမြောက် အကြောင်းတရား အဖြစ် ဖော်ပြထားသည်။

စာအုပ်ခေါင်းစဉ်အတိုင်း Spiro ၏ သုံးသပ်ချက်များသည် အဆိုးမြင်ဘက်သို့ အားသာသည်။ မြန်မာအများစု၏ အလှူဒါန အပေါ် သဘောထားအား ကိုယ်စားပြုသည်ဟု မယူဆနိုင်သော်လည်း၊ မြန်မာ ဗုဒ္ဓဘာသာဝင်တို့ အပေါ် အနောက်တိုင်းပညာရှင် တဦး၏ လေ့လာသုံးသပ်ချက်ကို ပကတိအခြေအနေများဖြင့် ချိန်ထိုး ဝေဖန်နိုင်ကြည့်နိုင်ပါသည်။

(ဒါနပြုခြင်းနှင့် စပ်လျဉ်း၍ သုတ္တန်ဒေသနာများတွင် ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့သည်များကို ဆက်လက် ဖော်ပြပါမည်။)

ဧရာ (မန္တလေး)
(August 2, 2011)

▶ Ref:
1. အင်္ဂုတ္တရနိကာယ်၊ သတ္တကနိပါတ်၊ မဟာယညဝဂ်၊ ဒါနမဟပ္ဖလသုတ် (အံ.၇.၅၂)
2. အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဒါနဝဂ်၊ ပဌမဒါနသုတ် (အံ.၈.၃၁)
3. အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်၊ ဒါနဝဂ်၊ ဒါနဝတ္ထုသုတ် (အံ.၈.၃၃)
4. Russ Alan Prince and Karen Maru File - The Seven Faces of Philanthropy (1994)
5. Melford Spiro - Buddhism and society: a great tradition and its Burmese vicissitudes (1971)