Breaking News

တင်မိုး - လူငယ့်ကြေးမုံ - ၂



တင်မိုး - လူငယ့်ကြေးမုံ - ၂
(မိုးမခပြန်လည်ဆန်းသစ်) နိုဝင်ဘာ ၇၊ ၂၀၁၉ 

မိုးသောက်ကြယ်ဂျာနယ်အယ်ဒီတာအာဘော်အဖြစ် ဆရာတင်မိုးရေးသားခဲ့သော `လူငယ့်ကြေးမုံများ`
(၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလထုတ် အတွဲ ၁၊ အမှတ် ၁ မှ)

ဖြူစင်တဲ့လူတွင်ကျယ်တွေကို ‘လူငယ်’လို့သတ်မှတ်ရမယ်။
နိုင်ငံရဲ့‘မိုးသောက်ကြယ်’တွေပေါ့။
လူငယ်ဆိုတာ ငါစွဲမကြီးရဘူး။ ငါစွဲမသို၊ ကိုယ်စွဲမထား၊ မေတ္တာပွားမှ လူငယ်တရားရှိရာရောက်မယ်။
လူငယ်အင်အားဖြုန်းတီးရင် နိုင်ငံကြီးပြိုပျက်မှာသေချာတယ်။ လူငယ်တွေဖရိုဖရဲဖြစ်နေသမျှ နိုင်ငံပြိုကွဲမှာမုချ။

လူငယ်တွေဟာ ကိုယ့်အခန်းကဏ္ဍကို ဖော့တွက်လို့မရဘူး။
နိုင်ငံရဲ့ တန်းဖိုးရှိတဲ့အသီးအပွင့်တွေဆိုတာ အမြဲသတိရရမယ်။
ကိုယ့်တန်ဖိုးဟာ နိုင်ငံအတွက် အင်မတန်ကြီးမားပြီး တန်ဖိုးရှိတဲ့ခွန်အားဆိုတာမမေ့ရဘူး။
လူငယ့်ဂုဏ်ကို အမြဲတစေပွားများနေအပ်တယ်။
ငယ်ရွယ်နုပျိုခြင်းဆိုတာ ထာဝရမပိုင်ဆိုင်ဘူး။ တခဏသာပိုင်ဆိုင်ခြင်းဖြစ်တယ်။
ခုလို သွေးသစ်သားသစ်လောင်းတုန်း၊ အရွယ်ကောင်းတုန်း၊ အကျိုးရှိအောင်နေရမယ်။ ကျင့်သုံးရမယ်။ ပျက်စီးလေလွင့်နေမယ်ဆိုရင် ဘဝတခုလုံး အမှိုက်ပုံလို တန်ဖိုးမဲ့သွားလိမ့် မယ်။
‘တက်လူသာလျင်
မြန်မာပြည်မ၊ အားသစ်ရ၍
ဇေယျာအောင်လံထူမည်တည်း’တဲ့…။
မျိုးချစ်စာဆိုကြီး ဆရာဇော်ဂျီကလှုံဆော်ခဲ့ဖူးတယ်။
ဟုတ်တာပေါ့။
တိုင်းပြည်တခုရဲ့အနာဂတ်ကိုသိချင်ရင် ဒီနေ့လူငယ်တွေအခြေအနေကို အကဲခတ်ကြည့်ရင် သိနိုင်တာပေါ့။
လူငယ်တွေဦးတည်ချက်လွဲနေရင်၊ အပျော်ကြူးပြီး ယစ်မူးနေရင်၊ အချင်းချင်းအစေးမကပ်၊ စိတ်ဓါတ်တွေအကြောင်အကျားနဲ့ တကွဲတပြားဖြစ်နေရင် ဒီတိုင်းပြည်နာပြီသာမှတ်ပေတော့…။
အောင်ဆန်းလိုလူငယ်ကလေးတယောက် ထွန်းထွန်းတောက်တောက်ပေါ်ပေါက်လာလို့ တို့တိုင်းပြည်ဟာ ကိုလိုနီထမ်းပိုးအောက်က လွတ်မြောက်ခဲ့ရတယ်။
အောင်ဆန်းဟာ မြန်မာ့လွတ်မြောက်ရေးလမ်းကို ဘယ်ပုံရှာခဲ့တယ်ဆိုတာ ဂျပန်ရောက်မြန်မာလူငယ်တွေ အသိဆုံး…။ အထူးပြောဖွယ်မလို…။
“အရေးကြီးပြီ ညီနောင်အပေါင်းတို့ သွေးစည်းကာ ညီစေညီကြစို့…”

၂-၁၂-၂၀၀၂
ခေတ္တ ဘန်ကောက်