Breaking News

မြင့်ကျော် - လူထုကြားက ယမကာဆိုင်


မြင့်ကျော် - လူထုကြားက ယမကာဆိုင်

(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၁၉

ကျနော် ယခုပြောင်းလာတဲ့ တောင်ဥက္ကလာ ၉ ရပ်ကွက်ထဲက လမ်းသွယ်တခုထဲမှာ မြို့ထဲမှာ တွေ့မြင်ရခဲသွားပြီဖြစ်တဲ့ အရက်ဖြူဆိုင်က အိမ်နဲ့ လမ်းကျောချင်းကပ်လျက် လောက်မှာရှိပါတယ်။
ပျဉ်ထောင်အိမ် တထပ် မြေစိုက် အခန်းကျယ်ထဲ စားပွဲခုံပုတွေ ဆယ့်နှစ်ဝိုင်း ဆယ့်သုံးဝိုင်းချထားတာတွေ့ရ ပါတယ်။ ညနေစောင်းကျရင် ဝိုင်းအပြည့်နီးပါး လူစည်ကားနေလေ့ရှိပါတယ်။ ပလပ်စတစ်ရေ တကောင်းတွေ စားပွဲဝိုင်းအလယ်မှာ ထားပြီး အရက်နဲ့ ရေ၊ ရေခဲ စပ်ပြီးသောက်နေကြတာတွေ့ရပါတယ်။ ဆိုင်မှာ အမြည်းအနေနဲ့တော့ လက်ဖက်တို့ ဂျင်းသုတ်တို့ အခြား အရွက်သုတ်တွေရေနိုင်တဲ့ သဘောအကဲခတ်မိပါတယ်။ စားပွဲခုံပေါ်မှာ ပဲကြော်ပုလင်းတွေ တန်းစီထားပြီး အမြည်းအဖြစ် အသုတ်တွေ ရနိုင်တဲ့ သဘောပါ။
ညနေခင်း အလုပ်က ပြန်ကြတဲ့သူတွေ ၊ သို့မဟုတ် ဘဝအမော၊ ဘဝရဲ့ ညစ်ညူးစရာတွေကို မေ့ပျောက် ပြေေျာက်ဖို့ ဆွေးနွေးပြောဆိုကြသံတွေဟာ အိမ်ချင်းကျောကပ်နေတဲ့ ကျနော်တို့ အခန်းတွေအထိ ပျံလွင့်လာတောကြားရပါတယ်။ စကားသံမသဲကွဲပေမယ့် တယောက်နဲ့ တယောက် အလုအယက် ပြောနေသံ အပြိုင်အဆိုင် ပြောနေသံတွေက လမ်းရဲ့ ဒီဘက်ထိ အတိုင်းသားကြားနေရတာပါ။
ဒီမြင်ကွင်းကို မြင်ရတော့ ၁၉ ၉ ၀ ခုနှစ် အစောပိုင်းရန်ကုန် ရောက်ခါစက သူငယ်ချင်းတယောက်နဲ့ အဖေါ်လိုက်ပေးရင်း ၄၂ လမ်း အောက်ဘလောက်က အရက်ဆိုင်တွေကို ပြန်သတိရမိသည်။ အဲဒီအချိန်အခါက ၄၂ လမ်းအောက်ဘလောက်မှာ အရက်ဖြူဆိုင်တွေ တန်းစီနေသည်။ အဆိုပါလမ်းထဲမှာ ယခုလည်း အရက်ဆိုင်တွေ ရှိပေမယ့် အဲဒီကာလက လောက်မများတော့ဟု ထင်သည်။ ဟိုအချိန်က ရန်ကုန်မြို့ထဲမှာ ယမကာ ရောင်းချခွင့်ရှိသည့် ဘီယာဆိုင်၊ အရက်ဆိုင် ယခုလောက် အရေအတွက်မများသေးတာကြောင့် ၄၂ လမ်းလိုနေရာမှာ တစုတဝေးထဲ ဖြစ်နေသည့် သဘောဖြစ်လိမ့်မည် ထင်သည်။
၄၂ လမ်းဆိုင်တွေမှာ အမြည်း တကျပ်ဖိုး၊ ၂ ကျပ်ဖိုးရောင်းသည်ကို မှတ်မိနေသေးသည်။ ငါးခြောက်သုတ်၊ ပြောင်းဖူးစေ့ကျော် စသည့် အမြည်းများဖြစ်သည်။
ထိုစဉ်က ကျနော်အဖေါ်အဖြစ် လိုက်ထိုင်ပေးခဲ့သည့် သူငယ်ချင်းမှာ နှစ်အတန်ကြာသည့်နောက် ယမကာ ကို လုံးဝဖြတ်လိုက်ပြီး အရှင်းမသောက်တော့။