Breaking News

မန်းဝန်ကြီးချုပ် သွေးကင်ဆာရောဂါ ခံစားနေရဟု NLDအတည်ပြု


ဒေါက်တာဇော်မြင့်မောင်ကို ပြီးခဲ့သည့် ဩဂုတ်လက မန္တလေးတွင် ကျင်းပသည့် အာဆီယံအစားအစာပွဲတော်၌ တွေ့ရစဉ် (ဓာတ်ပုံ - ခင်နှင်းဝေ / Myanmar Now)

မန်းဝန်ကြီးချုပ် သွေးကင်ဆာရောဂါ ခံစားနေရဟု NLDအတည်ပြု

ဟန်ထူးအောင် ၊ Myanmar NOW

(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၉


ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနေသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါ ခံစားနေရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် အတည်ပြုခဲ့သည်။

အာဏာရပါတီတွင်း သြဇာကြီးသည့် အသက် ၆၈ နှစ်အရွယ် NLD ဒုဥက္ကဌသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်က ရန်ကုန်တွင်ကျင်းပသည့် အစိုးရ၊ လွှတ်တော်၊ ပါတီ သတ္တမအကြိမ် စုံညီတွေ့ဆုံပွဲအပြီး ထိုင်းနိုင်ငံသို့ ဆေးကုသမှုခံယူရန် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

“ရောဂါကို ထိန်းသိမ်းထားလို့ ရပါတယ်။ အထူးသဖြင့် အသက်ကြီးမှ ပေါ်လာတာဖြစ်တဲ့အတွက် ဒီ(သွေးကင်ဆာ) ရောဂါဟာ ပြင်းထန်ခြင်း မရှိပါဘူး” ဟု

ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ NLD ဌာနချုပ်တွင် ကျင်းပသည့် အမျိုးသားအောင်ပွဲနေ့အခမ်းနားအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လတ်တလောတွင် ရောဂါအတိမ်အနက်ကို မသိရသေးကြောင်းနှင့် မန်းဝန်ကြီးချုပ်သည် ဆေးသွင်းထားသောကြောင့် ပင်ပန်း၍ အနားယူနေရပြီး ခေတ်သစ်ဆေးပညာအရ သွေးကင်ဆာသည် ကုသလို့ရသော ရောဂါတစ်ခုဖြစ်သည်ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ်အဖြစ် လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က တာဝန်ထမ်းဆောင်နေသည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသော်လည်း အာဏာလွှဲအပ်ခံရခြင်း မရှိသည့်အပြင် နိုင်ငံရေးပါဝင်လှုပ်ရှားမှုများကြောင့် စစ်အစိုးက ၁၉၉၀ပြည့်နှစ်မှ ၂၀၀၉ခုနှစ်ထိ ၁၉နှစ်ကြာ ထောင်သွင်းအကျဉ်းချခဲ့သည်။

၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပြီး ၂၀၁၅အထွေထွေရွေးကောက်ပွဲတွင်လည်း မန္တလေးတိုင်းဒေသကြီး အမရပူရမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရကာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခံရသည်။