Breaking News

ကိုသစ် (သီတဂူ) - မြန်မာ၊ အစ္စရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ



ကိုသစ် (သီတဂူ) - မြန်မာ၊ အစ္စရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ

(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၁၉

မြန်မာနိုင်ငံက ၁၉၄၈-ခုနှစ် ဇန်နဝါရီလတွင် ၄-ရက်နေ့တွင် လွတ်လပ်ရေးရခဲ့ပြီး အစ္စရေးနိုင်ငံက ၁၉၄၈-ခုနှစ် မေလ ၁၄-ရက်နေ့တွင် နိုင်ငံတည်ထောင်ကြောင်း ကြေငြာ ခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၄၈-ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သည့်နိုင်ငံဖြစ်သည်။ အစ္စရေးနိုင်ငံသည်လည်း ၁၉၄၈-ခုနှစ်တွင် နိုင်ငံအဖြစ် ကြေငြာတည်ထောင်ခဲ့သည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ မြန်မာနှင့် အစ္စရေး ဘာများ ထူးပြီး ကွာခြားနေလို့လဲ။

မြန်မာပြည်က စတုရန်းမိုင်း နှစ်သိန်းခြောက်သောင်းကျော်ရှိပြီး အစ္စရေးနိုင်ငံက တောင်မြောက် (၂၉၀) မိုင်၊ အရှေ့အနောက် (၈၅)မိုင် အားလုံး စတုရန်းမိုင် နှစ်သောင်း နှစ်ထောင်ကျော်ပဲရှိသည်။ အစ္စရေးနိုင်ငံမှာ ခရစ်တော်မပေါ်မီနှစ်ပေါင်း တစ်ထောင်ကျော် က ဘုရင်စနစ်ထူထောင်ပြီး တထီးတနန်း ရှိခဲ့ဖူးပါသည်။ ဘီစီ ၁၀-ရာစုမှာ နိုင်ငံနှစ်ခြမ်းကွဲပြီး ဘီစီ ၇၂၂-တွင် အဆီးရီးယန်းလူမျိုးတို့က အစ္စရေးနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။ ဘီစီ ၁၇၀ ခန့်တွင် ဂရိတို့က သိမ်းပိုက်ပြီး ဘီစီ ၆၃-ခုနှစ်တွင် ရောမတို့က အစ္စရေးနိုင်ငံကို သိမ်းပိုက်လိုက်ပြန်သည်။ ဂျူးလူမျိုးနှင့် ရောမ လူမျိုးတို့ နှစ်ပေါင်းများစွာ ပဋိပက္ခဖြစ်ခဲ့ကြပြီးနောက် အေဒီ ၇၀-တွင် ဂျူးလူမျိုးများကို အပြင်းအထန်နှိပ်ကွက်ပြီး ဂျူးတို့အထွဋ်အမြတ်ထားသည့် ဂျေရုစလင်မြို့ကြီးကိုပါ ရောမတို့က ဖျက်ဆီးပစ်လိုက်ကြသည်။ ထို့ကြောင့် ဂျူးလူမျိုးများ ကမ္ဘာအရပ်ရပ်သို့ ပြန့်နှံ့ရောက်ရှိသွားခဲ့ကြသည်။ ဂျူးလူမျိုးတို့ နိုင်ငံပျောက်သွားကြလေပြီ။

အေဒီ ၆၀၀ ခန့်တွင် အစ္စလာမ်ဘာသာဝင် အာရပ်လူမျိုးတို့က ရောမတို့လက်ထဲကနေ တိုက်ခိုက်သိမ်းပိုက်လိုက်ပါသည်။ အစ္စရေးနိုင်ငံဟူ၍လည်း မရှိတော့။ ပါလက်စတိုင်း ဒေသဖြစ်လာခဲ့သည်။ ၁၅၁၇-ခုနှစ်တွင် ပါလက်စတိုင်းသည် တူရကီလက်အောက်ကို ကျရောက်သွားပြီး တူရကီစိုးမိုးမှုကို နှစ်ပေါင်းလေးရာလောက် ခံခဲ့ရသည်။ ထိုအချိန်တွင် ပါလက်စတိုင်းဒေသမှာ ဂျူးလူမျိုးများ မရှိကြတော့ဘဲ အာရပ်မွတ်စလင်များ နေထိုင်ကြ သည်။ ၁၈၈၂-ခုနှစ်တွင် ဥရောပကိုရောက်နေကြသည့် ဂျူးလူမျိုးများ ပါလက် စတိုင်းမှာ အခြေချနေထိုင်ဖို့ ပြန်ရောက်လာကြသည်။ ၁၉၁၇-ခုနှစ်တွင် ဂျူးနိုင်ငံ တည်ထောင် ရန်နှင့် ပါလက်စတိုင်းဒေသကို ဂျူးလူမျိုးများ၏ ဇာတိနိုင်ငံအဖြစ် သတ်မှတ်ပေးရန် ဗြိတိသျှသိပ္ပံပညာရှင် ရှိမ်ဗိုက်ဇမန်းက တိုက်တွန်းခဲ့သည်။ ဗြိတိသျှအစိုးရကလည်း သဘောတူခဲ့သည်။ ၁၉၁၈-ခူနှစ်တွင် ဗြိတိသျှတို့က ပါလက်စတိုင်းထဲမှာရှိနေကြသည့် တူရကီများကို တိုက်ထုတ်ပစ်လိုက်သည်။ ပထမကမ္ဘာစစ်ပြီးသောအခါ ပါလက်စတိုင်း ဒေသကို ဗြိတိသျှတို့က အုပ်ချုပ်ထားပြီး ဒုတိယကမ္ဘာစစ်ပြီးသောအခါ ဂျူး-အာရပ် ပြဿနာကို ကုလသမဂ္ဂအဖွဲ့ကြီးကို တင်ပြလိုက်လေသည်။ ကုလသမဂ္ဂက စုံးစမ်း စစ်ဆေးပြီးနောက် ပါလက်စတိုင်းဒေသကို အာရပ်နိုင်ငံနှင့် ဂျူးနိုင်ငံဟူ၍ နှစ်ပိုင်းခွဲခြား ပေးလိုက်သောအခါ အာရပ်တို့က အပြင်းအထန်ကန့်ကွက်ကြပါသည်။ အာရပ်ပိုင်နယ်မြေ များဖြစ်၍ ဂျူးနိုင်ငံအဖြစ်တည်ရှိမှုကို လက်မခံကြောင်း အပြင်းအထန်ကန့်ကွက်ခဲ့ ကြသည်။ အာရပ်-ဂျူးတိုက်ပွဲများလည်း အကြိမ်ကြိမ် ဆင်နွှဲခဲ့ကြသည်။

၁၉၄၈-ခုနှစ် မေလ ၁၅-ရက်နေ့တွင် ပါလက်စတိုင်းဒေသမှာ ဗြိတိသျှအုပ်ချုပ်ရေး ကုန်ဆုံးတော့မည်။ ဂျူးတို့က လည်သည်။ လျှင်သည်။ မေလ ၁၄-ရက်နေ့ ညတွင် လွတ်လပ်သော အစ္စရေးနိုင်ငံအဖြစ် ကြေငြာလိုက်ပါသည်။ အစ္စရေးနိုင်ငံအဖြစ် စတင် ကြေငြာချိန်တုန်းက အစ္စရေးနိုင်ငံဟူ၍ ကမ်းရိုးတမ်းတလျှောက်ကလေးသာရှိသည်။ ခြောက်ရက်ကြာ စစ်ပွဲဖြစ်ပြီးနောက် ဆိုင်းနိုင်းကျွန်းဆွယ်၊ ဆီးရီးယားနိုင်ငံက ဂိုလန် ကုန်းမြင့်ဒေသ၊ ဂျော်ဒန်နိုင်ငံက ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းနှင့် ဂျေရုဆလင်မြို့ အာရပ်ပိုင်နယ်မြေများကို အစ္စရေးတို့က သိမ်းပိုက်ထားလိုက်သည်။

အစ္စရေးနိုင်ငံတောင်ပိုင်း တဝက်ကျော်ကျော်သည် သဲကန္တာရဖြစ်ပြီး ဂျူးတို့က ထိုသဲ ကန္တာရကို နည်းပညာဖြင့် စိုက်ပျိုးမြေဖြစ်အောင်ဖန်တီးပစ်လိုက်သည်။ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး သစ်ခွမျိုးစိပ်များကို အစ္စရေးနိုင်ငံက ပိုင်ဆိုင်ထားပြီး ကမ္ဘာအနှံ့ တင်ပို့ ရောင်းချနေပြီဖြစ်သည်။ ရှောက်နှင့်သစ်သီးမျိုးစုံကို ကမ္ဘာတလွှားသို့ တင်ပို့ရောင်း ချနေကြသည်။ ကမ္ဘာပေါ်တွင် ဂျပန်နိုင်ငံနှင့် အစ္စရေးနိုင်ငံတို့သည် စိုက်ပျိုးရေး နည်း ပညာ အကောင်းဆုံးအမြင့်မားဆုံးနိုင်ငံများပင်ဖြစ်သည်။ စိန်သွေးခြင်းလုပ်ငန်းက လည်း နာမည်ကြီးပါသည်။ အစ္စရေးနိုင်ငံသည် စိုက်ပျိုးရေးတွင်သာ နည်းပညာကောင်းသည် မဟုတ် စက်မှုတိုးတက်မှုကလည်း အံ့မခန်းဖြစ်သည်။ နိုင်ငံရဲ့လူဦးရေ လေးပုံတပုံက စက်မှုလုပ်ငန်းလုပ်ကိုင်နေကြသည်။

အစ္စရေးနိုင်ငံ ပြည်သူ့လွှတ်တော်တွင် အမတ်ပေါင်း (၁၂၀) ရှိပြီး ပြည်သူ့လွှတ်တော်က ခန့်သည့်သမ္မတနှင့် သမ္မတက အစိုးရအဖွဲ့ ဝန်ကြီးများအားလုံးကို ခန့်ထားသည်။ အစ္စရေးနိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ အငြင်းပွါးစရာ လုံးဝမရှိပါ။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံက ပြည်သူတွေလက်ခံဖို့ငြင်းဆန်နေကြသည့် ၂၀၀၈ - ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကြီးကဲ့သို့ အစ္စရေးနိုင်ငံတွင် စာဖြင့်ရေးသား အတည်ပြု ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဟူ၍ လုံးဝမရှိသောကြောင့်ပင်ဖြစ်သည်။ လွှတ်တော် က ပြဌာန်းထားသည့် ဥပဒေများနှင့် အစိုးရအဖွဲ့က ချမှတ်ထားသည့် စီမံကိန်းများဖြင့် သာ တိုင်းပြည်ကို အုပ်ချုပ်လျှက်ရှိပါသည်။

ကမ္ဘာပေါ်တွင် ဂျူးလူမျိုးများသည် စာအဖတ်ဆုံးလူမျိုးများဖြစ်သည်။ ဒီမှာလာပြီး ဂျူးချီးမွမ်းခန်းတွေဖွင့်နေသည်ဟု မထင်လိုက်ပါနှင့်။ ခရစ်ယာန်ဘာသာကို တည်ထောင် သွားသည့် ယေရှုခရစ်တော်က ဂျူးလူမျိုးဖြစ်သည်။ အသက် (၃၀)အရွယ်မှာ တရား စဟောပြီး အသက် (၃၃)နှစ်မှာ အသတ်ခံခဲ့ရသည်။ တရားဟောသက် အချိန်သုံး နှစ်ပဲရှိသည်။ အိုင်းစတိုင်းလ်ကလည်း ဂျူး။ Googleကို တည်ထောင်သူကလည်း ဂျူး။ ဖေ့စ်ဘွက်ခ်ကို တည်ထောင် သူကလည်း ဂျူး။ ပိဋကတ်သုံးပုံ ပါဠိနိကာယ်ကြီးတွေကို တကမ္ဘာလုံးကလူတွေ ဖတ်ရှုလေ့လာနိုင်အောင် အင်္ဂလိပ်ဘာသာနဲ့ ပြန်ဆိုခဲ့သည့် ဘိက္ခုဗောဓိ ဆရာတော်ကြီးကလည်း ဂျူးလူမျိုးပင်ဖြစ်သည်။

မြန်မာဘက်မှာလည်း မင်းကွန်းတိပိဋကဆရာတော်ကြီးရှိသည်။ တိပိဋကဓရဆရာတော် များစွာရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းရှိသည်။ ဦးသန့်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် ရှိပါသည်။ နှစ်နိုင်ငံမတူညီသည့်အရာများကို ဇွတ်အတင်း နှိုင်းယှဉ်နေခြင်းမျိုးလည်း မဟုတ်ရပါလေ။

မြန်မာနိုင်ငံမှာ မဖြစ်မနေဖြေရှင်းရမည့် ပြဿနာပေါင်းစုံရှိပါသည်။ ပြည်တွင်းစစ်တွေ ရှိနေသေးသည်။ အစ္စရေးတို့မှာလည်း ဖြေရှင်းရမည့် အစ္စရေး-ပါလက်စတိုင်းလ်ပြဿနာ တွေ အများကြီးရှိနေသည်။ သို့သော် မတူကွဲပြားမှုလေးတွေတော့ များစွာရှိနိုင်ပါသည်။ မိမိတို့တတွေက ၂၀၀၈-နာဂစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို ပြင်ဆင်ကြဖို့ အပြင်း အထန်ကြိုးစားနေကြသည်ကိုကြည့်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်မရှိသော အစ္စရေး တို့ကတော့ ပြုံးနေမည်လား မတွေးတတ်တော့။ အရေးတော်ပုံ အမြန်အောင်မြင်ပါစေ ဟုသာ ဆုတောင်းနေမိပါသည်။

၁၂၊ ၂၀၊၂၀၁၉